မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 30 March 2013

ရပ်နေသောလူ.....




မနက် မနက် ရုံးသွားလျှင်  ကျွန်တော်နေထိုင်ရာလမ်းမှ ကျောင်းတစ်ခုတည်ရှိရာ လမ်းသွယ်တစ်ခုကိုဖြတ်၍… အနည်းငယ်မြင့်နေသော ကုန်းတစ်ခုကို တက်ပြီးမှသာ. ပြည်လမ်းမကြီးပေါ်ရှိ မြေနီကုန်းကားဂိတ်သို့ရောက်သည်…။ ထိုကျောင်းရှိသော လမ်းသွယ်ကလေးသို့ ချိုးကွေ့သော်… ပိတောက်ပင်တစ်ပင်ရှေ့တွင် ဆီချေးများဖြင့် ညစ်ထေးနေသော ကားပြင်ဆိုင်သေးသေးတစ်ဆိုင်ရှိသည်…။ ကျွန်တော်သတိထားမိသော ထိုအသက်ခပ်ရွယ်ရွယ်လူသည် မနက်ကျွန်တော်ရုံးသွားတိုင်း ပိတောက်ပင်အောက်တွင် စီးကရက်တစ်လိပ်ဖြင့် မတ်တပ်ရပ်နေသည်မှာ ရုံးတက်ရက်နေ့စဉ်နှင့်အမျှ ကျွန်တော့်အထင် တစ်ပတ်ဆယ်ရက်ပင်မကနိုင်တော့…။ 

လူကြည့်တော့ ခပ်အေးအေးပင်…ပုံစံက သပ်သပ်ရပ်ရပ်ပါပဲ… တစ်ခါတစ်လေ ရှပ်လက်ရှည်နှင့် ဂျင်းဘောင်းဘီ… တစ်ခါတစ်ခါ စတစ်ကော်လံနှင့် ပုဆိုးကွက်စိပ်….။ နေ့စဉ်ရက်ဆက်မြင်တွေ့ပါများလာတော့ ကျွန်တော်ထိုလူ့အကြောင်း စပ်စုချင်လာမိသည်…။ ဘာကြောင့် သည်လူ မနက်တိုင်း သည်နေရာမှာ ပုံမှန်လာလာရပ်နေသလဲ တစ်စုံတစ်ယောက်ကိုများ လာစောင့်နေသလား…။ ရုံးဖွင့်ရက်ဆိုတော့ ဘယ်ချိန်ထိသည်နားမှာ သူရပ်နေသလဲ ဆိုတာ သိချင်ပေမယ့် အချိန်ပေးပြီှးမှ စောင့်မကြည့်နိုင်ဘဲ မဟုတ်လားဗျာ…။ 

တစ်ရက်တော့ ရုံးပိတ်ရက်နှင့်ကြုံသောတစ်နေ့ ထိုပိတောက်ပင်နှင့် မျက်စောင်းထိုးလောက်မှာရှိသော လက်ဖက်ရည်ဆိုင်တွင် ဇိမ်ပြေနပြေထိုရပ်နေသောလူကို စပ်စုဖို့ စလိုက်မိတော့သည်…။ ပထမဦးစွာ စားပွဲထိုးကောင်လေးကို မေးကြည့်တော့ ထိုလူဟာ နေ့လည်ထမင်းစားချိန်ရောက်ရင်တော့ဖြင့် သူတို့ဆိုင်မှာ ထမင်းစားသောက်ပြီး ပိတောက်ပင်အောက်သို့ဆက်ရပ်နေသည်မှာ ညနေ သုံးလေးနာရီမှသာထွက်သွားသည်ဟုသိရ၏။  ပတ်ဝန်းကျင်မှ လူတစ်ချို့ကတော့ သည်လူဂေါက်နေတာနေမည်ဟု မှတ်ချက်ချတာကို သိလိုက်ရသည်…။

ကျွန်တော်လည်း စိတ်ရှည်လက်ရှည် ထိုလူ နေ့လည်စာလာစားမည့် အချိန်ထိ တင်ပါးညောင်းနေအောင် ဆက်ထိုင်၍စောင့်နေတော့သည်….။ ကိုယ့်ကိုယ်ကိုလည်း သိချင်စိတ်ပြင်းလွန်းလို့ Curiosity kill the cat …ဆိုတဲ့ စကားပုံလေးကို ပြန်စဉ်းစားမိရင်း တစ်ယောက်တည်း ရယ်ချင်မိသွားသေးသည်…။ ဆယ့်တစ်နာရီခွဲတော့ စားပွဲထိုးကောင်လေးပြောသလိုပင် ထိုလူ ကျွန်တော်ထိုင်သော လက်ဖက်ရည်ဆိုင်၏ တောင့်ဝိုင်းမှာဝင်ထိုင်လိုက်သည်…။ ကျွန်တော်နှင့် မလှမ်းမကမ်းကမို့ သူမှာနေသောစားစရာကို အတိုင်းသားကြားနေရသည်…။

“ပဲပြုတ်ထမင်းနဲ့ ကြက်ဥဟက်ဖရိုက်” တဲ့…။

ကျွန်တော်ခွင့်တောင်းပြီး သူ့ဝိုင်းမှာ ၀င်ထိုင်လိုက်ရမလား….။ တစ်ခါမှ မသိဖူးသော သူစိမ်းတစ်ယောက်ကို ကျွန်တော်က ဘယ်လိုစပြီး မိတ်ဆက်ရမလဲ…။ ဘာကိစ္စလဲလို့ သူမေးလျှင် ကျွန်တော်ဘာပြန်ဖြေရမလဲ….။ နောင်ခါလာနောင်ခါဈေးဆိုပြီး ကျွန်တော့် သူ့ရှေ့ကိုထသွားလိုက်သည်။ 

“အစ်ကို ကျွန်တော်ဒီမှာထိုင်လို့ရမလားဗျ”

“ရတယ် ညီ…ရတယ် ထိုင်ထိုင်”

တော်ပါသေးရဲ့ တစ်ခါမှမသိသော ကျွန်တော့်ကို သူက ဖော်ရွေစွာပင် တုန့်ပြန်တော့ မဆိုးချေဘူးဟု အားတက်တရောတော့ရှိသွားသည်…။ ထိုင်ပြီး ကျွန်တော်ဘာကစမေးရမှန်းမသိတော့ တစ်ရှူးဗူးထဲက စက္ကူကိုဖြတ်ပြီး နဖူးကချွေးကိုသုတ်နေမိတော့သည်…။

“ ညီ… ကိုယ့်ကို တစ်ခုခုမေးစရာရှိသလား…”

