မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 24 October 2013

သမုဒယ(အဆုံး).....

















ကော်ဖီညနေ….(ငွေနှင်းမှုံ)


ရုံးသမားပီပီ သောကြာနေ့ညနေဆို ပျော်တတ်ကြတာ တစ်ပတ်လုံး ပင်ပန်းခဲ့သမျှကို သောကြာနေ့လိုညနေမျိုးမှာ အိမ်မပြန်ကြသေးဘဲ ကိုယ်ထိုင်ချင်တဲ့ ဆိုင်တွေမှာ ကော်ဖီသောက်မုန့်စား ၀ယ်စရာလေးတွေဝယ်တတ်ကြတာမဟုတ်လား…။ ဒီညနေတော့ ကျွန်မ သူငယ်ချင်းနဲ့ Balazone ကကော်ဖီဆိုင်မှာချိန်းလိုက်တယ်…။

ကော်ဖီကောင်တာမှာ ကျွန်မစားနေကျအတိုင်း မြေပဲဒိုးနပ်တစ်ခုနဲ့ ကော်ဖီအပူတစ်ခွက်အတွက် ပိုက်ဆံရှင်းပြီး ကော်ဖီဗန်းလေးကိုကိုင်ပြီး ကျွန်မတို့ထိုင်နေကျ ဖိနပ်ဆိုင်နဲ့ကပ်လျက် ဒေါင့်စားပွဲဝိုင်းဆီကို အသွားမှာ… တစ်ယောက်ကိုတစ်ယောက် စနောက်ပြီး ၀င်လာနေတဲ့ ကောင်လေးသုံးယောက် အနောက်ကိုမကြည့်ဘဲ နောက်ပြန်ကြီးဆုတ်ပြီး ဆိုင်ထဲဝင်လာတဲ့ ကောင်လေးက ကျွန်မကိုဝင်တိုက်လိုက်ပါရော…။

“ဟားး... သွားပါပြီ…”

ကော်ဖီခွက်က ဗန်းထဲကနေအောက်ကိုကျပြီး မှောက်ကုန်ရော မုန့်ကတော့မကျ တော်ပါသေးတယ် ကော်ဖီပူတွေ ကျွန်မခြေဖမိုးနဲ့လွတ်သွားခဲ့တာ…။

“ကျွတ်… ဘယ်လိုဟာတွေမှန်းမသိဘူး” ကျွန်မကိုယ့်ဘာသာညည်းညူရင်း သူတို့ကို ဘာမှအဖက်လုပ်ပြီးမပြောနေတော့ဘဲ… မုန့်ဗန်းကို စားပွဲပေါ်တင်ပြီး ကောင်တာမှာ  ကော်ဖီနောက်တစ်ခွက် သွားမှာဖို့ပြင်လိုက်တယ်…။

“ဆော်ရီးအစ်မ…ဆောရီးနော် ကျွန်တော်တကယ်မမြင်လို့ပါ… ခြေထောက်အပူလောင်သွားသေးလား မသိဘူး… ကျွန်တော်ဘာလုပ်ပေးရမလဲဗျ ”

တိုက်မိတဲ့ ကောင်လေးက ကျွန်မကိုတောင်းပန်နေပေမယ့် ကျွန်မက သူ့တို့မျက်နှာကိုတောင်မှ လှည့်မကြည့်ဘဲ ကော်ဖီနောက်တစ်ခွက်ထပ်သွားမှာလိုက်သည်…။ ကောင်လေးက သူတောင်းပန်တာကို လုံးဝဂရုမစိုက်တဲ့ ကျွန်မကိုနဲနဲတော့ အောင့်တီးအောင့်တောင့်လေးဖြစ်နေခဲ့ရှာမှာပေါ့…။နောက်တော့ သူတို့ဘာသာသူတို့ ကျွန်မထိုင်တဲ့ဝိုင်းနဲ့ တစ်ဝိုင်းကျော်မှာ နေရာယူပြီး ကော်ဖီတွေမုန့်တွေ မှာပြီး စားကြရင်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့်နဲ့ တွတ်ထိုးနေကြတယ်…။

တအောင့်နေတော့ ကျွန်မသူငယ်ချင်းရောက်လာတယ်…။

“အ၀င်း နင်ကလည်းကြာလိုက်တာ ....”

