မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 31 May 2013

အိမ်လုပ်ရေခဲချောင်း+အုန်းသီးထန်းသီးကျောက်ကျော


စီးတီးမတ်မှာ ရေခဲချောင်းလုပ်တာလေးတွေ့လို့ ၀ယ်ခဲ့တယ်...။ အိမ်မှာရှိတဲ့ ဖျော်ရည်တွေ ကော်ဖီတွေနဲ့အရင်စမ်းလုပ်ကြည့်တာလေးကို လာကြွားတာပါ..။ လီမွန်ဖျော်ရည် ရယ်ဒီမိတ်ထုတ်လေးက ၁၈၀၀/- တန်ဆိုင်က၀ယ်ခဲ့တာ အထဲမှာ တခါသုံးအထုပ်လေးတွေ သုံးထုပ်တွဲ ငါးတွဲပါတယ်...။

ကော်ဖီ+လီမွန် ရေခဲချောင်း

အုန်းစိမ်းကျောက်ကျော


အုန်းစိမ်းဂျယ်လီလေးကို April လထုတ် Food Magazine ဖတ်ပြီးကတည်းက လုပ်စားချင်နေတာ အုန်းသီးနုနု ဇွန်းခြစ်က ဒီမှာရှားတယ်... အုန်းစိမ်းလှည်းတွေလာရောင်းရင်လည်း နုတယ်ဆိုတာ အသားကတော်တော်မာနေတယ်...။ ခုလည်း ရုံးက ညီမလေးတွေကို အုန်းစိမ်းရရင် ၀ယ်ပေးထားပါ ကျောက်ကျောလုပ်ကျွေးမယ်ပြောလို့ တစ်ရက်မှာ လမ်းထိပ်က တစ်ထောင်ဖိုးသုံးလုံး အုန်းစိမ်းကိုဝယ်ချလာလိုက်တာ ဇွန်းခြစ်မဟုတ်ဘဲ အသားတွေကမာနေပြီ...။ ဒါနဲ့မထူးဘူး ၀ယ်လာလက်စနဲ့တော့လုပ်လိုက်ပါ့မယ်လို့ အုန်သီးသုံးလုံးကရတဲ့ အရည်နဲ့ အဖတ်ကို ခွဲပြီးယူသွားလိုက်တယ်..။ အိမ်ရောက်တော့ ထုံးစံအတိုင်းပေါ့ကိုယ်က ၀ါသနာပါတော့ အမောဖြေဖို့ဘာဖို့ကို သိပ်သတိမရတော့ဘူး အိတ်ချပြီးတာနဲ့ မီးဖိုထဲတန်းဝင်လိုက်တာ...။ အုန်းရည်သုံးလုံးက ကျောက်ကျောလုပ်ဖို့ ခွက်နဲ့ချိန်လိုက်တော့ တစ်လီတာထက်နဲနဲပဲပိုတယ်...။ သကြားကို recipe ထဲကထက် ငါးဇွန်းလျှော့ထည့်ထားတယ် ..။ အုန်းရည်ကလည်းချိုပြီးသားလေ...။ အုန်းရည်ထဲကို သကြားဆယ်ဇွန်း ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ကျောက်ကျောအမျှင် 350 g ပါတာ တစ်ဝက်တိတိကို ကျောက်ကျောရော သကြားပါပျော်တဲ့အထိဆယ်မိနစ်လောက်ကျိုပေးရပါတယ်...။ အဆက်မပြတ်မွှေပြီးရလာတဲ့ ကျောက်ကျောရည်ကို..  အုန်းသီးဖတ်တွေဖြန့်ခင်းထားတဲ့ကိုယ်ထည့်မယ့် ခွက်(သို့)ဗန်းထဲကို လောင်းထည့် အအေးခံပြီး ရေခဲသေတ္တာထဲ မိနစ်နှစ်ဆယ် နာရီဝက်ထားပြီး စားလို့ရပါပြီ...။


အုန်းရည်နံ့လေးမွှေးတဲ့ အုန်းသီးကျောက်ကျောလေး

ထန်းသီးကျောက်ကျော

 ဖန်သားရောင်စုံပန်းကန်လေးတွေမလှဘူးလား.. Ruby Mart က၀ယ်ထားတာ

 ကျောက်ကျောရည်မလောင်းခင် ထန်းသီးနုနုလေးတွေကို 
စိတ်လက်ရှည်စွာအခွံခွာပြီးပါးပါးလှီး ဗန်းထဲဖြန့်ခင်းထားတာ

အုန်းသီးစိမ်းနုနုလေးတွေမရလို့ ထန်းသီးလေးတွေ့တုန်း လုပ်ကြည့်မယ်ဆိုပြီး တစ်ထောင်ဖိုးဝယ်ခဲ့တာ တစ်ဗန်းစာ ကွက်တိရတယ်...။ ထန်းသီးဖတ်လေးတွေ သေးသေးစိပ်ထားတာကို ဗန်းထဲဖြန့်ခင်းထားတယ်...။ ရေတစ်လီတာ+တယ်လီဖုန်းကျောက်ကျောအထုပ်တစ်ဝက်+သကြား ဆယ်ဇွန်း ။ အချိုပေါ့လုပ်ထားတာပါ...။

 ကျောက်ကျောလုပ်နည်းလေးတွေအတွက် အိမ်ရှင်မ ညီမနှစ်ယောက်ကိုကျေးဇူးတင်ပါတယ်
 Credit to sis Evy (Evy's Food lover) and Wut Yee Food House..

မိုးငွေ့

Wednesday, 29 May 2013

အပြင်စာ....

အရင်လို အပြင်စာတွေ ထွက်မစားဖြစ်တာကြာပြီ... နဲနဲ ၀ိတ်လျှော့ထားတာလည်းပါသပေါ့...။ ပိုက်ပိုက်စုနေတယ် သများတွေလို ဟိုနိုင်ငံသွားလည် ဒီနိုင်ငံသွားလည်ချင်ထှာလေ...။ လာမယ့်နှစ်တော့ ရအောင်သွားလည်မယ်လို့အားခဲထားပါတယ်...။ ဒီအာရှတခွင်ပဲပေါ့...။

Junction Square က ၀ိုင်ကေကေအိုကြေးအိုး  ချားကြပါအူး

Junction Square ရေပလ္လင်လက်ဖက်ရည်ဆိုင်က နံရိုးပေါင်းကော်ရည် ငပိထောင်းစပ်စပ်နဲ့ ဂွတ်မှဂွတ်ပဲ

ဒါက Parkson ကုန်တိုက်အသစ်ဖွင့်တယ် အရင် စကော့ဈေးဘေးက FMI မှာ အပြင်ဒေါင့်က ကော်ဖီဆိုင်လေး Baa Boom တဲ့ ဆိုင်နာမည်က ကော်ဖီ မုန့်အကုန် ဒေါ်လာနဲ့တွက်တယ်.. သူ့ Ice Latte က ဘာမရသာမှမရှိ သကြားတောင်းထည့်လဲ ဘာမှမပြောင်းလဲလာဘူး ဒါနဲ့ ဒီတိုင်းသောက်လိုက်ရတယ်...။ အဲနေ့က ကော်ဖီသုံးခွက်နဲ့ရေသန့်တစ်ဗူးကို တစ်သောင်းတစ်ထောင်ကျတယ်...။

မိုင်ဖေးဗရိတ်ကတော့ Cafe Aroma(ရန်ကင်းစင်တာ) ပဲ ဘယ်မှာဆိုင်အသစ်ဖွင့်ဖွင့် သူ့ကော်ဖီအရသာလောက်ကိုမကြိုက်တာ.. မိုခါးကိတ်+လက်တေးအအေး
ဘယ်မှသွားစရာမရှိရင် ရန်ကင်းစင်တာက Aroma မှာသွားထိုင်တတ်တယ် 

Junction Square ကကော်ဖီဆိုင်တစ်ခုပဲ နာမည်မေ့သွားတယ်

 
  Moon Bakery ငါးလက်ချောင်းကြော်....(မဆိုးပါဘူး စားကောင်းတဲ့အထဲပါပါတယ်)