အောင်မလေးဗျာ….ကျွန်တော့်ရုပ်က တော်တော်ဖတ်ရလွယ်နေတဲ့ ရုပ်ဖြစ်နေလား...။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူကချည်း အစဖော်ဖော်ပေးနေလို့ ကျွန်တော်မေးချင်သိချင်တာလေးကို ၀င်လို့လွယ်သွားသည်…။ 

“မေးပါ… ကိုယ် အဲလိုမေးမယ့်သူကို စောင့်နေတာ ဒီနေ့နဲ့ဆို နှစ်ဆယ့်ရှစ်ရက်ရှိသွားပြီ…”

“ဗျာ……”

ကျွန်တော် ဗျာလိုက်တာ…အသံတော်တော်ကျယ်သွားသလားမသိ… ပဲထမင်းလာချသော ချာတိတ်ပင် ကျွန်တော့်ကို သေချာကြည့်သွားသည်…။ သူက ပဲထမင်းပေါ်မိုးထားသည့် ကြက်ဥဟက်ဖရိုက်မှ အလယ်မှာအနှစ်ကို ဇွန်းဖြင့်ဖောက်ကာ အရင်စားပစ်လိုက်သည်…။ ကျွန်တော်ကတော့ သူ့ပဲထမင်းပေါ်က အ၀ါရောင်အနှစ်မရှိတော့သည့် အဖြူရောင်အကာကြက်ဥကြော်ကို ငေးကြည့်နေမိသည်….။ ဇွန်းခရင်းဖြင့် ထမင်းကို အိနြေ္ဒျရစွာဆက်စားနေသော ထိုလူကို ကျွန်တော်နားမလည်နိုင်တော့ပါ….။ ကျွန်တော်မေးချင် သိချင်သော အကြောင်းအရာကို ကြိုသိနေသယောင် ခပ်အေးအေးပင်…။

“ညီက…ကိုယ်ဘာကြောင့် နေ့စဉ်နေ့တိုင်း ပိတောက်ပင်အောက်မှာ ရပ်ရပ်နေသလဲလို့ သိချင်နေတာမဟုတ်လား….”

“ ဟုတ် ဟုတ်ကဲ့ အစ်ကို… ဟို…ကျွန်တော်နဲ့ဘာမှမဆိုင်ဘဲစပ်စုမိသလိုဖြစ်နေမယ်ဆိုတာ သိပါတယ်…အစ်ကိုပြောလို့မရရင် မပြောပါနဲ့ ရပါတယ်…”

သူပြောပြမယ်ဆိုတာသိသိလျက်နဲ့ ကျွန်တော်က နည်းနည်းပဲများကြည့်လိုက်မိသေး…။

“ပြောလို့သိပ်ရတာပေါ့ကွာ…. ကိုယ်က အဲလိုပြောချင်လို့ကို နေ့တိုင်းလာရပ်နေတာလေ…ဒါနဲ့ ကိုယ်ပြောမပြခင် ဘာကြောင့် ကိုယ်ဒီလိုလာလာရပ်နေသလဲဆိုတာ မင်းရဲ့ခန့်မှန်းချက်လေးကို အရင်ပြောပြပါလားကွ…”

“ဗျာ….” 

သိချင်စိတ်လောနှင့် ကျွန်တော် မေးခွန်းပြန်ထုတ်ခံရတော့ ခေါင်းကိုတွင်တွင်ကုတ်နေမိတော့သည်….။ ကျွန်တော့်ရဲ့ထင်မြင်ချက်ကိုပြောကြည့်ရမည်တဲ့…။

“ဟုတ်ကဲ့… ကျွန်တော်ကတော့ အစ်ကိုတစ်ယောက်ယောက်ကိုလာစောင့်နေတာလို့ထင်တယ်…”

ကိုယ့်အဖြေကို ပြန်ပြီး မကျေမနပ်ဖြစ်မိသွားသည်…။ ဒါကတော့ မင်းပြောမှလားလို့ သူပြန်မမေးတာ ကံကောင်း…။

“ဟဟဟ…. မင်းအဖြေက ယေဘူယျကျပါတယ်…. ဒီအနီးနားပတ်ဝန်းကျင်ကလူတချို့ရဲ့ ထင်မြင်ချက်ကို မင်းမသိချင်ဘူးလား…”

“ဟုတ်ကဲ့ သိချင်ပါတယ်…”

“အင်း… ဖြတ်သွားဖြတ်လာတဲ့ သူတွေက တစ်နေ့တစ်မျိုးကွ…. တချို့အမျိုးသမီးလေးတွေကတော့ ကိုယ်သူတို့ကိုကြည့်ရင်… ကြောက်သလို ရွံသလို… မကောင်းဆိုးဝါးတစ်ကောင်လို ပြန်ကြည့်သွားတဲ့သူရှိသလို… တချို့ကျတော့ လှည့်ကိုမကြည့်သွားပါဘူး… တချို့ကျတော့ ခြေဆုံးခေါင်းဆုံးနဲ့ တီးတိုးတီးတိုးပြောသွားတာရှိတယ်… ညီ့ကိုတော့ ကိုယ်နေ့တိုင်းတွေ့မိပါတယ်… ဒီနားကဖြတ်ဖြတ်သွားတာ အလုပ်သွားတာထင်တယ်…”

“ဟုတ်တယ်အစ်ကို…”

ကျွန်တော်နဲ့စကားပြောရင်း သူ့ပဲထမင်းလေးကုန်သွားလို့ သူ့အတွက် ကျွန်တော် အခါးရည်လေးငှဲ့ပေးလိုက်သည်…။ သူက အိတ်ကပ်ထဲမှာ လပ်ကီးစရှိုက်ဗူးလေးထုတ်လိုက်ကာ… ကျွန်တော့်ကိုကမ်းပေးသည်…။

“ကျေးဇူးအစ်ကို ကျွန်တော်မသောက်တတ်ဘူးခင်ဗျ….”

သူက စီးကရက်တစ်လိတ်ကို မီးညှိရင်း ကျွန်တော့်ကို တစ်ချက်ပင့်ကြည့်သည်…။

“မသောက်တတ်ဘူးဆိုတာ တစ်ခါမှမသောက်ဖူးတာလား မကြိုက်လို့မသောက်တာလား..”