“အေးဟာ ရုံးဆင်းခါနီးကို ဖုန်းက၀င်လာလို့ အဲဒါဖြတ်နေတာနဲ့ကြာသွားတယ် ဆောရီးဟာ…နေဦး ငါမုန့်သွားမှာဦးမယ်”

မင်းမင်းဝင်း ကော်ဖီကောင်တာမှာ မုန့်တွေမှာတုန်း စောစောက ကျွန်မကိုဝင်တိုက်တဲ့ကောင်လေး သုံးယောက်ထဲက အသားညိုညိုကောင်လေးကထပြီး သွားနှုတ်ဆက်တာတွေ့လိုက်တယ်…။ ပြီးတော့ ကျွန်မကိုလည်းလှမ်းကြည့်ပြီး တစ်ခုခုပြောနေပုံရတယ်…။

မင်းမင်းဝင်း ကော်ဖီဗန်းနဲ့ ကျွန်မဆီပြန်ရောက်လာတော့ ကောင်လေးပါပါလာခဲ့တယ်…။ ကျွန်မကိုဝင်တိုက်တဲ့ ကောင်လေးတော့မဟုတ်ဘူး…။

“ငွေမှုံ ငါ့ မောင်လေးသူငယ်ချင်း နင့်ကိုဝင်တိုက်တာဆို ”

“အင်း အဲဒါသူတို့ကတောင်းပန်ချင်လို့တဲ့”

“ဟာ…နေပါစေ..ရတယ် ရတယ် မောင်လေး အစ်မလဲဘာမှဖြစ်တာမဟုတ်ဘူးနော်…”

“ဟုတ် မကြီး… ကျွန်တော့်သူငယ်ချင်းက အရမ်းအားနာနေလို့လေ အဲဒါကြောင့်… မကြီးကသူ့ကိုဘာမှပြန်မပြောတော့ သူရှက်နေလို့”

မင်းမင်းဝင်းမောင်လေးက ပြောလည်းပြောရင်း သူတို့ဝိုင်းကိုလှမ်းကြည့်တော့ ကျွန်မကိုတိုက်မိတဲ့ကောင်လေးက အသားဖြူတော့ မျက်နှာလေးနီရဲပြီး ပြန်လှမ်းကြည့်နေတာ တွေ့လိုက်တယ်…။

“ရပါတယ် သူငယ်ချင်းတွေ အေးဆေးသွားသောက်ကြပါ အစ်မဘာမှမဖြစ်ဘူးနော်…” 
ကျွန်မက ဇာတ်လမ်းရှည်နေမှာစိုးလို့ စကားကိုဖြတ်လိုက်တယ်…။ သူငယ်ချင်းမောင်လေးပြန်သွားတော့မှပဲ ကော်ဖီကိုအေးဆေးဆက်သောက်ရတော့တယ်…။ ကျွန်မအဲလို စိတ်ရှုပ်တာမျိုးတွေကိုမကြိုက်..။

“အဲဒါ ငါ့မောင်တစ်ဝမ်းကွဲရဲ့ သူငယ်ချင်းလေ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ခဏအလည်ပြန်လာတာ”

“အင်း..အင်း… ခုခေတ်ကောင်လေးတွေကို ငါတော့ကြည့်မရပါဘူး မျက်စေ့နောက်တယ်…”

“နင်က ခုခေတ်မှမဟုတ်ပါဘူး ဘယ်ခေတ်ကယောကျာ်းတွေဖြစ်ဖြစ်ကြည့်မရတာမဟုတ်လား”တဲ့…။


@@@@@@


ကော်ဖီညနေ…..(ဥာဏ်မင်းခ)


အလည်ခဏ ပြန်ရောက်တာမကြာသေးတဲ့ ကျွန်တော့်ဆီကို  ငယ်သူငယ်ချင်းတွေဖြစ်တဲ့ အာကာနဲ့ ဗညားတို့နှစ်ယောက် ရောက်လာခဲ့ကြတယ်…။ ကော်ဖီဆိုင်သွားထိုင်ရအောင်ဆိုလို့ ကျွန်တော်တို့ခြံနဲ့ သိပ်မဝေးတဲ့ ကားပတ်ကင်ချောင်တဲ့ Balazone ကိုပဲရွေးလိုက်ကြတယ်…။

ဗညားကကားမောင်း အာကာက အရှေ့ခန်းမှာထိုင် ကျွန်တော်ကအနောက်မှာထိုင်ပြီးလိုက်လာခဲ့တယ်…။

“ဟေ့ကောင်…ဥာဏ်.. မင်း ဟိုရောက်တာ တကယ်ပဲ အီစီကလီတစ်ယောက်တောင်မရှိခဲ့ဘူးလား..”