စမ်းချောင်းမဟာမြိုင်မှာ... Moon Bakery ဆိုင်အသစ်ထပ်ဖွင့်ပါတယ်...။ ပြည်လမ်းနဲ့ မဟာမြိုင်လမ်းဒေါင့်မှာ နှစ်ထပ်တိုက်လေး...။ အပြင်အဆင်က မဆိုးပါဘူး...။ ဒါပေမယ့်အတွင်းပိုင်း အထားအသိုလေးကြောင့် စားပွဲဝိုင်းတွေက ဆန့်သင့်သလောက်မဆန့်ဘဲ နေရာလွတ်တွေနဲ့ ကိုးလိုးကန့်လန့်တော့နိုင်တယ်လို့မြင်တယ်...။ ထုံးစံအတိုင်းလူတွေကလဲ ဆိုင်အသစ်ဆို ရောက်ဖူးချင်တာနဲ့ မြည်းစမ်းချင်တာနဲ့ (ကိုယ်လဲအဲထဲပါလို့ ရောက်သွားခဲ့တာ)။ တကယ်တမ်း မှန်မှန်ကန်ကန်ဝေဖန်ရမယ်ဆို Moon Bakery ဆိုတာ ဆိုင်အပြင်အဆင် အစားအသောက်စုံစုံလင်လင်နဲ့ ထိုင်လို့ကောင်းတဲ့ဆိုင်မို့ လူဝင်တယ်...ဒါပေမယ့် အစားအသောက်က အဲလောက်ကြီးလဲ မဟုတ်ဘူး...။ လူငယ်အကြိုက် အရှင်းဆုံးပြောရရင် စုံတွဲတွေအကြိုက်...။ ခုဖွင့်တဲ့ဆိုင်အသစ်ကတော့ serving ပိုင်းမှာတော်တော်လေး လိုအပ်နေတာတွေ့ရတယ်...။ စားပွဲထိုးကောင်လေး အသစ်လေးဖြစ်မှာပါ... မီနူးမှာပါတဲ့ ဟင်းပွဲနာမည်တွေ သူမသိဘူး...။ ပုံကိုလက်ညိုးထိုးပြတာတောင် သူမှန်အောင်လိုက်မမှတ်နိုင်ဘူး အဲလိုပေါ့...။ ဒါက ဒီဖက်မှာ ကိုယ်တို့ မြန်မာပြည်မှာ ဖြစ်နေကျပုံစံပါ ..။ ဆိုင်အသစ်ဆို လူက ပျာများပြီး ဘာမှမလုပ်တတ်ကြတော့ဘူး။ တကယ်ဆို ၀န်ထမ်းတွေကို သုံးလကြိုတင် သင်တန်းမပေးသင့်ဘူးလား...။ ခုလိုနာမည်ရစားသောက်ဆိုင် တစ်ခုအနေနဲ့ ပိုလို့တောင်လုပ်သင့်ပါတယ်...။ မန်နေဂျာဆိုတဲ့ ငနဲကလဲ လက်ကလေးနောက်ပစ်ပြီး လိုက်ကြည့်နေတာပဲရှိတယ်။ ဘယ်နေရာဘာလိုလဲ customer တွေဝင်လာရင် ဘယ်လို ကောင်းအောင် နေရာပေးစီစဉ်ရမလဲ သူလိုက်ကြည့်နေရမှာလေ သူကိုယ်တိုင်လုပ်စရာမလိုဘူး..။ စားပွဲထိုးလေးတွေကို ခိုင်းရုံလေးပဲ..။ ခုတော့ တခါမှာဖို့ကို ထိုင်ခုံကနေသူတို့ကိုမျှော်ရတာ ဆယ်မိနစ်လောက်ကြာတယ်...။ မှာပြီး ဟင်းပွဲတွေတော့ရောက်လာတာမြန်ပါတယ်..။ ဟော ...စားပြီးတော့လဲ သူတို့ကို ဘေလ်ရှင်းဖို့ခေါ်ရတာလဲ တော်တော့်ကိုကြာပြန်တယ်..။ တော်ပြီ ဒီဆိုင် ဒါနောက်ဆုံးပဲ နောက်လာမစားတော့ဘူးလို့ ဆုံးဖြတ်ဖြစ်ရော...။ အစားအသောက်မကောင်းလို့မဟုတ်ဘူး ဆားဗစ်လိုတာ အဲလိုပေါ့။ စားသုံးသူစိတ်ကွက်သွားတာမျိုး ဆိုင်ဖွင့်မယ်ဆို ထည့်စဉ်းစားရမယ့် အဓိကအချက်ထဲမှာပါတယ်...။

မြေအိုးဝက်နံရိုးထမင်း (နံရိုးကရှယ်နံရိုးမဟုတ်တော့ အသားမတွေ့ဘဲ အရိုးချောင်းကြီးက အကြီးကြီး)

ဝက်နံရိုးမြေအိုးထမင်းနဲ့ ကော်ဖီဖရို့စ်တဲ့

ကိုယ်တော့ သူ့ဆိုင်မှာ စားနေကျအတိုင်းပဲ ကွေ့သယိုသုပ်ပဲမှာတယ် ဒါပဲကြိုက်လို့ (အဲဒီကွေ့သယိုလို့ပြောတာကို စားပွဲထိုးကောင်လေးက နားမလည်လို့ မီနူးကိုလက်ညိုးထိုးပြီး စားလုံးပေါင်းသေချာမှတ်ခိုင်းရသေးတယ်)

စတော်ဗယ်ရီဒိန်ချဉ်ဆိုပြီးမှာလိုက်တာ ရောက်လာတော့ စတော်ဗယ်ရီမေ့လ်ရှိတ်နဲ့ ဘာမှမထူးဘူး...
နောက်မှ ကိုယ် Feel မှာ သောက်နေကျ စတော်ဗယ်ရီဒိန်ချဉ်လေးတင်ပေးဦးမယ်...


ဒါကတော့ နိုင်ဂံဂျားကပန်လာတဲ့ အဒေါ်ဆီကရတဲ့ လက်ဆောင်
လေဒီရှူးနီနီလေးနဲ့ ရေမွှေးတွေ

ဒါလည်းချစ်လှစွာသော အဒေါ်ပေးတာပါပဲ ကိုယ်က cutting ကြီးရင် 38 စီးတယ် သေးရင် 39စီးတယ် အဖြူရောင် 37 ကညီမလေးအတွက် မိုးတွင်းစီးဖို့မပူရတော့ဘူး...


မိုးငွေ့

 

Monday, 27 May 2013

မိုးစက်အောက်က ပန်းကလေး.....



မိုးတွေရောက်လာခဲ့ပြန်ပြီအိန်ဂျယ်……..ဒါပေမယ့် အေးမြမှုတွေက ပျောက်ဆုံးနေကြတယ်….။ 

မိုးတွေရောက်လာချိန်မှာ မင်းဘာလုပ်နေခဲ့သလဲ….။ မင်းရုံးခန်းအပြင်ဖက်က ကွင်းပြင်ကိုပြေးပြီး ကြိုဆိုလိုက်သလား… ဒါမှမဟုတ် အိမ်မှာရှိနေလို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ ဘောလုံးဆင်းကန်နေခဲ့သလား….။ အိမ်ရှေ့ထွက်ပြီး မိုးစက်တွေကို ခပ်ငိုင်ငိုင်ကလေး ငေးမိနေခဲ့သလား…။

ကိုယ်ကတော့ မိုးကိုသံစဉ်တစ်ခုလိုနားထောင်ရင်း စကားလုံးတွေသီနေခဲ့တယ်…….။ ညနေ ထီးကလေးစောင်းပြီး မိုးရေထဲကနေ အိမ်ပြန်ခဲ့ရတာကို ပျော်နေခဲ့တယ်… မင်းကိုလည်း သတိရင်းနဲ့လေ…။

သနပ်ခါးရေကျဲခပ်ပါးပါးလေးလိမ်းနေရင်းနဲ့ “မမ သနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး”လို့ ပြောခဲ့တဲ့ မင်းကို သတိရသွားတယ်…။ ခုချိန်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကိုယ့်ကိုမြင်တွေ့ခွင့်ရရင်… “မမပါးပြင်က သနပ်ခါးလေးနမ်းမွှေးကြည့်စမ်းချင်ရဲ့”လို့ မင်းပြောလေမလား အိန်ဂျယ်… ဟင်…။ 

ပခုံးကျော်နေပြီဖြစ်တဲ့ ဆံနွယ်တွေကို ဖီးရင်းလည်း မင်းကို သတိရတယ်….။ ကိုယ်ဆံပင်ညှပ်လိုက်တုန်းက “ဘာပုံကြီးမှန်းလည်းမသိဘူး”လို့ မျက်မှောင်လေးကျုံ့ပြီး အလိုမကျဖြစ်နေတဲ့ မင်းကို မြင်ယောင်မိသွားခဲ့တယ်…။ ဘာကြောင့် မင်းတို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို ဆံပင်ရှည်မှ ကြိုက်ကြတာလဲ….။ ဆံပင်ရှည်လေးနဲ့ဆို ယဉ်တယ် မိန်းမဆန်တယ်လို့မြင်ကြ လို့မဟုတ်လား….။ ကိုယ်ကတော့ မိန်းမမဆန်တဲ့ မိန်းမတစ်ယောက်ပါ….။

နေ့လည်တုန်းက ဓါတ်ပုံအဟောင်းတွေပြန်ကြည့်ရင်းနဲ့ ကျောလည်ကျော်ကျော်အထိနွယ်ခွေကျနေတဲ့ ကိုယ့်ဆံပင်တွေကိုမြင်ရတော့ ညှပ်ပစ်ခဲ့မိတာကို နောင်တရမိသလိုလိုခံစားမိသွားသေးခဲ့တယ်….။ 

မိုးဦးရဲ့ မိုးစက်ပေါက်အေးတွေအောက်မှာ… ယိမ်းနွဲ့နေတဲ့ ပန်းကလေးတွေ မင်းဆီကို ရနံ့တချို့ သယ်ဆောင်လာလိမ့်မယ်…. မိုးကိုမြင်လို့ မင်းသာ ကိုယ့်ကို သတိရလွမ်းဆွတ်ခဲ့ရင်ပေါ့..အိန်ဂျယ် …..။

မိုးငွေ့


Saturday, 25 May 2013

ကဆုန်လပြည့်နေ့မှာ သက်သတ်လွတ်စားဖြစ်တယ်.....