“သောက်တော့သောက်ဖူးပါတယ် မကြိုက်လို့မသောက်တာပါဗျ…”

သူက စီးကရက်တစ်ချက်ဖွာကာ မီးခိုးတွေကို မှုတ်ထုတ်လိုက်သည်…။ သူ့လှုပ်ရှားမှုတွေက ကျွန်တော့်အတွက် စိတ်ဝင်စားဖွယ်ရာသာဖြစ်နေတော့သည်…။ ပြီးတော့ ကျွန်တော်သိချင်နေသော အဖြေကို သိရဖို့စောင့်စားရတာပင် အိုက်စပ်စပ်ရှိလာ၍ ဒုတိယအကြိမ် ကျွန်တော်ချွေးသုတ်လိုက်ပြန်သည်…။

“ဟိုတနေ့ကပဲ ဒီဆိုင်က စားပွဲထိုးကလေးက ကိုယ့်ကိုမေးသေးတယ် အစ်ကိုက နေ့တိုင်းအဲဒီအပင်အောက်မှာ အစ်ကို့ကောင်မလေးကိုလာစောင့်နေတာလားတဲ့…”

သူက စကားကိုမဆက်သေးဘဲ ပြာခွက်ထဲ စီးကရက်ကို ခြွေချနေသည်…။

“ကိုယ်က ပြန်မဖြေသေးဘဲ မင်းဘယ်လိုထင်လဲလို့မေးတော့ … ကျွန်တော်မထင်တတ်ဘူး ဒါပေမယ့် ဆိုင်မှာလာလာထိုင်တဲ့ ကောင်မလေးတစ်အုပ်စုကတော့ ကိုယ့်ကို ဘယ်တော့မှာ ရောက်မလာတော့တဲ့ ရည်းစားကိုလာစောင့်နေတာတဲ့….ယဉ်ယဉ်ကလေးနဲ့ရူးနေတာတဲ့…”

ပခုံးကလေးကိုတွန့်ပြီးပြောနေသာ သူသူ့အမူအရာလေးကို ရယ်ချင်မိသွားသည်….။

“ဟဟဟ… ကျွန်တော်ကတော့ အစ်ကို မရူးဘူးဆိုတာသိတယ်… အကြောင်းတခုခုကြောင့်သာ ဒီလိုနေ့တိုင်းလာရပ်နေတာ…”

“မှန်တာပေါ့….ညီရ… တကယ်တော့ အစ်ကိုက လူတွေရဲ့စိတ်ကို သီးဆစ်လုပ်နေတာ…. စာတမ်းတစ်ခုပြုစုနေတာ… လူတွေရဲ့သိချင်စိတ်ဘယ်လောက်မြင့်မားသလဲ… လူတွေရဲ့ထင်မြင်ချက်တွေ ဘယ်လိုရှိသလဲ… အဲဒီအထဲကမှ ဘယ်လောက်ရာခိုင်နှုန်းက အကောင်းမြင်တတ်သလဲ အဆိုးမြင်တတ်သလဲပေါ့…. ပြီးတော့ ညီ့လိုတည့်လာမေးမယ့်သူကို စောင့်နေတာ….လူတွေဟာ တသမတ်ထဲ အပ်ကြောင်းထပ်နေတဲ့အရာကို သတိမထားဘဲ မနေဘူးဆိုတာကိုပဲ….. ကိုယ်ရပ်စောင့်ရကျိုးနပ်ပါတယ်…။ နှစ်ဆယ့်ရှစ်ရက်အတွင်းမှာ ကိုယ်သိလိုက်ရတဲ့ လူတွေရဲ့စိတ်က အများကြီးပဲ…. မင်းကိုလည်းကျေးဇူးတင်ပါတယ်… ကဲ... ကိုယ့်မှာလုပ်စရာတွေအများကြီးရှိသေးတယ် ခွင့်ပြုပါဦး…ညီ…”

သူကဘာလဲ…. စိတ်ပညာကျောင်းသားတစ်ယောက်လား….လူတွေရဲ့စိတ်အကြောင်းကိုဒီလောက် အချိန်ကုန်ခံ အညောင်းခံပြီး စမ်းသပ်ရအောင်လေ….။ ဒါမှမဟုတ်… ဂေါက်နေသည့် သူတစ်ယောက်လား….။ ဘယ်အရူးကမှ သူကိုယ်တိုင်ရူးနေသည်ဟု မ၀န်ခံတတ်ပါဟုတော့ ကြားဖူးသည်…။ နားလည်ရခက်သော ထိုလူသည် အရူးတစ်ယောက် ဂေါက်ကြောင်တစ်ယောက် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော့်စိတ်ထဲ အလိုလိုယုံကြည့်နေမိသည်…။ 

နောက်ရက်များမှာ….ကျွန်တော်အလုပ်သွားရာ ဖြတ်သွားရသော လမ်းသွယ်ဒေါင့်မှ ပိတောက်ပင်အောက်တွင် ထိုလူကို မတွေ့ရတော့ပါ….။ နောက်တစ်ရက် နောက်တစ်ပတ် နောက်တစ်လ….ရက်ပေါင်းများစွာထိတိုင် ထိုလူ၏ အရိပ်အယောင်မျှပင်မတွေ့ရတော့ပါ…။




မိုးငွေ့


Thursday, 28 March 2013

ဝက်သားပူစီနံသုပ်+ငါးပိထောင်း+ငှက်ပျောသီးအချိုပွဲ


 

ပြီးခဲ့တဲ့ နှစ်ရက်က ပိတ်ရက်ဆိုတော့ အိမ်မှာဟင်းချက်စားဖြစ်တယ်....။ ခုတလော မီးဖိုချောင်နဲ့ဝေးနေတယ်....။ တပေါင်းလပြည့်နေ့တုန်းက ဘုရားမသွားဖြစ်ဘူး လူများလို့...။ ဒါနဲ့ တပ်မတော်နေ့မနက်ပိုင်းကို တစ်မိသားစုလုံးဘုရားသွားကြတယ်... ဒုတိယမောင်လေးရဲ့မွေးနေ့လည်းဟုတ်တယ်လေ ..မွေးနေ့ရှင်ကတော့ ဒီမှာမရှိဘူး မန်းလေးရောက်နေတယ်...။ ဘုရားဖူးပြီး မနက်စာသွားစားကြတယ်... Royal Garden မှာ...။ အိမ်ပြန်ရောက်တော့ ဆယ်နာရီခွဲကျော်နေပြီ နေ့လည်စာချက်ဖို့ရေခဲသေတ္တာထဲမှာ ၀က်သားတွေ့တာနဲ့ ၀က်သားကြော်သုပ်လုပ်စားမယ်စိတ်ကူးရသွားတယ်...။ ဈေးထဲမယ် ညီမလေး နှင်းဆီပန်းဝယ်တာ လိုက်သွားရင်းနဲ့ ရခိုင်ငှက်ပျောသီး လှတာလေးရလို့ တစ်ဖီးဝယ်ခဲ့တယ်... ငှက်ပျောပေါင်းစားချင်နေတာကြာပြီ... ပြီးတော့ ငှက်ပျောကြော်လုပ်မယ့် အမှုန့်ထုပ်ကလည်းရှိနေပြီးသား ဆိုတော့ စမ်းလုပ်ဦးမယ်ပေါ့...။