ကောင်မလေးသိပ်စွံတဲ့အာက က ကျွန်တော့်ကို မိန်းကလေးတွေနဲ့ပတ်သက်လာရင် သိပ်စိတ်ဝင်စားလေ့ရှိတာ ကျောင်းတုန်းကတည်းကပါပဲ…။

“မင်းကို ကျောင်းကတည်း ကောင်မလေးတွေဒီလောက်ကြိတ်ကြိုက်ကြတာ မင်းတစ်ယောက်ကိုမှ ပြန်စိတ်မ၀င်စားခဲ့ဘူး”

“အဲတုန်းက အထက်တန်းကျောင်းသားပဲရှိသေးတာကိုကွာ ငါ စာကလွဲလို့ ဘာကိုမှာ စိတ်မ၀င်စားချင်ပါဘူး..”

“အိုကေ ခုရော…..”

“ခုလည်းမရှိဘူး… ငါ့မှာ ကျောင်းစာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတာ ဘာမှ စိတ်မ၀င်စားပါဘူးကွာ…”

ကားပတ်ကင်မှာ ကားရပ်ပြီး ဆင်းလိုက်ကြတော့ စကားခဏပြတ်သွားကြတယ်…။

အပေါက်ဝကိုသွားတဲ့ အချိန်တော့ အာက က စကားပြန်ဆက်တယ်။

“ဥာဏ်မင်းက ဘယ်မိန်းကလေးမှ စိတ်မ၀င်စားဘူးဆိုတော့ ဧကန္တမင်းက ဟိုဟာလား…..”

အာကာက ကျွန်တော့်ကို သက်သက်မခံချင်အောင်လာစမှန်းသိလို့ ကျွန်တော့်သူ့ကို ခပ်ဖွဖွ လက်သီးနဲ့ရွယ်လိုက်တော့ သူကျွန်တော့်လက်သီးကိုရှောင်ရင်း ကျွန်တော်တို့သုံးယောက်သား ၀ရုန်းသုန်းကားနဲ့ ကော်ဖီဆိုင်ထဲဝင်လာလိုက်တာ ရှေ့ကိုမကြည့်ဘဲ အာကာ့ကိုပဲ ကျွန်တော်က ခေါင်းလိုက်ပုတ်နေတာ နောက်ဆုတ်ရင်း တစ်ယောက်ယောက်ကို တိုက်လိုက်မိတော့တယ်…။

ဒီကောင်တွေနဲ့တွေ့ဖြစ်ရင် အဲလိုအမြဲဖြစ်နေကျ တွေ့လားခုလည်းသူတို့နဲ့ စနောက်ရင်း တဖက်က ကော်ဖီဗန်းကိုင်လာတဲ့ အမျိုးသမီးကို တိုက်လိုက်မိပြီ..။

“ဆောရီး ဆောရီးပါအစ်မ…”

ကျွန်တော်အားနာစွာနဲ့ တောင်းပန်နေပေမယ့် အမျိုးသမီးလေးက ကျွန်တော့်ကိုလူတစ်ယောက်လို့တောင် အသိမှတ်ပြုရဲ့လားမသိ တကယ်လုံးဝကို မကြည့်ဘဲ သူ့ဘာသာသူ ကောင်တာမှာ ကော်ဖီအသစ်တစ်ခွက် သွားမှာနေသေးတယ်…။ ဘယ်လိုအမျိုးသမီးပါလိမ့်…။ တလောကလုံးသူ့လုပ်စာ စားနေတဲ့ မျက်နှာထားမျိုးနဲ့…။