ကဆုန်လပြည့် ညောင်ရေသွန်းပွဲမှာ ညောင်ရေသွားမသွန်းဖြစ်ပေမယ့် အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်တွေကို ရေသပ္ပါယ် ရောင်တော်ပွင့် လုပ်ဖြစ်ခဲ့တယ်... ကိုယ်မိန်းမမဆန်ဘူးဆိုတာတွေ့ပြီလား ဘုရားပန်းအိုးကိုလှအောင်လုံးဝမထိုးတတ်ဘူး။ အိမ်မှာကိုးကွယ်တဲ့ ဘုရားဆင်းတုတော်က အိမ်ပြောင်းကတည်းက ဦးလေးကပေးလို့ ပင့်ပြီးပူဇော်ထားခဲ့တာ..။ သစ်မွှေးနဲု့ထုလုပ်ထားတဲ့ဆင်းတုတော်လေးပါ....။ အခုရေသပ္ပါယ်တော့မှတွေ့တယ် ညာဖက်အောက်ခြေလေးက သစ်သားလေးနဲနဲအက်နေတယ်...။ အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်တွေ အဲလိုအက်ရင် မထားကောင်းဘူး အိမ်ခိုက်တယ်လို့ပြောတာကြားဖူးတယ် ဟုတ်လားတော့မသိဘူး ကိုယ်ကတော့အယူမသီးတတ်ပါဘူး...။


 သတ်သတ်လွတ်မို့ မနက်စာကို အိမ်မှာ ကိုယ်တိုင်လုပ် အာလူးဟင်းနဲ့ချပါတီရယ် နွားနို့(သကြားမပါ)ပူပူလေးတစ်ခွက်ရယ်



ချပါတီလုပ်ရတာ ဒီလောက်လွယ်ကူမှန်းမသိဘူး.. လုပ်နည်းလေးကို viedojug.com က ဗီဒီယိုကလစ်လေးမှာ သွားကြည့်ထားတာ...။ ချပါတီ ဂျုံလုံး လေးယောက်စာအတွက် ဂျုံနှစ်ခွက် ရေတစ်ခွက် 3/4 ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ဆီလက်ဖက်ရည်သုံးဇွန်းပဲလိုပါတယ်...။ ပထမဆုံး ဇလုံသန့်သန့်တစ်ခုထဲကို ဇကာစစ်ထားတဲ့ ဂျုံနှစ်ခွက်ထည့် ဆားထည့်ပြီး လက်နဲ့နဲနဲမွှေလိုက်တယ် ပြီးရင် ဆီကိုဂျုံပတ်ပတ်လည်ဝိုင်းထည့်ပြီး လက်နဲ့ ဖျစ်ပြီးနယ်မယ် ရေကိုတဖြေးဖြေးချင်းထည့်ရင်းနဲ့နယ်သွားမယ်..။



ဂျုံသားတွေလုံးဝ နူးညံသွားသည်အထိ လက်ဖနောင့်နဲ့နာနာနယ်ပေးပြီး မိနစ်နှစ်ဆယ်လောက် အဖုံးအုပ်ထားပါတယ်...။ ဂျုံမုန့်သားနှပ်ထားချိန်မှာ အာလူဟင်းချက်ဖို့ပြင်ပါမယ်..။


 နှပ်ထားတဲ့ဂျုံလုံးကို ခပ်ရှည်ရှည်လေးလှိမ့်ပြီး အလုံးလေးတွေလေးလုံးအညီအမျှ ခွဲပြီး ဂျုံမှုန့်နဲ့လူး သစ်သားဒလှိမ့်နဲ့ ၀ိုင်းနေအောင်အပြားလေးလှိမ့်ပေးပါတယ်...။



ဒယ်ပြားပူပူမှာ ဂျုံပြာဝိုင်းကိုထည့်ကြော်မယ် အိုးမကပ်တဲ့ယောင်းမပြားနဲ့ မုန့်လေးကိုတဖက်ဖိလိုက်ရင် တစ်ဖက်က အပူကြောင့်ဖေါင်းတက်လာလိမ့်မယ် တစ်ဖက်ဆီဖိပြီးရင် နောက်တစ်ဖက်လှန်ပြီး ဆီနဲနဲသုတ်ပေး မုန့်ကျက်တဲ့အထိတဖက်တချက်လှန်ပြီး ဖိကြော်ပေးရပါမယ်...။


ရလာတဲ့မုန့်တွေကို တနေကုန်စားမယ်ဆိုရင် များများကြော်ပြီး အိုးထဲ ဆီစုတ်စက္ကူခံပြီး အဖုံးအုပ်သိမ်းထားလို့ရပါတယ်...။



အာလူးဟင်းအတွက် အာလုံးအကြီးနှစ်လုံးကိုသေးသေးစိပ်ထားတာရယ် အနှစ်အတွက် ကြက်သွန်နီအကြီးတစ်ဥနဲ့ အဖြူလေးမွှာကိုထောင်းထားတာရယ် အမွှေးအကြိုင်များဖြစ်ကြတဲ့ ကရဝေးရွက် လေးညှင်း ဖာလာ နံနံစေ့ နနွင်း မဆလာတို့လိုအပ်ပါတယ်..။ ဆီဟင်းခတ်ဇွန်ကြီးတစ်ဝက်ထည့်ပြီး ပူလာရင် မဆလာနဲ့နနွင်းကလွဲလို့ ဟင်းခတ်အမွှေအကြိုင်တွေကို အရင်ထည့်ကြော်ပါတယ် မွှေးလာရင် ကြက်သွန်နှစ်ထည့်ကြော်  ကြက်သွန်ဝါရောင်သန်းလာတော့မှာ နနွင်းနဲ့ အရောင်လိုချင်ရင် အရောင်မှုန့်နဲနဲခတ်ထည့်ပါ...။  အနှစ်မွှေးလာပြီဆို အာလူးထည့်မွှေပြီး ရေကိုလိုသလောက်ထည့်ပြီးနှပ်ထားပါမယ်...နှပ်ထားချိန်မှာ ဆား အချိုမှုန့်ထည့်မယ်..။ အာလူးနှူးပြီး အိုးချခါနီး (ချပါတီနဲ့စားမှာဆိုတော့ ရေလေးချန်ထားတယ်) မဆလာအုပ်လိုက်တယ်...။
 မဆလာနံ့မွှေးနေတဲ့သက်သတ်လွတ်အာလူးဟင်း


ကဆုန်ညောင်ရေသွန်းပွဲပိတ်ရက်လေးမှာ အားလုံး ကုသိုလ်ယူ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။
ပို့စ်လေးက မနေ့ကတည်းကတင်နေတာ လိုင်းမကောင်းလို့ ဒီနေ့မှတက်သွားတယ်...။

မိုးငွေ့


Wednesday, 22 May 2013

ကြက်ဥအသားပေါင်း+ကြက်သားငှက်ပျောဖက်ပေါင်း

 
ဝက်သားကြက်ဥပေါင်း


မိုးလဲအေးလာပြီဆိုတော့ ပူပူနွေးနွေးဟင်းတွေဖြစ်တဲ့ အပြုတ်တွေ အပေါင်းတွေလုပ်စားကြတာပေါ့...။ ဒီကြက်ဥပေါင်းနည်းလေးက တော်တော်ကိုလွယ်ပါတယ်...။ အသားကတော့ဝက်သားမစားသူတွေအတွက် ကြက်သားနဲ့လည်းပေါင်းနိုင်ပါတယ်...။ ၀က်သားကြိတ်သား 100ဂရမ်ထဲကို လက်ဖက်ရည်ဇွန်းချိန်တွေနဲ့ ဟင်းခတ်မှု့န်တစ်ဇွန်း ပဲငံပြာရည်ကြည်နှစ်ဇွန်း ငရုတ်ကောင်းတစ်ဇွန်း ပြောင်းမှုန့်တစ်ဇွန်း ဆားနဲနဲနဲ့ တရုတ်နံနံပင် တစ်စည်းကို နုတ်နုတ်စင်းပြီး အားလုံးရောနယ်ထားပါ...။ နောက်ပန်းကန်အလွတ်တစ်ခုမှာ ကြက်ဥနှစ်လုံးကို ဆားနဲနဲနဲ့ ငရုတ်ကောင်းထည့်ပြီး စက္ကန့်နှစ်ဆယ်လောက် ခရင်းနဲ့နာနာခေါက်ပေးပါ။ ကြက်ဥနှစ်လုံးဆိုရင် ရေက တစ်လုံးစာရောပေးရပါတယ်...ပြီးနောက် နှပ်ထားတဲ့ အသားနဲ့ရောမွှေပြီး... ဆူတောင်တည်ထားတဲ့ ပေါင်းချောင်အိုးထဲ မိနစ်နှစ်ဆယ်လောက်ပေါင်းရင်ရပါပြီ..။ ကြက်ဥကျက် မကျက်ကို ဓါးဦးချွန်လေးနဲ့ထိုးကြည့်လို့ ကြက်ဥနှစ်ကပ်ပါမလာရင် ရပါပြီ..။


