မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 28 May 2014

ပုစွန်ငါးပိချက်.....



ရာသီဥတုက ပူလွန်းတော့ ထမင်းစားမကောင်းတတ်ကြဘူး...(အဟဲ..အဲထဲမှာ ကိုယ်တိုင်တော့မပါဘူး အဲဗားစားကောင်းလို့ ၀ိတ်ထိန်းနေရတယ်)..။ နေ့စဉ်ဟင်းပွဲအတွဲအစပ်လေးမှာ အချဉ်လေးတော့ပါပါစေ..။ ဒါမှ ခံတွင်းမြိန်မှာမဟုတ်လား...။ အချဉ်ဆိုရာမှာလည်း သဘာဝချဉ်ကိုပြောတာနော် ဥပမာ ချဉ်ပေါင်တို့ ကင်မွန်းရွက်တို့ပြောတာ..။ လက်လုပ်ချဉ်များကတော့ ခုလိုပူအိုက်ချိန်မှာ ၀မ်းလျှောမှာကိုတော့ သတိထားရမယ်...။ အချဉ်အကြောင်းပြောပေမယ့် ကိုယ်ခုပြောမှာက ပုစွန်ငါးပိချက်ဟင်းပါ...။ ဒီတစ်ခါ ဈေးထဲက ခါတိုင်းစားနေကျ ဘော့ချိပ်ပုစွန်မဟုတ်ဘဲ ကျော့ပုစွန်လေးအစိပ်သားဝယ်ခဲ့တယ်...။ သူက နဲနဲအကောင်ပိုကြီးပြီးအခွံလေးကြည်ပြီး ချက်လိုက်ရင် အသားနူးညံ့တယ်..ဘော့ချိပ်တို့ ကျားပုစွန်တို့လို မာဆတ်ဆတ်ဖြစ်မသွားဘူး...။ အရသာကတော့ ကျားပုစွန်လိုပဲအတော်ချိုတယ်..။ ချက်နည်းလေးက ခါတိုင်းပုစွန်ဆီပြန်လေးချက်သလိုပါပဲ ငါးပိလေးပဲပိုသွားတယ် ဆိုပါတော့...။ ခရမ်းချဉ်သီးကိုဓါတ်ကျနေလားမသိ..ခုတလော ကိုယ်ဘာချက်ချက် ခရမ်းချဉ်သီးထည့်သုံးနေမိတယ်...။ 

  1. ပုစွန်ဆိတ် အစိပ်သား (အခွံခွာကျောခွဲထား)
  2. ကြက်သွန်နီကြီး နှစ်လုံး
  3. ကြက်သွန်ဖြူ သုံးတက်
  4. ခရမ်းချဉ်သီးနှစ်လုံး(မထည့်လည်းရ)
  5. စိမ်းစားငါးပိ လက်ဖက်ရည်တစ်ဇွန်းမောက်မောက်
  6. ဆနွင်း နဲနဲ
  7. ငရုတ်သီးအရောင်တင်မှုန့် နှစ်ဇွန်း
  8. ငါးငံပြာရည် တစ်ဇွန်း
  9. စပါးလင်တစ်ပင်(မထည့်လည်းရ)
  10. ငရုတ်သီးစိမ်း
  11. ရှမ်းနံနံ နှစ်ပင်
  12. ပင်စိမ်း နှစ်ပင်

ကြက်သွန်ဖြူ နီနဲ့စပါးလင်တွေကို အနှစ်ထောင်းထားပါ...။ ခုချက်ထားတာကတော့ စပါးလင်မရှိလို့ ထည့်မထားပါဘူး...။ ဒယ်ထဲကို ဆီဟင်းခတ်ဇွန်းကြီး တစ်ဇွန်းခွဲထည့်ပြီး ဆီပူလာပြီဆို ထောင်းထားတဲ့ အနှစ်ထည့်ကြော်ပါ...။ အနှစ်လေးမွှေးပြီး ရွှေရောင်စသန်းလာတာနဲ့ နနွင်းနဲ့ ငရုတ်သီးမှုန့် ထည့်ကြော်မယ်..။ ခနလေးမွှေပေးပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့ ခရမ်းချဉ်သီးနှစ်လုံး ထည့် ရေနွေးနဲနဲနဲ့ဖျော်ထားတဲ့ ငါးပိစိမ်းစား ငံပြာရည်ထည့်ကြော်မယ်...။ ခရမ်းချဉ်သီး အရေခြောက်ရင် ပုစွန်ထည့်ပါ...။ ပုစွန်အကွေး ငါးအနွေးတဲ့...။ သိပ်ကြာကြာမကြော်ရပါဘူး..။ ပုစွန်လေးတွေမွှေးပြီး အနှစ်လေးဆီပြန်လာတာနဲ့ ငရုတ်သီးစိမ်း ပင်စိမ်းနဲ့ ရှမ်းနံနံလေးအုပ်လိုက်ပါ...။ ဒါဆို ထမင်းနဲ့အားရပါးရနယ်စားလို့ကောင်းမယ့် ပုစွန်ငါးပိချက်လေးတစ်ခွက်ရပါပြီ...။ ချဉ်ပေါင်းဟင်းချိုပူပူလေးနဲ့ တွဲစားပါလေ...။

မိုးငွေ့

1 comment:

စံပယ်ချို said...

ပုဇွန်ဟင်းလေးစားချင်တယ်သာမီးရေ