ကျွန်တော်တို့ တစ်ဝိုင်းခြားလောက်မှာ ကော်ဖီနဲ့မုန့်မှာသောက်နေချိန် ခနနေတော့ ဗညားအစ်မတစ်ဝမ်းကွဲဆိုင်ထဲဝင်လာလို့ ဗညားကသွားနှုတ်ဆက်နေတာ ဗညားအစ်မက ခုနကျွန်တော်တိုက်မတဲ့ အမျိုးသမီးနဲ့တစ်ဝိုင်းထဲမှာ…။ ဗညားပြန်ရောက်လာတော့..။

“ငါ့အစ်မတစ်ဝမ်းကွဲသူငယ်ချင်းတဲ့ ငါက မင်းတိုက်မိလို့ အရမ်းအားနာလို့ တောင်းပန်ချင်တဲ့ အကြောင်းပြောတော့ သူက ရတယ်ရတယ်နဲ့အပြတ်ငြင်းတော့တာ.. ဘယ်လိုအမျိုးသမီးလဲ မသိပါဘူးကွာ ဘုကလန့်နိုင်မယ့်ပုံပဲ…”

“မင်းနဲ့တော့လိုက်တယ် ဥာဏ်  မင်းကလဲ မိန်းကလေးတွေကို စိတ်မ၀င်စားတတ်တဲ့သူ ဟိုကလည်း ဘယ်ယောက်ျားကိုမှ လူမထင်တဲ့သူပဲ…”

“အင်း…ငါ အဲလိုမျက်နှာမျိုးကို ဘယ်မှာမြင်ဖူးလဲမသိဘူး တစ်နေရာရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေတယ်လို့ ခံစားမိတယ်… ဗညား မင်းအစ်မဆီကနေ မသိမသာလေး သူ့အကြောင်းစုံစမ်းပေးပါလား…”

ကျွန်တော့်စကားကြောင့် နှစ်ကောင်စလုံး ပြိုင်တူပြူးကြည့်ကြတယ်။

“ဘာလဲ ဥာဏ် မင်း သူ့မာနကိုပြန်ချိုးချင်လို့လား…”

“ဟာ… အဲလိုလုပ်စရာလား… ငါ သူ့ကို စိတ်ဝင်စားလို့…”

“မင်းကတော့ကွာ မမနဲ့မောင်လေးဇာတ်ကိုလုပ်ချင်နေတာလား……ဟဟဟ…”

ကျွန်တော့်အတွေးနဲ့ ကျွန်တော်ပြုံးရင်း သူထိုင်တဲ့နေရာကိုလှမ်းကြည့်လိုက်တော့ အကြည့်ချင်းဆုံမိသွားခဲ့တယ်…။ သူက ချက်ချင်းအကြည့်လွှဲပစ်လိုက်လို့… ကလေးဆိုးတစ်ယောက်လို ဖြစ်နေတဲ့ သူ့မျက်နှာကြည်ကြည်လေးကို ကျွန်တော်ဆက်ငေးချင်မိ သွားခဲ့တယ်…။

  
@@@@@@



ဝိုင်ချိုညနေ…..(ငွေနှင်းမှုံ)


ဘော့စ်က သူ့မွေးနေ့မို့ ကျွန်မတို့ တစ်ရုံးလုံးကို နာမည်ကြီးဟိုတယ်တစ်ခုရဲ့ နိုင်ငံတကာ ဘူဖေးနဲ့ ညနေစာကျွေးပါတယ်…။ အားလုံးရုံးကပဲသွားတာမို့ ညနေလဲဝတ်ရမယ့် အ၀တ်အစားကို အဆင်သင့်ယူလာကြတယ်…။ အယောက်နှစ်ဆယ်ကို နှစ်ဝိုင်းခွဲထိုင်လိုက်ကြတယ်..။ နိုင်ငံတကာဆိုတော့ ကိုယ်စားချင်တဲ့ အစားစာကောင်တာကို ပန်းကန်လေးယူပြီး ကြိုက်တာယူထည့်ကြတယ်…။ ကျွန်မက အိန္ဒိယစာဖြစ်တဲ့ ချာပါတီတို့ ထောပတ်ထမင်း အမဲသားနှပ်တို့ကို အရင်ယူစားပါတယ်…။ သောကြာညမို့လို့လည်း လူကများလို့ စားစရာတွေကို ထည့်ရတာ တန်းစီနေရတယ်…။ တော်သေးတယ် ကျွန်မရှေ့က တစ်ယောက်က သူထည့်ရင်း ကျွန်မယူမယ်ထင်တဲ့  ဟင်းတွေကိုယူမလားလို့ အမူအရာလေးနဲ့ပြလို့ ကျွန်မလည်းအလိုလိုနေရင်း သူ့နောက်တကောက်ကောက်လိုက်မိ ရပ်သားဖြစ်သွားခဲ့တယ်…။  သူထည့်သမျှ စားစရာတွေ ကျွန်မကကြိုက်ရင် သူကလိုက်ထည့် ပေးသလိုဖြစ်နေတယ်…။ လူများနေတော့ ကျွန်မလည်း ဂဂျီဂဂျောင်မကျနိုင်တော့…။