Film Wrap နဲ့ ပေါင်းအိုးကချွေးရေမကျအောင်ပိတ်ပြီး ပေါင်းပါမယ်



 
ကြက်သားငှက်ပျောဖက်ပေါင်းထုပ်


အရင်တစ်ခါတင်ဖူးခဲ့ပါတယ်...ဒီမှာပါ...။ အဲတုန်းက ၀က်သားနဲ့လုပ်ခဲ့တာ...။ အခုကြက်သားကိုလည်း ထည့်မယ့်အစာပလာတွေက အရင်နည်းအတိုင်းပါပဲ...။ ရှမ်းပြည်မှာ ဆောင်းတွင်းမနက်တွေ ကောက်ညှင်းပေါင်းရောင်းတဲ့ဆိုင်တွေမှာ ရှမ်းငှက်ပျောဖက်ထုပ် အသားပေါင်းကို ရနိုင်ပါတယ်...။ ၀က်သား ကြက်သား အပြင် ငါးနဲ့ ငါးဥတွေကိုလည်း အခုလို ဖက်နဲ့ထုပ်ပြီးပေါင်းစားကြပါတယ်...။ စပါးလင်းနံ့နဲ့ ငှက်ပျောဖက်နံ့မွှေးပြီး ငရုတ်သီးစိမ်းစပ်စပ်နဲ့မို့ စားလို့သိပ်ကောင်းပါတယ်...။ ကိုယ်တို့ငယ်ငယ်တုန်းကတော့ မနက်စောစော ကောက်ညှင်းပေါင်းကို ၀က်လက်အေး(၀က်သားကိုဆားနနွင်းဂျင်းငရုတ်သီးစိမ်းခွဲခြမ်းနဲ့ပြုတ်ပြီး အခဲလုပ်ထားတာ ဆောင်းတွင်းမှာပဲ အဲဒါမျိုးလုပ်ရောင်းပါတယ်)၊ ၀က်သားပေါင်း ကြက်သားပေါင်း ငါးဒုက္ခနဲ့စားခဲ့ကြရတာလေ...။

 

  မနက်စာ ကောက်ညှင်းပေါင်းနဲ့ ကြက်သားငှက်ပျောဖက်ပေါင်းထုပ်

ကောက်ညှင်းကို ပြားနေအောင်လက်ဖနောင့်နဲ့ဖိ ဒါမှမဟုတ် ဆုံထဲထည့်ထောင်းပြီး ဆီဆားလူး ဒယ်ပူပူမှာ အိုးကပ်ကြော်ထားတာနဲ့ ကြက်သားပေါင်းကို ဖွပြီး ကြက်သွန်ဖြူဆီချက်ဆမ်းနဲ့စားတာ သိပ်ကောင်းပဲ...။

မိုးငွေ့


Tuesday, 21 May 2013

မိုးသည်းည ပုံပြင်......


တကယ်ဆို သူ့ကို ကိုယ်စကားမပြောတာ တစ်ပတ်တိတိရှိခဲ့ပြီ.....။

သူက ကားမောင်းနေရင်းနဲ့ကိုယ့်လက်ဖ၀ါးထဲကို တစ်ခုခုထည့်ပေးလိုက်တယ်...။
ကိုယ်သိပ်ကြိုက်တဲ့ Vic ပူရှိန်းသကြားလုံးလေးပါ...။ သူကလေ အဲလိုပဲ သူ့ကို စိတ်ကောက်နေတဲ့ ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတာ မသိချင်ဟန်ဆောင်ပြီး အကြာကြီးနေနေတတ်လွန်းတယ် ပြီးတော့မှသာ ကိုယ်သတိမထားမိတဲ့အချိန်ကျမှ ကိုယ်မထင်မှတ်ထားတဲ့ အပြုအမူမျိုး ကိုယ်ကြိုက်နှစ်သက်တတ်တဲ့ အရာလေးတွေနဲ့ မသိမသာပြန်ချော့တတ်တယ်....။

သူကိုယ့်ကိုဆူတယ်ဆိုတာလည်း ကိုယ်နဲနဲလွန်သွားလို့လည်းပါပါတယ်...။ သူ့စာကြည့်စားပွဲပေါ်က ရိုးရိုးစက္ကူအဖုံးလေးနဲ့(နေ့စဉ်မှတ်စုစာအုပ်လေးနဲ့မတူတဲ့)စာအုပ်ကို လှန်ကြည့်မိလို့ပါ...။ ဘာမှတောင်မမြင်လိုက်ပါဘူး..။ ကိုယ့်စိတ်ထဲ ၀တ္ထုစာအုပ်ဟောင်းတခုခုအမှတ်နဲ့ ယူကြည့်လိုက်တာပါပဲ..။ သူကကိုယ့်ကို သူ့ကိုယ်ရေးကိုယ်တာကို စွတ်တယ်ဆိုပြီး လေသံမာမာနဲ့ပြောလွှတ်လိုက်လို့ သူ့ကို ကိုယ်စကားမပြောပဲကောက်နေခဲ့တာ...။ ဒီညနေ ကိုယ်ပန်းပင်ရေလောင်းနေတုန်း မေမေ့ကို သူတစ်ခုခုပြောနေတာတော့တွေ့လိုက်တယ်...။ နောက်တော့မှ ပန်းချီပြပွဲသွားဖို့လာခေါ်တာတဲ့...။ 

ပန်းချီပြပွဲဆိုတာ ကိုယ့်ဘာသာကိုယ်ဆို တခါမှသွားကြည့်လေ့ကြည့်ထမရှိပါဘူး....။ ကန်ရေပြင်နဘေးက ခန်းမတစ်ခုမှာ ညနေခင်းဆည်းဆာအချိန်မှာလုပ်တဲ့ ပွဲလေးလည်းဖြစ်တာမို့ တခြားပြပွဲတွေနဲ့ အချိန်ရော ခံစားမှုအရသာပါ ကွဲလွဲနေတယ်...။ ပန်းချီအကြောင်း ဘာမှသိပ်မသိတဲ့ ကိုယ့်အဖို့ သူကြည့်တဲ့နောက် တစ်ကောက်ကောက်လိုက်ရင်း သူကြိုက်တတ်တဲ့ ကားတွေမှာ ပန်းချီဆရာက အရောင်ကိုဘယ်လို သုံးထားလဲ ဘယ်လိုမက်ဆေ့ခ်ျပေးထားသလဲ ဘယ်လိုခံစားမှုလေးကို ရစေသလဲဆိုတာမျိုးသူရှင်းပြမှသာ ပန်းချီကားတွေကိုကြည့်ရတာ အသက်ဝင်သွားတော့တယ်...။

အပြန်မိုးဦးမိုးက ဘာမှအရိပ်မှ မပြပါဘဲ သည်းကြီးမဲကြီးရွာချပါလေရော...။ ကားပါကင်နဲ့ သိပ်မဝေးလှပေမယ့် သူကိုယ့်လက်ကိုဆွဲပြီး ကားဆီပြေးတော့ ကားပေါ်အရောက်မှာ နှစ်ယောက်သား တော်တော်တော့ စိုနေခဲ့ပြီ။ သူက ကားစက်နှိုး အသက်ရှုမကျပ်အောင် လေအေးစက်ကို ခပ်ဖျော့ဖျော့ပဲဖွင့်ထားပြီး သူပါလာခဲ့တဲ့ မွှေးပွလက်ကိုင်ပုဝါလေးနဲ့ ကိုယ့်ဆံပင်တွေကိုသုတ်ပေးနေတယ်...။ သူ့မျက်လုံးတွေကို ကို်ယ်ခိုးကြည့်နေတာ... သူ့မျက်လုံးတွေမှာ ဘာအရောင်အဆင်းမှမရှိ ပကတိအတိုင်း ကြည်လင်သန့်ရှင်းလို့...။ ကိုယ့်ကို ကလေးတစ်ယောက်လို သူ့ညီမလေး တစ်ယောက်လိုပဲ ပြုစုယုယနေတာပါ...။ အဲဒါလေးတွေကြောင့်ပဲ သူ့ကို ကိုယ်တစ်နေ့တစ်ခြား ပိုပိုပြီး လေးစားတွယ်တာလာခဲ့ရတာပါ....။ 