ဝက်သားပြားတွေကို ဟင်းခတ်မှုန့် ပဲငံပြာရည်အကြည်နဲနဲနဲ့ နာရီဝက်နှပ် ထားလိုက်တယ်...။ နှပ်နေတဲ့အချိန် အသုပ်ထဲထည့်ဖို့ အစာပလာလေးတွေကို အဆင်သင့်လုပ်ထားရတယ်...။ မုန်လာဥနီတစ်လုံးနဲ့ သခွားသီးတစ်လုံးကို အခွံခွာ အမျှင်ခြစ်ထား..။ ခရမ်းချဉ်သီး တစ်လုံးခွဲကို ပါးပါးလှီး ပူစီနံ့တစ်စီးကို ရေဆေးထား...။ အချဉ်ရည်အတွက် ငရုတ်သီးဆော့+နှမ်းလှော်ထောင်း+ငါးငံပြာရည်+သံပုရာသီး+ငရုတ်သီးစိမ်းကို ရေနဲနဲနဲ့ဖျော်ထားတာ တစ်ခွက်လုပ်ထားပါတယ်...။ ၀က်သားပြားကို မကပ်တဲ့ဒယ်မှာ ကျက်အောင်ကြော်.... အအေးခံပြီးရင် အရှည်လိုက်လေးတွေ လှီးပြီး အဆင်သင့်လုပ်ထားတဲ့အစာပလာထဲရောထည့် အချဉ်ရည်လောင်းထည့်ပြီး ခပ်ဖွဖွလေးနယ်လိုက်ရင် ရပါပြီ....။


ငါးပိထောင်းစပ်စပ်လေး သံပုရာရည်ညစ်ထားတယ်...

 ဒါက ထမင်းစားပြီးလို့ ရှူးရှူးရှဲရှဲဖြစ်တော့ 
အစပ်ပြေ အချိုပွဲ အုန်းနို့ခပ်ပျစ်ပျစ် နှမ်းမဲဖြူးထားတဲ့ ငှက်ပျောပေါင်း

 
ရခိုင်ငှက်ပျောသီးကိုးလုံး (ကျန်တာကို ငှက်ပျောကြော်လုပ်ဖို့ချန်ထားတာ) သကြားထမင်းစားဇွန်းငါးဇွန်း ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် အုန်းနို့တစ်ဗူး(ရယ်ဒီမိတ်) ။ သကြားကိုရေနဲနဲနဲ့ အရင်ကြိုပြီး စစ်ထားပါ...။ ပြီးမှ အုန်းနို့ သကြားရည်နဲ့ဆား ကိုပြန်ရောပြီး ဆူအောင်တည်မယ်...။ ငှက်ပျောသီးကိုဖန်ရည်ကုန်အောင် ကင်မွန်းရွက် မကျည်းရွက်တို့နဲ့ တရေပြုတ်ထားပြီး ရရင်အခွံခွာထားပါ..။ အုန်နို့ပွက်ပွက်ဆူတဲ့အထဲ ငှက်ပျောသီးထည့်ပြီး မီးမြေ့မြေ့နဲ့ မိနစ်နှစ်ဆယ်လောက်တည်ရင် ချိုမွှေးဆိမ့်နေတဲ့ငှက်ပျောပေါင်းရပါပြီ...။

 အမြင်လည်းလှ စားချင်စရာလည်းကောင်းတဲ့ ယိုးဒယားငှက်ပျောကြော်...ကြွပ်ကြွပ်ရွရွလေး
 နေ့လည် နေ့ခင်း သရေစာလေးတစ်ပွဲပေါ့

 City Mart က၀ယ်ထားတဲ့ ရယ်ဒီမိတ် ငှက်ပျောကြော်အမှုန့်... ဂျုံ+သကြား+အုန်းသီးဖတ်+နှမ်း

 ဂျုံမှုန့်ကို ခပ်ပျစ်ပျစ်အနေရေနဲ့ရောပြီးဖျော်ထားတာ

 ငှက်ပျောသီးတစ်လုံးကို လေးလွှာလွှာထားတာ...


နှစ်ရက်ဆက်ပိတ်ထားတော့ ရုံးဖွင့်ဖွင့်ချင်းအလုပ်တွေရှုပ်နေတာ... ဒီပို့်စ်ကိုတောင် မနည်းအချိန်လုတင်ရတယ်...။ အဲလို ကိုယ့်ကိုအားပေးတဲ့ ကိုယ်ချစ်တဲ့ စာဖတ်သူတွေကို အဆက်မပြတ်ချင်တာပါ...း)

ပျော်ရွှင်ချမ်းမြေ့ပါစေ...

မိုးငွေ့



Saturday, 23 March 2013

အ၀ါရောင်အလွမ်း……





နွေဦးလေပြေနဲ့အတူ သံစဉ်လှလှတွေက နူးညံ့တိုးတိတ်စွာ ကိုယ့်ကိုခေါ်ဆောင်သွားကြတယ်……….။ လွမ်းစရာကောင်းလိုက်တာ……………။


အ၀ါဖျော့ရောင် နေခြည်နုနုအောက်မှာ အချစ်လိပ်ပြာကလေးတွေ ၀ဲပျံနေကြတာကို တခဏ ငေးမောနေကြည့်မိတယ်….။ စိတ်တွေထဲမှာ အလွမ်းတွေက သိပ်သိပ်သည်းသည်းလေးပင်လွန်းလို့ ထိုင်နေရင်း ပင်ပန်းလာတယ်…။ ရော်ဝါတွေကလည်း လေအဝေ့မှာ တဖြုတ်ဖြုတ်ကြွေလွင့်လို့ရယ်…….။ ရွက်နုအစို့ကလေးတွေပေါက်နေတဲ့ စကားပင်ကိုင်းပေါ်မှာ အညိုဝါကျား ငှက်ကလေးတစ်ကောင်က ခါတိုင်းလို တေးမဆိုဘဲ နှုတ်ဆိတ်လို့ ငြိမ်ငြိမ်ကလေးနားနေတယ်…..။ 