“မမငွေမှုံ ဘယ်တုန်းက ဘော်ဒီဂတ်ရသွားသလဲ” တဲ့ …။ 
ကျွန်မနေရာမှာ ပြန်ထိုင်တော့ ၀ိုင်းမေးကြတာ…။

“ဘာဖြစ်လို့လဲ…ဘယ်ကဘော်ဒီဂတ်တုန်း…”

“အမယ် မသိချင်ယောင်ဆောင်နေတယ် ခုနကမမ ပန်းကန်ထဲကို စားစရာလေးတွေထည့်ထည့်ပေးနေတဲ့ ကောင်လေးလေ မျက်မှန်အကြီးကြီးနဲ့…”

“ဟာ.. ငါနဲ့မသိပါဘူး သူထည့်နေတာ ငါက သူ့နားမှာမို့ တခါးတည်း ကြုံလို့ထည့်ပေးလိုက်တယ်ဒါပဲ…ငါကဖြစ် စားစရာတွေပဲရွေးနေတာ အဲကောင်လေးကိုတောင်သေချာ မကြည့်မိပါဘူး….”

“အဲဒါပဲ… မျက်စိမှိတ်နားပိတ်မနေနဲ့ မရွှေမှုံ… ညည်း ဖူးစာရှင် အရှေ့တည့်တည့်ရောက်လာတောင် သတိမထားမိဘူးဖြစ်နေမယ်” တဲ့… ဘော့စ်က ကျွန်မတို့စကားကိုကြားပြီး ၀င်ပြောလိုက်သေးတယ်…။

ကျွန်မကတော့ သူတို့ဘာပြောပြော စိတ်ကိုမ၀င်စားဘူး…။ ယောကျာ်းဆိုတာ စိတ်ဝင်စားစရာ အထင်ကြီးစရာလို့ကို ခေါင်းထဲထည့်မထားခဲ့တာမျိုး….။

ကျွန်မ အီတလီစာရှိတဲ့ ကောင်တာမှာ ဆလပ်ကိုစိတ်ကြိုက်ထည့်နေတဲ့အချိန် ရုံးက ကလေးမလေးက အနားရောက်လာပြီး လက်လာတို့သေးတယ်… ခုနက ကျွန်မကို ဟင်းထည့်ပေးတဲ့ ကောင်လေးကိုပြတယ်…။ တီရှပ်အဖြူဆွတ်ဆွတ်နဲ့ ကာကီရောင် ကွာတားဘောင်းဘီဝတ်ထားတဲ့ မျက်မှန်ဘောင်ကြီးကြီး ဆံပင်ကွေးကောက်ကောက်နဲ့ကောင်လေးက ပင်လယ်စာတွေကို သူ့ပန်းကန်ထဲထည့်နေတယ်…။ ကလေးမတွေကို ဟန့်ရသေးတယ် မိန်းကလေးဖြစ်ပြီး ကလက်တက်တက်ဖြစ်မနေကြနဲ့လို့…။