အိမ်မပြန်ခင် ကိုယ်တို့ ကော်ဖီဆိုင်တစ်ခုမှာ ညစာအတူစားဖြစ်ခဲ့ကြတယ်.....။ ကိုယ့်ကို ညအိပ်မပျော်မှာစိုးလို့ဆိုပြီး ကော်ဖီမမှာပေးဘဲ Hot Chocolate တစ်ခွက်မှာပေးပါတယ်..။ အဲလိုလေး သူက လူတစ်ဖက်သားကိုတော့ အမြဲဂရုတစိုက်ရှိတတ်တဲ့သူ...။ သူတကယ်ပဲ မသိလေသလား သူ့ရဲ့ အပြုအမူတွေ အမှတ်တမဲ့လုပ်ရပ်လေးတွေဟာ တဖက်သားကို တိတ်တခိုးစွဲလန်းစေခဲ့တယ် ဆိုတာ..... နုနု နယ်နယ်ကောင်မလေး တစ်ယောက်ရဲ့ နှလုံးသားမှာ သေရာပါအထိစွဲထင် ကျန်သွားနိုင်ခဲ့တယ်ဆိုတာ သူတကယ်မသိတာလား....။ 

အပြင်မှာတော့ မိုးကဟန်မပျက် သည်းနေဆဲပဲ....။ ခုလို မိုးသည်းညမှာ သူ့ရင်တွင်းခံစားချက်လေးကို ပုံပြင်တစ်ပုဒ်လို နားထောင်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ ကိုယ်မချင့်မရဲတွေးမိသေးတယ်...။ ကိုယ်ကသာတောင်းတနေမိ တာပါ သူရင်ဘတ်ထဲမှာ ဗလာဟင်းလင်းလဲဖြစ်နေနိုင်သေးတာပဲလေ....။

မီးရောင်မှိန်မှိန်အောက်မှာ ကိုယ့်ကို စိတ်လက်ရှည်စွာ အသားတုံးတွေကို ဇွန်းနဲ့ဓါးနဲ့လှီးပေးနေတဲ့ သူ့လက်ဖမိုး အကြောစိမ်းမြမြတွေ မွှေးညှင်းနုတွေက ထင်းခနဲပဲ...။ ကြီးမားကျယ်ပြန့်တဲ့ နွေးထွေးတဲ့ သူ့လက်ဖ၀ါးတွေနဲ့ ကိုယ့်တစ်ဘ၀လုံးကို အုပ်မိုးကာကွယ်ပေးရင်သိပ်ကောင်းမှာပဲလို့ တဒင်္ဂအတွင်းမှာ စိတ်ကူးကလည်း ယဉ်ပစ်လိုက်သေးတယ်...။ အို...ကိုယ့်မှာ စိတ်ကူးယဉ်ခွင့်ရှိတာပဲ မဟုတ်လား...။ ပြီးတော့ ဒီိစိတ်ကူးတွေကို အကောင်ထည်ဖော်ခွင့်လည်း ရှိပါသေးတယ်...။

အချိန်တွေကြာလာတာနဲ့အမျှ တိုးတက်မှုမရှိခဲ့ပေမယ့်လည်း ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ် အမျှင်တန်းတွေဟာ ဟောင်းနွမ်းဆွေးမြေ့မသွားခဲ့ပါဘူး ပုပ်သိုးမသွားခဲ့ပါဘူး...။ ရေကြည်စက်တွေလိုပဲ ကြည်လင်သန့်ရှင်းမြဲ သန့်ရှင်းဆဲပါ....။ မိန်းကလေးတစ်ယောက်က စပြီး  ထုတ်ဖော်ပြောပြခွင့်မရှိ သိုသိပ်သိမ်းဆည်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖောက်ထုတ်ဖို့ထိ ကိုယ့်သတ္တိမရှိခဲ့ပါဘူး...။ ကိုယ့်အသည်းနှလုံးကိုသာ ချနှင်းခံရင်ခံလိုက်ပါ့မယ်....။နှုတ်ဆိတ်မွှန်းကျပ်မှုဒဏ်ကို ရင်ပါးခဲ့ပြီ.......။ စိတ်အစုံကို အကျဉ်းလည်းချတတ်ခဲ့ပြီ...။ ခံစားတတ်လွန်းလို့လည်း မျက်ရည်တွေခမ်းခဲ့ပြီ...။

@@@@@ @@@@@@@@@ @@@@


ဒီလိုနဲ့ ကိုယ်ကသာ တဖက်သတ်စိတ်ကူးတွေယဉ်ခဲ့ပေမယ့်.... မိုးသည်းညလေးဟာ ကိုယ့်အတွက် ပြန်ပြောပြဖို့ လွမ်းမောဖွယ်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်အဖြစ်နဲ့သာ ဖြစ်တည်ကျန်ရစ်ခဲ့တာပါ...။

မိုးငွေ့


Sunday, 19 May 2013

ကြက်ရင်အုံသားရောင်စုံကြော်....

 မနက်ဖြန်ထမင်းဗူးထည့်ဖို့ ညကတည်းကကြော်ထားတဲ့ ကြက်သားရောင်စုံကြော်


ကြက်သားရောင်စုံကြော်အတွက်လိုအပ်တာလေးတွေက ကြက်သား မျှစ် ပဲပြား ထီးမှို ငရုတ်ပွ ဥနီ ခရမ်းချဉ်သီး ကြက်သွန်မှိတ် ငရုတ်နီ ကြက်သွန်ဖြူ နီ ဂျင်း ...။ ကုန်းဘောင်ကြီးကြော်နဲ့ခပ်ဆင်ဆင်ပါပဲ ကြော်နည်းလေးကတော့...။ ကြက်သားနဲ့ ကြက်အသည်းကိုတော့ ပြောင်းမှုန့် ပဲငံပြာရည် ငရုတ်ကောင်း ဆန်ဝိုင်တို့နဲ့နှပ်ထားလိုက်ပါတယ်...။ ကြက်သွန်ပင်အရင်းကိုပဲ အရင်ဆီသတ်သတ် ဂျင်းနဲ့ကြက်သွန်ဖြူကိုပဲအရင်ကြော်ကြော် ကြိုက်သလိုကြော်လို့အဆင်ပြေပါတယ်...။ အသားထည့်ကြော် အရေခမ်းပြီး မွှေးလာရင် မှိုနဲ့ဥနီထည့်ကြော် တစ်မိနစ်လောက်မွှေပြီးရင် ကျန်တာအားလုံးထည့်ကြော် အပေါ့အငံမြည်း အငံလိုရင် ငါးငံပြာရည်လေးနဲနဲထည့် အချိုကြိုက်ရင် သကြားနဲနဲထည့် ရောင်စုံကြက်ရင်အုံကြော်မွှေးမွှေးလေး တစ်ပွဲရပါပြီ...။

မှတ်ချက်။  ။ မျှစ်က ဈေးက၀ယ်လာတာ ပြုတ်ပြီးသားပေမယ့် တစ်ရေတော့ပြုတ်ပြီးသွန်လိုက်ပါ...။ ပဲပြားကိုတော့ အတုံးလေးတွေလုပ်ပြီး ဆီလေးနဲ့ နဲနဲပြန်ကြော်ထားပါတယ်...။


မိုးငွေ့



Friday, 17 May 2013

ပြီးဆုံးသွားသော မိုးသည်းညပုံပြင်.....



မဟုတ်ပါဘူး မရှိပါဘူး
တကယ်တော့ ....
ဒါဟာ... ပုံပြင်ဇာတ်လမ်းတစ်ပုဒ်။

တကယ် ထင်ရောင်ထင်မှားဖြစ်အောင်
ဖန်တီးထားတာ....

ကာယကံရှင်ကတော့ သိမှာပါ....။

မိုးကိုချစ်တယ်....

မိုးက ကိုယ့်ကို အမှတ်တရတွေအများကြီးပေးခဲ့တယ်
ပြီးတော့ မရိုးစင်းနိုင်တဲ့ ပုံပြင်တွေပြောတယ်...။

အဲဒီညကလို မိုးသည်းညမျိုး

ကိုယ့်ဆီ ပြန်ရောက်လာနိုးနိုးနဲ့ မျှော်မိနေတုန်းဆို..
ကိုယ်ဟာ မိုက်မဲသောမိန်းမစာရင်းဝင်နေဆဲပေါ့....။

မပြောပါနဲ့ ရပါတယ်....

ကိုယ့်လို မိန်းမမျိုးနဲ့ စကားမပြောရတော့လ
နေပျော်တယ်မဟုတ်လား.....။

မိုးကဖန်ဆင်းမယ့်(တဲ့) မာယာပုံပြင်တွေကို
ခုထိတိုင် ကိုယ်စွဲလန်းယစ်မူးနေတတ်တုန်း...