အရောင်တွေထဲမှာ အ၀ါရောင်ကို ကိုယ်မကြိုက်ဘူး….။ အလွမ်းရောင်တွေဟာ အ၀ါရောင်လား…..။ ဒါဆို ကိုယ့်ဘ၀မှာ အ၀ါရောင်တွေက အချိန်ဘယ်လောက်ကြာအောင်ရှိနေမလဲ…..။ ကိုယ်မနှစ်သက်ပါဘူးဆိုတဲ့ အရောင်ကို စွဲလန်းလာမိတဲ့ နေ့အထိလား…..။ 


ကိုယ့်ဆီမှာ ကိုယ်ပိုင်တဲ့ အ၀ါရောင်အသုံးအဆောင်ပစ္စည်းတွေက လက်ချိုးရေလို့ရနိုင်တယ်….။ ကိုယ့်မှာ တီရှပ်အ၀ါရောင်တစ်ထည် ရေခဲသားလို ပျော့ပျော့လွင့်လွင့်နဲ့ ရင်ဘတ်မှာ အတွန့်အဖတ်ကလေးပါတဲ့ အ၀ါရောင် ဘလောက်စ်အင်္ကျီတစ်ထည် အ၀ါရောင်ပိုက်ဆံအိတ် တစ်လုံးရယ်….. ရွှေတွင်းဝါလို့ခေါ်တဲ့ ကျောက်နဲ့ခတ်ထားတဲ့ လော့ကက်သီးရယ် လက်စွပ်တစ်ကွင်းရယ်ပဲရှိတာ…။ အ၀ါရောင်တွေကို တစ်နှစ်လုံးနေမှ ကိုယ်တစ်ကြိမ်နှစ်ကြိမ် ၀တ်ဆင်ဖူးတာ….။ မသိစိတ်ကများ အ၀ါရောင်ဟာ အလွမ်းရဲ့ အရောင်လို့ကြိုသိနေခဲ့လို့များလား…..။ ဒါပေမယ့်လည်း ကိုယ်မနှစ်သက်ပေမယ့်လည်း အ၀ါရောင်က ကိုယ့်အိပ်မက် ကိုယ့်အတွေး ကိုယ့်စိတ်ကူး... နောက်ဆုံး ကိုယ့်ဘ၀ကိုတောင်မှ လွှမ်းမိုးထားချင်တော့တာ……။ 


မနက်စောစော နေခြည်အရောင်ကလည်းအ၀ါရောင်….....
နွေနေ့ခင်းပြင်းပြင်းပြပြနေရောင်ကလည်း အ၀ါရောင်….......
မြေပြင်ပေါ်ကြွေခနေတဲ့ သစ်ရွက်တွေကလည်းအ၀ါရောင်…......
ရေကန်ထဲကူးလူးသွားလာနေတဲ့ ရွှေငါးတစ်ချို့ကလည်းအ၀ါရောင်…...... ကိုယ်ကော်ဖီသောက်တဲ့ ပြူတင်းပေါက်မှာလာနားတတ်တဲ့ ငှက်ကလေးရဲ့လည်ရစ်မှာ အ၀ါစင်းကလေးပါတယ်….။ ညနေသုံးနာရီအချိန်ကလည်း အ၀ါရင့်ရောင်သန်းနေတယ်….။ ညနေအိမ်ပြန်ရောက်လို့ ဖျော်သောက်မိတဲ့ လီမွန်သီးကလည်း အ၀ါရောင်….။


အ၀ါရောင်ဆိုတာ အခြေခံအရောင်ခုနှစ်ရောင်ထဲမှာ ပါသလား ကိုယ်သေချာမသိပါဘူး….။ သေချာတာကတော့ မင်းဆိုတဲ့ အဖြူရောင် အပေါ် ကိုယ့်ရဲ့ အညိုရောင်ဆေးစက်တွေ စွန်းထင်သွားလို့ အ၀ါရောင်ဖြစ်ပေါ်လာခဲ့ရတာ…။

မိုးငွေ့
 

Wednesday, 20 March 2013

ခုတလော....


တဂ်ပို့စ်မရေးရတာကြာပါပြီကောလား....။ အရင်ချိန်ခါတုန်းက မသက်ဝေတဂ်တဲ့ပို့စ်တွေကို ဘလော့ဂ်ဂါတွေ တပျော်တပါးကြီး လိုက်ရေးကြတာကိုလွမ်းမိပါရဲ့...။ ခုပို့စ်ကို မနော်(မနောဟရီ)က မသက်ဝေကိုတဂ်ထားတဲ့ပို့စ်လေး...။ မသက်ဝေက ဘလော့ဂ်ဂါတိုင်းအတွက် တဂ်ပို့စ်ပါဆိုတော့ ကိုယ်လည်း အားရ၀မ်းသာစွာနဲ့ရေးတော့တာပဲ...။ တကယ့်မူလရင်းမြစ်က မခဥမဆီကလာတာ ဖြစ်ပါလိမ့်မယ်.....။ ဘာလို့လဲဆိုတော့ မနေ့တုန်းကမှ ခုတလော(ကိုယ့်ဘာသာကိုယ်တဂ်သည်) ဆိုတဲ့ ခင်ရဲ့ပို့စ်ကိုသွား ဖတ်လာခဲ့ရတာကိုး...။ ဒီနေ့တော့ ကိုယ့်ဘလော့ရိုးလ်မှာ မသက်ဝေ နဲ့ မအိန္ဒြာ တို့ရေးထားတာတက်လာတယ်....။ ဖဘမှာလဲ မကေသွယ်နှုတ်စ်ရေးထားတာတွေ့လိုက်တယ်...။ မသက်ဝေဆီက မေးခွန်းလေးတွေကိုပဲ ပြန်ကူးပြီး ဖြေထားတာပါ...။

ခုတလော....