ဘော့စ်က ကျွန်မတို့အားလုံးအတွက် အကောင်းစားဝိုင်တစ်လုံးယူလာခဲ့သေးလို့… ကိတ်မလှီးခင် ၀ိုင်အရင်ဖောက်ကြတယ်…။ ကျွန်မ ၀ိုင်ရဲ့ ခါးသက်သက်ချဉ်တင်တင်အရသာကိုသိပ်ကြိုက်တယ်…။ ၀ိုင်ဆိုတာ မာနကြီးကြီးမိန်းမတစ်ယောက်လိုပဲလို့ ကျွန်မမြင်တယ်…။ သူ့မှာ လှပတဲ့အရောင်အဆင်းရှိတယ်… တစ်ဖက်သားကို မူးယစ်ရီဝေအောင်ဆွဲဆောင်နိုင်တယ်…. အပေါ်ယံအလှသက်သက်မဟုတ်ဘဲ လူတစ်ယောက်ကိုမေ့မျောသွားနိုင်စွမ်းတဲ့ အရည်အချင်းရှိတယ်…။

ဒါပေမယ့် ကျွန်မကိုတော့ ၀ိုင်က မေ့မျောသွားတဲ့အထိ မဖမ်းစားနိုင်ပါဘူး…. ဘယ်လောက်သောက်သောက် ကျွန်မခေါင်းတွေကို ခပ်ထွေထွေ ရီဝေေ၀အဆင့်ထက် မဖမ်းစားနိုင်ပါဘူး….။

@@@@@@



ဝိုင်ချိုညနေ …..(ဥာဏ်မင်းခ)



“ဟေ့ကောင်တွေ…ငါအခု ငါ့အစ်ကိုနှစ်ယောက်နဲ့ ဘူးဖေးလာစားတာ နှင်းနဲ့တွေ့နေတယ်… ကံကောင်းလိုက်တာကွာ မင်းတို့ကိုမြင်စေချင်လိုက်တာ…”

“အော်… ကောင်းစားနေတယ်ပေါ့လေ… သူငယ်ချင်းတွေကိုတော့မေ့ထားတယ်ပေါ့…”

“မဟုတ်ပါဘူး… မေမေက ငါမပြန်ခင် ကိုကိုတို့နဲ့ ဒင်နာအေးဆေးသွားစားဆိုလို့… မင်းတို့ကိုလည်းငါတစ်ညကျွေးဦးမှာပါ..”

ကျွန်တော့်မှာ နှင်းနဲ့ဆုံရလို့ ၀မ်းသာအားရနဲ့ သူငယ်ချင်းတွေကိုဖုန်းနဲ့လှမ်းကြွားသလောက်…နှင်းကဖြစ် ကျွန်တော့်ကို မှတ်တောင်မမှတ်မိတဲ့အပြင်… ကြည့်ကိုမကြည့်တာ…။ သူဟင်းသွားထည့်တိုင်း ကျွန်တော် အနောက်ကနေဖြစ်ဖြစ် အရှေ့ကဖြစ်ဖြစ်ကြိုရောက်နေတာလည်း သတိထားမိပုံမပေါ်ဘူး…။ အဲသလောက်တောင်ပဲ ယောက်ျားတွေကို လူတစ်ယောက်လို့ မသတ်မှတ်ထားရသလားဗျာ..။

နှင်းက သိပ်လှတယ်… ။ ဟုတ်တယ် ကျွန်တော်ငယ်ငယ်တုန်းက အိမ်ရောက်လာခဲ့တုန်းက နှင်းမျက်နှာလေးကို ဒီနေ့ထိ ကျွန်တော်မှတ်မိနေသေးတယ်…။ နှင်းကတော့ ကျွန်တော့်ကို မေ့နေလောက်ရောပေါ့နော်…။ ကျွန်တော့်ဆံပင်ကောက်ကွေးတွေကို လက်ညိုးနဲ့ခွေဆော့လိုက် ပါးကိုဆွဲလိမ်လိုက်နဲ့ နှင်း ကျွန်တော့်ကိုချစ်လို့ အဲတုန်းက ကျွန်တော့်ပါးလေးကိုတောင် ခဏခဏနမ်းခဲ့သေးတာမဟုတ်လား….။