လေထဲမှာ လမ်းလျှောက်နေတတ်တုန်း........။

အားလုံးကို ပုံပြင်တစ်ပုဒ်လို့

ကိုယ် လွယ်လွယ်သတ်မှတ်လိုက်ရင်
ကိုယ့်ကိုအဆိုးဆိုဦးမလား..........။

ဆိုလည်း ဆိုပါစေတော့

အရာခပ်သိမ်းဟာ ဤရွေ့ ဤအမျှနဲ့ ကျေပါစေတော့......။      ။(မိုးငွေ့)

Wednesday, 15 May 2013

ဘေဘီအီကြာကွေး.....

 
 
အီကြာကွေးပူပူလေးကို ကော်ဖီပူပူလေးနဲ့သုံးဆောင်ပါ


အီကြာကွေးကို ကိုယ့်ဘာသာကြော်စားကြည့်ချင်နေတာကြာပြီ...။ မုန့်နယ်တဲ့ အချိုးအစားမသိတာနဲ့လေ..။ အီကြာကွေးများ ဆိုင်မှာကြော်ပြီးသား ၀ယ်စားလိုက်ပြီးတာပဲလို့ ပြောလို့ရပေမယ့် ဆိုင်မှာက ဒီဆီဒီဆီကိုပဲ အထပ်ထပ်အခါခါကြော်လွန်းလို့ ဆီတွေက တူးပြီး မဲနေပြီ...။ ဆီအတူးတွေနဲ့ကြော်ထားတဲ့အစားစာတွေ ကျန်းမာရေးထိခိုက်တယ်...။ ကိုယ်တို့အိမ်နားမှာ ကော်ပြန့်လိတ် ငါးဖယ် တိုဖူး ကြက်အူ အဲဒါမျိုးလေးတွေ ဒုတ်ထိုးပြီး ကြော်ရောင်းတဲ့အသည်ရှိတယ်..။ သူသုံးတဲ့ဆီက တခါမှအသစ်မလည်လို့ အဲဒီအကြော်ဆိုင်ကို ဆီမဲလို့နာမည်ပေးကြတယ်...။

ဒီအီကြာကွေးကြော်နည်းလေးကို ညီမ၀တ်ရည် Wutyee Food House ရဲ့ နည်းလေးနဲ့ကြော်ကြည့်ထားတာ။ APRIL လထုတ် Food Magazine မှာ ပါပါတယ်...။ ၀တ်ရည်ရဲ့ recipe ကို ဒီမှာ အသေးစိပ်ကြည့်လို့ရပါတယ်..။


အမြှုပ်ထလာတဲ့အထိ ငါးမိနစ်လောက်ထားရတဲ့ ရေ+သကြား+ဆား+baking soda+yeast


 အီကြာကွေးဒိုးနှပ်ပြီးရင်တော့ လက်သီးထိုးတာ တော်တော်ကျွမ်းသွားပြီ



 အခန်းအပူချိန်မှာ Film Wrap နဲ့အုပ်ပြီး 4နာရီထားရမယ်...

ဒီနေရာမှာ ပြောစရာလေးနည်းနည်းရှိတယ်... ကိုယ်ကြုံရတဲ့အတွေ့အကြုံလေးပေါ့...။ တကယ်သူ့ recipe က လေးနာရီပဲထားခိုင်းတာ...။ ကိုယ်က မနက်စာအတွက် စောစောမထချင်တာနဲ့ ည အိပ်ခါနီး ဆယ့်တစ်နာရီမှာ မုန့်နှပ်ထားလိုက်တယ်...။ တကယ်ဆို အ၀တ်စိုနဲ့အုပ်မှပိုအဆင်ပြေမယ့်ဟာ (မုန့်ကထပ်ပွလာမှာလေ) ကိုယ်က Film Wrap နဲ့ပတ်ထားလိုက်တော့ မိုးလည်းလင်းရော Film Wrap တွေအပြင်ကို မုန့်တွေက ပေါက်ပြဲထွက်ကျနေတာ..။ ပြီးတော့ နှပ်တဲ့အချိန်ကလည်း ကြာသွားတယ်။ မုန့်က နဲနဲ ချဉ်နံ့ပေါက်နေတယ်...။ အဲလိုပေါ့...။ တကယ်သူ့ အချိန်အတိုင်းတိတိကျကျလုပ်တာ ပိုကောင်းတယ်...။ မုန့်ပျက်မယ့်ဘေးက ကင်းတာပေါ့နော့..။


တော်ပါသေးတယ် မုန့်တော့ပျက်မသွားပါဘူး...။ ရလာတဲ့ ဂျုံဒိုးကိုလေးပိုင်းခွဲပြီး ဂျုံမှုန့်ဖြူးထားတဲ့ သစ်သားပေါ်မှာ ဒလှိမ့်နဲ့ တစ်စင်တီမီတာအထူလှိမ့်ပြီး cutter မရှိရင် ဓါးနဲ့ အပိုင်းကလေးတွေဖြတ် တစ်ဝက်ပိုင်းပြီး နှစ်ခုထပ် တူလေးနဲ့ရာပေး ဆွဲဆန့်ပြီး ဆီပူပူမှာ ကြော်လို့ရပြီ...။ မုန့်တစ်ခုနဲ့တစ်ခုထပ်ရာမှာ ကြော်ရင်မကွာသွားအောင် ရေလေးနဲနဲတို့ပေးရင်ပိုကောင်းပါတယ်...။ ကိုယ်ပထမဦးဆုံးကြော်တဲ့ အီကြာကွေးမှာ မုန့်ဖုတ်ဆိုဒါ အချိုးမပြည့်လို့လား ရေများ သွားလို့လားတော့မသိဘူး မုန့်က နဲနဲပျော့ပြီးစေးနေတယ် ..။ အီကြာကွေးဆိုတာ မွမွရွရွလေးမှ စားကောင်းတာမဟုတ်လား...။


ဒီလိုနဲ့ အရသာကောင်းမွန်သော... သန့်ရှင်းလတ်ဆတ် ကျန်းမာရေးနှင့်ညီညွှတ်သော  နေကြာဆီနဲ့ကြော်ထားသော ဘေဘီအီကြာကွေးလေးတွေ ရပြီပေါ့ကွယ်။ နေကြာဆီက သွေးတိုးဆီးချိုသမားများအတွက် သင့်လျော်ပါတယ်...။


မိုးငွေ့

Monday, 13 May 2013

အဆုံးသတ်.....



ဖုန်းတစ်ခုဝင်လာခဲ့သည်.....။ contact photo က ရုပ်ကလေးကိုမြင်လိုက်သည်နှင့်... သူ့ဖုန်းမှန်း သိလိုက်သည်။ ကိုယ့်ကို သူတွေ့ချင်လို့ လာခဲ့မည်တဲ့...။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညတော်တော်ပင်မိုးချုပ်နေလေပြီ...။ သို့ပေမယ့်လည်း သူ့ကိုမလာခဲ့နဲ့လို့လည်း မပြောရက်ပြန်....။ ကိုယ့်ကိုဘာအတွက် လာတွေ့ချင်သလဲလို့ ဖုန်းထဲကမေးလိုက်မိသေးသည်...။ တွေ့ချင်ရုံသက်သက်ပါ...။
ပြီးတော့ ကျေးဇူးတင်စကားနည်းနည်းပြောချင်လို့ပါဟု သူပြောတော့ ကိုယ်အနည်းငယ်တွေသွားခဲ့မိသေး..။ ဘာအတွက် သူက ကိုယ့်ကိုကျေးဇူးတင်မလဲ...။“တွေ့တော့မှပြောပြမယ်”ဟုပြောကာ ဖုန်းချ သွားသည်။

အိမ်နေရင်း အ၀တ်ကိုလဲ၍ သူ့အလာကို ၀ရံတာမှ ထွက်ကြည့်နေလိုက်သည်...။ သူနေသည့်နေရာနှင့် ကိုယ့်ဆီကို ကားငှားခဲ့လျှင် အသာကလေးမိနစ်နှစ်ဆယ်လောက်နှင့်တော့ရောက်နိုင်သည်။ ဆယ့်ငါးမိနစ်လောက်နေတော့ သူ့ဆီမှ ဖုန်းထပ်ဝင်လာခဲ့သည်...။ မီနီမတ်ကက်ရှေ့ရောက်နေပြီတဲ့...။ ကိုယ်တို့ တိုက်နှင့် တစ်လမ်းကျော်နားက မီနီမတ်ကက်၏ လမ်းဟိုဖက်ခြမ်းမှာ သူရပ်နေတာကိုတွေ့လိုက်သည်...။ ထုံးစံအတိုင်း ရှပ်အကျီင်္ဖြူဖြူနှင့် ပုဆိုးကိုဝတ်ထား၏...။ လမ်းမီးရောင်ခပ်မှိန်မှိန်ကြောင့် သူ့ပုဆိုးကွက်စိပ်ကို ဘာအရောင်မှန်းကိုယ်သေချာမခွဲခြားတတ်ခဲ့လိုက်...။ သူ့မျက်နှာမှာ ကိုယ်မြင်နေကျ ကိုယ့်စိတ်ကူးထဲကလို ကြည်လင်မနေဘဲ သုန်မှုန်လျက်...။ နှုတ်ခမ်းထူထူနှင့် မေးစေ့တ၀ိုက်တို့မှာလည်း နှုတ်ခမ်းမွှေးကြမ်းတချို့ ကျိုးတို့ကျဲတဲပေါက်နေကြသည်။