တွေးနေမိတာက -
(၁)ဘယ်တော့လောက်မှ မုန့်ဖုတ်ခြင်းအလုပ်ကိုစတင်ရမလဲလို့...(ပစ္စည်း ကိရိယာသံဇာပလာတွေကို ၀ယ်စုဆောင်းနေတာ ခုထိမပြည့်စုံသေးဘူး)

(၂)Small Business လေးတစ်ခုလောက်ဘာလုပ်ရင်ကောင်းမလဲလို့ (ဥပမာ မုန့်ဆိုင် အလှပြုပြင်ဆိုင်,
ဒေါ်စောယုနွယ်ကတော့ ဟောထားတယ် ညည်းကိုယ်ပိုင်နာမည်နဲ့မုန့်လုပ်ရင် အောင်မြင်မယ်တဲ့...ဟိ ခုထိတော့ မုန့်တွေကအကောင်းတိုင်းမဖြစ်သေး ပျက်နေတာချည်းပဲ)

ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
ကိုယ်အသက်ကြီးပြီ.... လုပ်ချင်ဖြစ်ချင်တာဘာမှရေရာရာရာမလုပ်ဖြစ်သေးဘူး

ကျန်းမာရေး -
ဒီလိုပဲအကောင်းဆုံးဖြစ်အောင် ဂရုစိုက်ရတာပဲ ဘာမှကြီးကြီးမားမားတွေမဖြစ်ချင်ဘူး မခံစားချင်ဘူး...ခုခေတ်ကသိတယ်မှုတ်လား...ဆရာဝန်တွေရဲ့အစမ်းသပ်ခံဖြစ်ရမှာတော့ ကြောက်တယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေက -
Real Life Real Story ဆိုတဲ့ တစ်နှစ်မှာ ခြောက်အုပ်ပဲထွက်တဲ့ မဂ္ဂဇင်းဖတ်ဖြစ်တယ်...
မွေးနေ့တုန်းက ကိုယ့်မိတ်ဆွေလည်းဟုတ် ကိုယ့်အလုပ်မှာလဲ လင့်ခ်ရှိတဲ့ ကိုယ့်ဘလော့စာဖတ်သူလဲဖြစ်တဲ့ အစ်မတစ်ယောက်ဆီက လက်ဆောင်ရထားတဲ့ ခင်နှင်းယုရဲ့ မဂ္ဂဇင်းဝတ္ထုရှည်စာအုပ်ကိုဖတ်နေတယ် မပြီးသေးဘူး.. တော်တော်ကောင်းတယ်...။

ရောက်ဖြစ်နေတာက -
ဘယ်မှသိပ်မရောက်ဖြစ် မွေးနေ့တောင် ဘုရားမရောက်ဖြစ်တာလေ...ပိတ်ရက်နှစ်ရက်ဆက်တာရှိတယ် သွားချင်တဲ့နေရာကတော့စုံနေတာ...

နားထောင်ဖြစ်နေတာက -
ချမ်းချမ်းဆိုထားတဲ့ “အိန်ဂျယ်တွေစောင့်ရှောက်တဲ့အချစ်”

ရွတ်နေဖြစ်တဲ့ကဗျာက -
စာရေးဖြစ်နေပေမယ့် ကဗျာကတော့ ကိုယ်နဲ့ဝေးပါတယ်...

ဖြစ်ချင်နေတာက -
ပန်းကလေးတစ်ပွင့်ဖြစ်ချင်မိတာပါပဲ....

စားဖြစ်နေတတ်တာက -
ပိန္နဲသီးဟင်း ညောင်ချဉ်ဖူး စွယ်တော်ရွက် ခေါပုတ် (ရှမ်းပြည်ကအစားတွေကို သံဈေးထဲလျှောက်ဝယ်ပြီး စားဖြစ်နေတယ်)
ဟိုတလောက လက်ဆောင်ရထားတဲ့ မွှေးပြီး ဆိမ့်သက်နေတဲ့ ကော်ဖီ

သနားနေမိတာက -
အသက်အရွယ်ကြီးရင့်လာပေမယ့် (တချို့ဆိုနောက်ဆုံးအချိန်ရောက်တဲ့အထိ) ကိုယ်ကိုယ်ကို ရှာဖွေမတွေ့တဲ့သူတွေ

လွမ်းနေမိတာက -
ပြောနေစရာလိုသေးလားကွယ်....း)

မေ့လျော့ပစ်နေရတာက -
စကားပြောရင် “ဒုက္ခပဲ”လို့ ထည့်မပြောမိအောင်

ခါးသက်နေမိတာက -
ကိုယ်ကိုယ်ကိုပဲထင်တယ် တွေဝေလွန်းလို့ မပြတ်သားလွန်းလို့လေ...

တမ်းတနေမိတာက -
အမြဲတမ်းစိတ်ချမ်းသာ ကြည်လင်လန်းဆန်းနေဖို့ကိုပဲ....

ကြိတ်ပြီးချီးကျူးနေမိတာက -
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်း တကုပ်ကုပ်ကြိုးစားလုပ်နေတဲ့ကိုယ်နဲ့မွေးနေ့တူတဲ့ အချစ်ဆုံးညီမလေးတစ်ယောက်ကိုပဲ...

ကြိတ်ပြီးအထင်သေးနေမိတာက -
မရှိဘူးထင်တာပဲ...လူတိုင်းမှာ အကောင်းဆုံးအရည်အချင်းကိုယ်ဆီရှိကြတာပဲ

ဆန္ဒမရှိတဲ့နေရာ -
လူအုပ်ကြီးကိုကြောက်တယ် အသက်ရှူကြပ်လို့ (လာမယ့် 23 th March လေးဖြူ +++ ဆီးဂိမ်းရံပုံငွေရှိုးကိုသွားကြည့်ချင်တာ ခုံနဲ့ဘာနဲ့ဆို သွားမယ်စိတ်ကူးမိတယ် ခုတော့ မတ်တပ်တဲ့)

ဆန္ဒရှိနေတဲ့ကိစ္စ -
အကောင်အထည်ဖော်ဖို့ အချိန်+ငွေ++ 

မုန်းတီးနေမိတာက -
လူဖြစ်ရတဲ့ဒုက္ခ

ချစ်နေတာက -
မနှစ်ကတည်းက လက်ဆောင်ရထားတဲ့ ကြောင်ရုပ်သော့တွဲလေး (ဟိုတလောက အံဆွဲသော့ခတ်ပြီး အိတ်ထဲပြန်အထည့်မှာ အိတ်ထဲမရောက်ဘဲ ကွန်ပြူတာစားပွဲလေးအောက်ကျသွားလို့ ကိုယ့်မှာ နှစ်ရက်လောက် အိမ်မှာရော အိတ်တွေအကုန်လုံးထဲမှာပါ ရှာလိုက်ရတာ)

စိတ်ပျက်နေမိတာက -
ဟန်ဆောင်မှုတွေ...အပိုစကားတွေ...

စွဲလန်းနေမိတာက -
ရေပြင်လှိုင်းလုံးကြီးပေါ်မှာ ပက်လက်ကလေးနဲ့ ကောင်းကင်ကိုမျက်နှာမော့ပြီး နေ၀င်ချိန်ကို လိမ္မော်ရောင်နေလုံးကြီးနဲ့အတူ လိုက်ပါစီးမျောရတဲ့အချိန်

လိုအပ်နေတာက -
ကိုက်နေတဲ့ခေါင်းကို အသာအယာ shampoo လုပ်ပြီး နှိပ်နယ်ပေးမယ့်သူ (ဆိုင်မသွားချင်ဘူး ပျင်းတယ်)

ရောက်နေတဲ့နေရာက -
ခုထက်ထိ နေရာမှာရပ်နေတုန်းပဲလေ..

နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
ကိုယ့်ကိုယ်ကို အချိန်တွေဖြုန်းတီးနေတယ်လို့...

နိဂုံးချူပ်လိုက်တော့ -
တဂ်ပို့မရေးဖြစ်တာကြာလို့ ခုလို မမသက်ဝေနဲ့မနော် တဂ်လာတာကို ရေးရတာ ပျော်နေတယ်...း)

ချစ်ခင်ရပါသော ဘလော့ဂ်ဂါ အစ်ကိုကြီး အစ်မကြီး မောင်ငယ် ညီမငယ်များလည်း ဆန္ဒရှိရင် ရေးပေးကြပါလို့.....။


မေတ္တာအားဖြင့်
မိုးငွေ့


Sunday, 17 March 2013

ညနေရောင်ဖဲကြိုးနဲ့ချည်တဲ့ ကော်ဖီတစ်ခွက်……



 

ကားနှစ်စီးစာသွားလို့ရတဲ့ လမ်းကလေးရဲ့ ကုန်းအဆင်းမှာ ကိုယ်လျှောက်နေတုန်း အနောက်ဖက်က ဘဲလ်ကို အသည်းအသန်တီးပြီး အရှိန်နဲ့ဆင်းလာတဲ့စက်ဘီးကြောင့် ဘေးဖက် အုတ်ခြံစည်းရိုးဖက်ကို ကပ်လိုက်တယ်...။... စက်ဘီးလေးက ကိုယ့်ဘေးနားမှာ ဘရိတ်စောင့်အုတ်ပြီး ရပ်လိုက်တယ်...။ ဖျင်ကြမ်းလွယ်အိတ်ကလေးကို ရင်မှာပိုက်ရင်း ခပ်ရွံရွံဖြစ်နေတဲ့ကိုယ်... ဒီလောက်စက်ဘီးအစီး ကြမ်းရသလားလို့ ဒေါသလဲထွက်သွားတယ်….။ တီရှပ်အဖြူဆွတ်ဆွတ် ကာကီရောင်ကွာတားဘောင်းဘီနဲ့ နက်ပြာရောင်လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားတဲ့ စက်ဘီးပိုင်ရှင်လေးက သူ့စက်ဘီးကိုဒေါင့်ထောက်ပြီး ကိုယ့်ကိုကြည့်နေတယ်….။ အိုးး…. မင်းကို ကိုယ်ရုတ်တရက် မမှတ်မိလိုက်ဘူး…။ နေစမ်းပါဦး မင်းက ဒီရပ်ကွက်ကမှမဟုတ်ဘဲ ဘာကိစ္စဒီလမ်းထဲရောက်နေရတာလဲ….။

“မမ… ဒီလမ်းထဲပြောင်းလာနေတာလား…” မင်းက ဦးထုပ်ကို ချွတ်ပြီး ကိုယ့်ကိုအရင်မေးလာတယ်..။ မမြင်တာ လနဲ့ချီနေပြီဖြစ်တဲ့ မင်းက ကိုယ်နောက်ဆုံးမြင်ဖူးထားတဲ့ ဂျစ်တူးတူး ရုပ်မဟုတ်တော့ … အသားတွေပိုဖြူလာတယ်..။ မျက်နှာတွေက ရှင်းသန့်ပြီး ပိုကြည်လင်လာတယ်…။ မင်းတော်တော်စိတ်ချမ်းသာနေပုံရပါတယ်…။ ဟင့်အင်း ကိုယ်ဒီလမ်းထဲမှာရှိတဲ့ ကိုယ့်အဒေါ်ကိုခဏလေး အဖော်လာလုပ်ပေးတာပါ…။ ဒီလမ်းကလေးက ကားဂိတ်နှစ်ဂိတ်ရဲ့ အလည်တည့်တည့်မှာမို့ ကိုယ်အိမ်ပြန်ရင် ဒီလမ်းကလေးထဲကိုဝင်ဖို့ ကိုက်နှစ်ရာနီးပါးလောက် လမ်းလျှောက်ရသေးတယ်…။ ပြီးတော့ အဒေါ့်အိမ်ရောက်ဖို့ လမ်းကလေးထဲကို နောက်ထပ် ကိုက်သုံးရာလောက်ထပ်လျှောက်ရသေးတယ်…။ လမ်းက ကုန်းလျှောမို့ ဘယ်ဆိုက်ကားမှ မမောင်းဘူး။ ကိုယ်ပိုင်ကားတွေနဲ့ လမ်းလျှောက်သူတွေပဲရှိတာ…။


တိုက်တိုက်ဆိုင်ဆိုင် မင်းကလည်း မင်းဦးလေးအိမ်ကို ခဏလာစောင့်ပေးနေတာတဲ့…။ မင်းနေတဲ့ ခြံဝင်းက ကိုယ်နေတဲ့အိမ်ထက် အတွင်းပိုင်းပိုကျတယ်…။ စက်ဘီးနဲ့ဆိုတော့အပြင်ထွက်ရတာ အဆင်ပြေတာပေါ့…။ 


“မမ နက်ဖန်ဘယ်ချိန်အလုပ်သွားမလဲ ကျွန်တော်လာခေါ်မယ်လေ…”