ကျွန်တော်ဟာ..နှင်းသိပ်ချစ်ခဲ့တဲ့ သားပျိုပါလို့ ခုနေသွားပြောရင်.. နှင်းယုံမှာမဟုတ်တဲ့အပြင်.. ကျွန်တော့်ကို ဘုကြည့်ပြီး ပြသနာပြန်မရှာရင်ကံကောင်း…။ ဘာတွေလာကြောင်နေသလဲလို့ စီးပြောလိုက်မှာလည်း မြင်ယောင်နေမိသေးတယ်…။

မကြာခင် ကျွန်တော်ကျောင်းပြန်သွားတက်ရတော့မှာ… နှင်းနဲ့ ကျွန်တော် အကြာကြီးခွဲသွားရဦးမှာ…..။

လွမ်းလိုက်တာဗျာ………။

နှင်းမသိဘဲ….. ဟောဒီကမ္ဘာမြေပေါ်က တစ်နေရာရာမှာ နှင်းကို တိတ်တခိုးကြိတ်ချစ်နေတဲ့ လွမ်းနေတတ်တဲ့ ကောင်လေးတစ်ယောက် အရှင်လတ်လတ်တကယ်ရှိနေတယ် ဆိုတာ နှင်းယုံအောင် နှင်းသိအောင် ကျွန်တော်ဘယ်အချိန်ကျမှ သက်သေပြရမှာလည်း….။

မာနခပ်ကြီးကြီး ပြတ်သားလှတဲ့ နှင်းရဲ့နှုတ်ခမ်းလှလှတစ်စုံ ၀ိုင်ဖန်ခွက်လေးကိုတေ့လိုက်မိတိုင်း ကျွန်တော်အသက်ရှူကြပ်ကြပ်သွားခဲ့ရတယ်…။

@@@@@@



မိုးညနေ….(ငွေနှင်းမှုံ/ဥာဏ်မင်းခ)



ရုံးမှာ ဘော့စ်က သူ့စက်ကပ်ကြေး(secretry)မရှိလို့ဆိုပြီး ကျွန်မကို နိုင်ငံခြားသားတစ်ယောက် အကြိုခိုင်းလိုက်ပါတယ်…။ ကားကိုလည်း ဒရိုင်ဘာမရှိလို့ သူ့ကားကောင်းကြီးကို ပေးလိုက်ပါတယ်..။ လူကတစ်ခါတည်း သူ့စက်ကပ်ကြေးလည်းဖြစ် ဒရိုင်ဘာလည်းဖြစ်သွားပါရောလား..။ ကားကောင်းဆိုတော့ မနည်းသတိထားမောင်းနေရသေးတယ်လေ…စိတ်များ အာရုံများလို့မဖြစ်…။

ကားလမ်းသိပ်မကြပ် မီးပွိုင့်လွတ်တာနဲ့ကြုံလို့ လေယာဉ်ကွင်းကို မိနစ်နှစ်ဆယ်နဲ့ရောက်သွားခဲ့တယ်…။ ကျွန်မ အ၀င်ကပ်ပြားကိုဖြည့်ပြီးဝင်လိုက်တယ်…။ လေယာဉ်ဆိုက်ဖို့ ဆယ့်ငါးမိနစ်လောက်လိုသေးတယ်…။ ဧည့်သည်တွေစောင့်တဲ့ ထိုင်ခုံမှာကျွန်မ၀င်ထိုင်လိုက်တယ်…။ ဧည့်သည်ကဘန်ကောက်ကလာမယ့် ထိုင်းအမျိုးသမီးတစ်ယောက်..။ ဘော့စ်က ကျွန်မကို ထိုင်းစကားပြောတတ်လို့လည်း ခိုင်းလိုက်တာဖြစ်တယ်…။

“ဘုတ်…”

ကျွန်မနဘေးကခုံမှာဝင်ထိုင်ရင် ကျောပိုးအိတ်ကိုခြေချတဲ့နေရာမှာ ဘုတ်ခနဲချလိုက်တာကြောင့် ကျွန်မကိုယ့်အတွေးနဲ့ကိုယ် လန့်သွားလို့ ရုတ်တရက်ကိုယ့်ရင်ဘတ်ကိုဖိမိလိုက်တယ်…။

“ဆောရီး ဆောရီးအစ်မ… ”