သူ့ကိုတွေ့တော့ စကားထိုင်ပြောဖို့ အနီးနားက လက်ဖက်ရည်ဆိုင်ကိုလှမ်းကြည့်တော့ တချို့ဆိုင်တွေ ပိတ်နေကြပြီ...။ လမ်းထိပ်ဖက်မှ ဆိုင်တွင်မတော့ ပိတ်သေးမည်မဟုတ်ဟု သူနှင့်လမ်းထိပ်ဖက်သို့ လျှောက်ခဲ့လိုက်သည်...။ ကိုယ့်နဘေးမှ လျှောက်နေသောသူက ကိုယ့်လက်ကို အသာယာကလေး ခပ်ဖွဖွလာဆုတ်ကိုင်လိုက်သည်...။ အို.... သူ့လက်တွေအေးစက်နေပါရောလား...။ သူဘာဖြစ်နေသလဲဆိုတာ ကိုယ်သေချာမသိပေမယ့် သူ့ကို အားပေးသည့်သဘောနှင့် သူ့လက်ဖျားတွေကို ခပ်ကျစ်ကျစ်ကလေး ဖျစ်ထားလိုက်မိသည်...။ လမ်းထိပ်ဒေါင့်ချိုးရောက်တော့... လက်ဖက်ရည်ဆိုင်မှာ သုံးလေးဝိုင်းလောက်လူတွေရှိနေသေးသည်...။ သူက အဲဒီမှာမထိုင်ချင်ဘူးဟုဆိုကာ လက်ဖက်ရည်ဆိုင်ရှေ့ကနေ ကိုယ့်လက်ကိုဆွဲခေါ်ပြီး လမ်းကြားကလေးတစ်ခုထိပ်မှာရပ်လိုက်သည်။ လမ်းကြားကလေး၏ ထိပ်တည့်တည့် လမ်းမကြီး၏လမ်းဆုံလမ်းခွမှာ ကိုယ်တို့ရပ်နေကြသည်...။ လမ်းမပေါ်မှာ ကားအသွားအလာ  တစ်စီးစနှစ်စီးစသာရှိ၏...။ မာကျူရီလမ်းမီးတိုင်များမှ အလင်းတန်းများတော့ ကောင်းကင်မှကြယ်မှုန်မွှားများကို လျစ်လျူရှုလျက် ဖြာလင်းနေကြသည်...။

ကောင်းကင်၌ ကြယ်ကလေးများ မည်မျှလင်းလက်တောက်ပနေသည်ကို ကိုယ်မသိ....။ ကိုယ်သိတာက မြေပြင်ပေါ်မှ ကိုယ့်ရှေ့တည့်တည့်တွင် လင်းလက်နေသော ကြယ်ကလေးနှစ်ပွင့်.....။ ပြီးတော့ ခပ်နွမ်းနွမ်းအပြုံးတစ်ခု...။ သူဘာပြောချင်နေသလဲ... ကိုယ်ခုချိန်ထိ မခန့်မှန်းတတ်သေးတာ ကိုယ်ရဲ့ညံ့ဖျင်းမှုဟုဝန်ခံပါသည်...။ “ပြောစရာရှိတာပြောလေ” ဟု ကိုယ်စကားလမ်းကြောင်း စပေးခဲ့ပေမယ့်လည်း သူကဘာမှပြန်မပြောခဲ့...။ ဒီလိုနှင့် ညရောင်မှာ ကိုယ်တို့အတူ လမ်းကြားကလေးအတိုင်းလျှောက်လာဖြစ်ခဲ့ကြသည်...။  ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကျွန်းရွက်များလေတိုးသံနှင့် ခွေးဟောင်သံမှလွဲ၍ ညသည် တိတ်ဆိတ်နေခဲ့၏...။ အနည်းငယ်အာရုံစိုက် နားထောင်ဖြစ်ခဲ့လျှင် သူ့ရင်ခုန်သံများကိုပင် ကြားရလိမ့်မည်ထင်သည်...။ လမ်းကြားကလေးအဆုံး မူလတန်းကျောင်းရှေ့ရှိ အုတ်ခုံဝိုင်းကလေးပေါ်တွင် ကိုယ်တို့အတူထိုင်လိုက်ကြသည်...။ မျက်စောင်းထိုးတိုက်ခန်း ၀ရံတာတစ်ခု၌ လူတစ်ယောက်ထွက်ရပ်ကာ ကိုယ်တို့ကို လှမ်းကြည့်နေသည်..။

ဘာဖြစ်လာခဲ့သလဲ ပြဿနာတစ်ခုခုများဖြစ်ခဲ့သလားဟု မေးသော်လည်း သူက မထုံတက်တေးနှင့်ပင်... အဖြေက ရေရေရာရာထွက်မလာခဲ့....။ ဒီအချိန်ကြီး ကိုယ်တို့စကားအကြာကြီးပြောဖို့ မသင့်လျော်ဘူး ဆိုတာ သူမတွက်ဆမိလေသလား...။ ငယ်ရွယ်သူတို့၏ ဇွတ်တရွတ်နိုင်မှုကို ကိုယ်တဆိတ်တော့ မကြိုက်လှပါ...။ “ဘာလို့ ကျွန်တော့်အပေါ်အရမ်းကောင်းခဲ့တာလဲ မမက” ဟု...သူက စကားအဆက်အစပ်မရှိ မေးခွန်းထုတ်လာခဲ့သည်...။ အဖြေကရှိပြီးသားပဲ...ပြီးတော့ သူသိပြီးသားအဖြေကို ဘာကြောင့် ထပ်ခါသလဲလဲမေးချင်ရသလဲ...။ ဒီမေးခွန်းတစ်ခုအတွက်နှင့်တော့ သူကိုယ့်ဆီရောက်လာခဲ့တာ မဟုတ်မှန်းတော့သိပါသည်...။ “ကျွန်တော်စိတ်အရမ်းညစ်နေတယ် အဲလိုချိန်မျိုးဆို ကျွန်တော် မမနဲ့တွေ့ချင်တယ်” “ကျွန်တော့်အပေါ်အစစအရာရာ ကောင်းခဲ့တဲ့ အတွက်ကိုလည်း ကျေးဇူးတင်ချင်လို့ပါ”တဲ့...။ လူမှုရေး မိသားစုအရေး စသဖြင့် သူ့ကိုစိတ်ဖိစီးမှုတစ်ခု ၀န်တစ်ခုပိချင်ပိနေလိမ့်မည်ဖြစ်ပေမယ့်... ကိုယ်ဘာကြောင့် သူ့ကို စိတ်သက်သာရာ ဖြေသိမ့်နိုင်စရာစကားတစ်ခွန်း မဆိုခဲ့မိသလဲ...။ ထိုအစား... ကိုယ်ပြောမိသွားတာက နောက်တစ်ခါ ကိုယ်နဲ့တွေ့ချင်ရင် ညအချိန်မတော်မလာခဲ့ဖို့နဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်မှုအကြောင်းသာပြောခဲ့မိသွားစေခဲ့တာဟာ... ကိုယ်တို့နှစ်ယောက်အတွက်  အဆုံးသတ်တစ်ခုဖြစ်လာစေခဲ့သော စကားများပင်...။

ကိုယ့်စကားဆုံးတော့ သူဘာမှမပြောတော့ဘဲ ကိုယ့်လက်ကို ဆွဲကာ ကိုယ်တို့တိုက်ရှေ့ထိ လိုက်ပို့ခဲ့သည်..။ ပြီးတော့ အိမ်ကို ကားမစီးဘဲ ခြေလျင်နှင့်ပြန်မည်ဟုပြောကာ “ရောက်ချင်တဲ့အချိန်ရောက်ပစေ...မမနဲ့တွေ့တာ ဒီညနောက်ဆုံးပဲ နောက်ဘယ်တော့မှလည်း လာမတွေ့တော့ဘူး ဘယ်တော့မှလည်း ဖုန်းမဆက်တော့ဘူး”တဲ့...။ တကယ်တော့ အကြောင်းအရာ အဖြစ်အပျက်ကြီးကြီးမားမားမဟုတ်ပါဘဲ...  ကိုယ်ထည့်တွက်လိုက်သော မိန်းမတစ်ယောက်၏ဂုဏ်သိက္ခာ တန်းဖိုးနဲ့ ပတ်ဝန်းကျင်ဂရုပြုမှုဆိုသည့် ခေါင်းစဉ်တွေကပဲ ကိုယ်တို့နှစ်ယောက်ကို အစွန်းနှစ်ဖက်ရောက်အောင် ပိုင်းခြားပစ်လိုက်ပြီ.....။ ထိုညက ကိုယ်သူ့ဆီဖုန်းဆက်ပြီး ဖျောင်းဖျပြောဆိုခဲ့ပေမယ့် သူကတော့ပေါက်ကွဲ၍သာနေတော့သည်...။ “မမက ကိုယ့်ကိုယ်ကိုပဲချစ်တာပါ...မမသာ ကျွန်တော့်ကို တကယ်ဂရုစိုက်တယ်ဆိုရင်... ဘယ်လိုအချိန်ခါမျိုးမှာ မဆို ကျွန်တော်ဘာဖြစ်နေသလဲဆိုတာကို ဦးစားပေးမှာပဲ ခုတော့...ဗျာ....တော်ပြီ... ဖုန်းပိတ်လိုက်တော့မယ် ထပ်မဆက်လာနဲ့တော့...”