“ဘာအတွက်လဲ…” ကိုယ့်ရဲ့လေသံမာကျောကျော ဂျွတ်ဆတ်ဆတ်ကို မင်း မမေ့လောက်သေးပါဘူး…။


“ဟာဗျာ…လာခေါ်မယ်ဆိုခေါ်မယ်ပေါ့ အကြောင်းပြချက်လိုသေးလား… တစ်ယောက်တည်း လမ်းအရှည်ကြီး လျှောက်ရတာ အဖော်ရအောင်လို့ပေါ့” တဲ့ ။ ဒီလိုနဲ့ ကိုယ်ဒီလမ်းလေးထဲ နေဖြစ်ခဲ့တဲ့တစ်ပတ်လုံး မင်းက ကိုယ်အလုပ်အသွားအပြန်ကို အကြိုအပို့လုပ်ရတဲ့အလုပ်ပိုတစ်ခုကို ကျေကျေနပ်နပ်လုပ်ပေးခဲ့တယ်….။ ကိုယ်က မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ မနက်တစ်ခါ ညနေတစ်ခါ မင်းကို ပူရှိန်း Mint Chewing Gem တစ်ခု တစ်ခုပေးနေကျ…။ မင်းက ခြံထဲကပွင့်တဲ့ စကားပန်းပွင့်ကလေးကို တစ်နေ့တစ်ပွင့်ယူလာပေးတယ်…။ ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန်မှာ မင်းက သင်တန်းတွေတက်နေခဲ့တာတဲ့….။ ကိုယ်နဲ့တွေ့ဖြစ်နေရင်တောင် မင်းဒီလောက်စိတ်ချမ်းသာနေမှာမဟုတ်ဘူး မဟုတ်လား…။ ကိုယ်က မင်းအတွက် evil ပဲလေ…။ မင်းက တော့ ကိုယ့်ရဲ့ အိန်ဂျယ်ဆိုသလိုပဲ ကြည်စင်ဝင်းပတဲ့ မျက်နှာကိုမြင်ရရုံနဲ့တင် လူကို စိတ်ချမ်းသာသွားစေတယ်….။ အပြုံးဖြူဖြူ အသံချိုချိုတွေကိုပါ အပိုဆုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။ ပြီးတော့ ဒီလမ်းကလေးကိုလဲ ကျေးဇူးတင်တယ်… မင်းနဲ့ ပြန်ဆုံခွင့်ပေးခဲ့လို့လေ….။


တစ်ပတ်ဆိုတဲ့ အချိန်က မျက်စိတမှိတ်လိုပဲ မြန်ဆန်လိုက်တာ…။


မနက်ဖန်ဆို ကိုယ်အိမ်ပြန်ရတော့မှာ….။ မင်းနဲ့ထပ်ဆုံဖို့ဆိုတာ ဘယ်ချိန်ကျမှပြန်ရောက်လာခဲ့မလဲ တွေးတောင်မကြည့်ချင်တော့ပါဘူး..။ အင်းလေ… အစကတည်းက ဒီလိုပဲနေသားတကျရှိနေပြီးသားကို ကိုယ်ဘာကြောင့်များ အပိုလုပ်ပြီး အထွန့်တက်ချင်နေသေးသလဲ…။ တကယ်တော့ ပြန်ဆုံဖို့မဆုံဖို့ဆိုတာ ကံကြမ္မာနဲ့ တိုက်ရိုက်ပတ်သက်မှုရှိမရှိ ကိုယ်မသေချာပေမယ့်… ကာယကံရှင်နှစ်ဦးကသာ အဓိကလို့တော့ သိနေခဲ့ပါတယ်…။ ဒါပေမယ့်လည်းလေ………..

ကိုယ်ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း ကားဂိတ်ခုံကလေးမှာ မင်းကို မတွေ့ဘူး…။ ဘေးဘီကို ဝေ့ရှာကြည့်ပေမယ့်လည်း မတွေ့ရဘူး….။ မင်း အလုပ်မအားလို့မလာတာပဲနေမှာပါလေလို့ …။ ကိုယ်လမ်းကလေးရှိရာကို ကိုယ့်ဘာသာလျှောက်လာခဲ့လိုက်တယ်…………။ ညနေအိမ်ပြန်ချိန်တွေထဲမှာ မင်းပါဝင်ခဲ့တဲ့ နေ့ရက်တိုတိုကလေးအတွင်းမှာပဲ မင်းရဲ့လွှမ်းမိုးမှုတွေက အင်အားပြင်းခဲ့ပြန်ပါလားကွယ်….။

လမ်းလေးထဲကိုကိုယ်ချိုးဝင်လိုက်တော့မှ မင်းရဲ့စက်ဘီးဘဲလ်သံလေးကြားလိုက်တယ်….။ 


“မမကို ကော်ဖီတိုက်မလို့ Surprise လုပ်ချင်လို့ ဒီနားကစောင့်နေတာ…”


ခုနက လမ်းတလျှောက်လေးပင်ခဲ့တဲ့စိတ်တွေ ခုမှပေါ့ပါးသွားခဲ့တယ်… မင်းကိုယ့်ကိုစောင့်နေသားပဲ…။ ကျေးဇူးပါ…။ ကိုယ်တို့လမ်းထဲမ၀င်ဘဲ လမ်းမကြီးပေါ်မှာရှိတဲ့ ကိုယ်ဆင်းရတဲ့ ကားဂိတ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ စူပါမားကတ်တစ်ခုက ကော်ဖီဆိုင်ကို သွားလိုက်ကြတယ်။ ကိုယ်နဲ့မင်းဆုံဖူးခဲ့သမျှ မင်းကိုယ့်ကို ပထမဦးဆုံးတိုက်တဲ့ ကော်ဖီလေးတစ်ခွက်….။ ခါတိုင်းကိုယ်တို့က လိုင်းပေါ်မှာပဲ ကော်ဖီအတူသောက်ခဲ့ဖူးတာ မဟုတ်လား…။ ကိုယ့်ကို စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော… ရူးသွပ်တယ်ပဲပြောပြော ဖြစ်နိုင်ရင် အဲဒီဆိုင်က မင်းတိုက်ခဲ့တဲ့ကော်ဖီခွက်ကလေးကိုတောင်…ကိုယ်က သိမ်းထားချင်ခဲ့တာ….။ အော်…မင်းကော်ဖီဖိုး ရှင်းခါနီးတော့…မင်းပိုက်ဆံထုတ်ရင်း ပိုက်ဆံတွေကြားထဲက ငွေမှင်ရောင်စိမ်းပြာပြာ ပီကေခွံလေးတွေကို အစီအရီကလေးထပ်ပြီး ထည့်ထားတာ တွေ့ဖြစ်အောင် တွေ့လိုက်သေးတယ်…။

 


ကျေးဇူးတင်လိုက်တာ………………………………………………                      ကိုယ့်ရဲ့အိမ်ပြန်ချိန်တခဏလေးကို ညနေရောင်ဖဲကြိုးတွေနဲ့ 
လှလှပပချည်နှောင်ရစ်ပတ်ပေးခဲ့လို့…........................................
ကမ္ဘာပေါ်မှာ မွှေးပျံ့လတ်ဆတ်ဆုံး ကော်ဖီတစ်ခွက်ကို ဖန်ဆင်းပေးခဲ့လို့………………...............

ကိုယ်ဘယ်တော့မှမမေ့နိုင်မယ့် အမှတ်တရတွေကို ပန်းစည်းတွေလို တပွေ့တပိုက်ယူဆောင် လာပေးတတ်တဲ့မင်းဟာ…….. ကိုယ့်ရဲ့ကောင်းကင်မှာ အမြဲတမ်းသာမယ့် လပြည့်လတစ်စင်းပါပဲ……..။


မိုးငွေ့