တကယ်ဆို... နောက်နေ့တွေမှာ သူစိတ်ပြေသွားမည့်အချိန်ကိုခန့်မှန်း၍ ကိုယ်ဖုန်းမဆက်သင့်ဘူးလား....။
ဒါပေမယ့် ကိုယ်သူ့ဆီကို အဲဒီနောက်ပိုင်း တစ်ကြိမ်ကလေးမျှပင် ဖုန်းမခေါ်ဖြစ်ခဲ့ပါ...။ သူလည်း ကိုယ့်ဆီဖုန်းမခေါ်ခဲ့ပါ....။ ဒီလိုနှင့် တစ်ရက် နှစ်ရက် မှ တစ်ပတ် တစ်လ နှစ်လထိတိုင် ကိုယ်တို့နှစ်ယောက်ကြားမှာ အလွမ်းဖြေစရာ... စကားလုံးများနှင့်သာပြည့်နှက်ခဲ့ကြသည်....။ တစ်ယောက်နှင့် တစ်ယောက်လည်း နောက်ထပ်ဆုံဖို့ခြေလှမ်းတိုးမလာခဲ့ကြပါ....။ သူနောက်ဆုံး တစ်ကြိမ်ဆက်လာခဲ့သော ဖုန်းကိုတော့  ၀မ်းသာကြည်နူးစွာ.. အံ့အားသင့်စွာ ကိုယ်စိုက်ငေးကြည့်နေခဲ့မိသည်။ သူကိုယ့်ဆီဖုန်းဆက်ရခြင်း၏ ရည်ရွယ်ချက်ကို အမှန်တကယ်မသိပေမယ့်လည်း... သူ့အသံကလေးကို ကြားလိုက်ရသည်ကပင် ကိုယ့်အတွက် စိတ်ခွန်းအားကိုတဒင်္ဂပြည့်စေခဲ့သည်ဆိုတာ သူသိချင်မှသိမှာပါ...။

မည်သို့ပင်ဖြစ်စေ... ကိုယ်တို့တကယ်ပဲ ဝေးသွားခဲ့ကြပြီလား  ကောင်လေးရယ်....။ ဘာမှန်းမသိသည့် မမြင်နိုင်သော စည်းတစ်ခုသည် ကိုယ်တို့နှစ်ယောက်၏ ဆုံတွေ့မှုကို အဆုံးသတ်လိုက်ပြီဖြစ်သည်...။

မိုးငွေ့


Thursday, 9 May 2013

သီးစုံဝက်သားကုန်းဘောင်ကြော်.....

 

ကုန်းဘောင်ကြီးကြော်ဆို မစားဖူးတဲ့သူမရှိသလောက်ပါ...။ တရုတ်ဟင်းထဲမှာ သူက နာမည်ရပြီးသား ဟင်းအမယ်တစ်မျိုးမဟုတ်လား...။ ကုန်းဘောင်ကြော်နည်းအခြေခံက ဒါဒါပဲဆိုပေမယ့်ပေမယ့် ကိုယ့်ကြော်နည်းလေးကို ပြန်မျှဝေချင်တာကြောင့်ရယ်ပါ။



ဝက်သားကုန်းဘောင်ကြော်အတွက် ကိုယ်ထည့်မယ့် အမယ်လေးတွေကိုပြောပြမယ်...။ 

၁) ၀က်သား 200g (တစ်လက်မအရွယ်ပါးပါးလှီးထားတဲ့ မိုးခိုသား/ကျောကုန်းသား)
၂) ကြက်သွန်နီကြီးတစ်ဥ+ဖြူနှစ်မွှာ+ဂျင်းလက်တစ်ဆစ်
၃) ငရုတ်နီ ငါးတောင့်
၎) ချယ်ရီခရမ်းချဉ်သီး 12လုံး
၅) မုန်လာဥနီ 1/2လုံး
၆) ခရမ်းချဉ်သီးတစ်လုံး
၇) ငရုတ်ပွနှစ်လုံး
၈) ပဲငံပြာရည်အနှောက် 1 tbsp
၉) ပဲဆီ(သို့)နေကြာဆီ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခွဲ

အသားနှပ်မည့် ဟင်းခတ်တွေက
(အသားထဲကို အောက်က ဟင်းခတ်တွေအကုန်ထည့်ပြီး ဆယ်မိနစ်လောက်နှပ်ထားပါ)
၁) ပဲငံပြာရည်အကြည် 1tbsp
၂) ပဲငံပြညရည်အနှောက် 1tbsp
၃) ဟင်းခတ်မှုန့် 2 tsp
၎) ငရုတ်ကောင်းအမဲမှုန့် 2 tsp
၅) ပြောင်းမှုန့် 2 tsp
၆) ဆန်ဝိုင် 2 tbsp
၇) သကြား 2 tsp
၈)နှမ်းဆီ သုံးစက်(အားလုံးကိုရောမွှေပြီးမှ နှမ်းဆီကိုနောက်ဆုံးမှထည့်မယ်)



ပုံမှန်ကြော်နည်း (သို့) မူလကြော်နည်းမှာတော့ ဂျင်း ကြက်သွန်နီ ဖြူတွေကို အရင်ကြော်ပြီး ပန်းကန်ထဲပြန်ဖယ်ထားတတ်ကြတယ်...။ ကိုယ်ကြော်မယ့်နည်းကတော့ အဲဒါနဲ့ပြောင်းပြန်...။ ဆီပူဒယ်ထဲကို အရင်ဦးဆုံး အစောင်းလေးတွေလှီးထားတဲ့ ကြက်သွန်ပင်အရင်းလေးကို ဆီသတ်တယ် နှစ်ချက်လောက်မွှေပြီးတာနဲ့ ဂျင်းချောင်းလေးတွေဆက်ထည့် ခရမ်းချဉ်သီး ထည့်ကြော်တယ်။


ခရမ်းချဉ်သီးနဲနဲနွမ်းလာတာနဲ့ နှပ်ထားတဲ့ ၀က်သားထည့်ကြော်ပါမယ်..။ သြော်တစ်ခုပြောဖို့မေ့သွားတယ် သိပြီးသားလဲဖြစ်ကြမှာပါ..။ ခုလို Stir Fry လို့ခေါ်တဲ့အကြော်တွေမှာ အသားကို အမြန်နူးလွယ်တဲ့အသားမျိုးကိုသုံးဖို့လိုပါတယ်..။ ဥပမာ ၀က်သားဆို မိုခိုသား ကျောကုန်းသား မဟုတ်ရင် နံရိုးနားက ခွာထားတဲ့ ခွာသွားတွေကို သုံးရင်ပိုကောင်းတယ် မဟုတ်ဘဲ ပေါင်သားတို့ဘာတို့နဲ့ကြော်မိရင် အသားမနူးဘဲ မာဆတ်ဆတ်နဲ့စားမကောင်းတတ်ပါဘူး။ ကြက်သားဆိုလည်း ရင်အုံသားဆို ပိုကောင်းတယ်။ 

အိုခေ... အသားထည့်ပြီးရင် ဆက်တိုက်သာမွှေပေးနေ... အရောင်လိုရင် ပဲငံပြာရည်အနှောက်ထပ်ထည့်ပြီး အသားလေးမွှေးပြီးနူးအိလာခါနီးပြီဆို ကျန်တဲ့အသီးအရွက်တွေဖြစ်တဲ့ ကြက်သွန်နီလေးစိပ်စိပ်နဲ့ ဓါးပြားရိုက်ကြက်သွန်ဖြူရယ် ငရုတ်နီနဲ့ ဥနီကိုထည့်ကြော် တစ်မိနစ်လောကမွှေကြော်ပြီးရင် ငရုတ်ပွစိမ်း ဆက်ထည့်ပြီး ကြော်လိုက်ရုံပဲ....။ ငရုတ်ကောင်းနဲ့ နှမ်းဆီနံ့မွှေးပျံ့နေတဲ့ ဆန်ဝိုင်ကြောင့်နူးညံ့နေတဲ့ ၀က်သားကုန်းဘောင်ကြော်တစ်ပွဲရပါပြီ...။ သူ့အဆီလေးကို ထမင်းပူပူမှာနယ်ပြီးစားရင် သိပ်ကောင်းတယ်။

မိုးငွေ့