ကျွန်မအသံကို ကြားဖူးနေလို့ စောင်းငဲ့ကြည့်လိုက်တော့ Ray Ban နေကာမျက်မှန်တပ်ထားတဲ့ မျက်ခုံးထူထူနဲ့ကောင်လေး…..။   သူ့ကို ကျွန်မတစ်နေရာရာမှာ မြင်ဖူးနေပေမယ် ဘယ်မှာမြင်ဖူးတယ်ဆိုတာကို အချိန်ကုန်ခံစဉ်းစားမနေဖြစ်တော့….။ ကျွန်မကြိုရမယ့် ဧည့်သည်ကလည်း လေယာဉ်ဆိုက်လို့ ပစ္စည်းတွန်းလှည်းတွေနဲ့ တချို့တွေထွက်လာနေတာမို့ နေရာကနေ ဧည့်သည်ကြိုဖို့ ထွက်သွားလိုက်တော့တယ်…။

တွေ့လား… နှင်းကတော့လေ ဘယ်တုန်းကမှ ကျွန်တော့်ကို စိတ်ဝင်တစားနဲ့ သတိထားမိတယ်လို့ကိုမရှိဘူး…။ ဒါပေမယ့် ကျွန်တော်ပျော်တယ်သိလား…။ ကျွန်တော်ပြန်သွားရမယ့်နေ့ကို နှင်းနဲ့နှုတ်ဆက်ခွင့်မရလို့ စိတ်မကောင်းဖြစ်မိနေခဲ့တာ…။ ခုလို တိုက်တိုက်ဆိုင်ဆိုင်လေယာဉ်ကွင်းမှာ လာဆုံရလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မက်ရဲခဲ့တာမဟုတ်ဘူး…။

စောင့်နေပါနှင်း…… ။
နှင်းရှိရာဆီကို တစ်နေ့ကျွန်တော်ပြန်ရောက်လာခဲ့ပါ့မယ်….။ နေကာမျက်မှန်အောက်က ကျွန်တော့်မျက်ဝန်းတွေ စိုစွတ်နေခဲ့တာကိုလည်း နှင်းသိလိမ့်မယ်မထင်ဘူး….။



@@@@@@



ငယ်စဉ်ကတည်းက မေမေ့ကိုထားပစ်ခဲ့ပြီး တခြားမိန်းမနောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တဲ့ ဖေဖေ့ကို စိတ်နာတာရယ် မေမေ့လို အဖြစ်မျိုးကြုံရမှာကိုကြောက်တာရယ်က အခြေခံပြီး ငယ်စဉ်ကတည်းက ခေါင်းထဲ စွဲမြဲလာခဲ့တဲ့ အစွဲတစ်ခုကို သူက သူ့ရဲ့မေတ္တာတွေ အချစ်တွေနဲ့ ဆေးကြောပေးခဲ့တယ်….။

“ထူးဆန်းလိုက်တာနော်…. ကိုယ်နဲ့အကြိမ်ကြိမ်ဆုံဖြစ်ခဲ့လျက်သားနဲ့ မင်းကိုကိုယ်က သားပျိုမှန်းသိဖို့မပြောနဲ့ သာမန်ယောက်ျားတစ်ယောက်အဖြစ်နဲ့တောင်သတိမထားခဲ့မိတာလေ…”

“ခုလို ကျွန်တော်တို့ပြန်ဆုံရတာ ဘာကြောင့်လည်းသိလား…”

ကျွန်မသူ့ရင်ခွင်ထဲ ပါးအပ်ထားရင်း သူ့ရင်ခုန်သံကိုနားထောင်ရင်း သူ့စကားတွေကို စိတ်ဝင်စားနေမိတယ်..။

“နှင်းကို ဟိုးးး ငယ်ငယ်လေးကတည်းက စွဲလန်းချစ်ခင်ခဲ့တဲ့ မေတ္တာတွေက တနေ့တခြား ထုထည်ကြီးကြီးလာလို့ပေါ့ဗျ…….”

ကျွန်မသူ့ကို တင်းကျပ်စွာတိုးဖက်ထားမိတော့တယ်….။ ဟိုအရင်တုန်းကတော့ ကျွန်မတစ်ယောက်တည်း ကမ္ဘာကိုတည်ဆောက်ခဲ့တယ်…။ ခုတော့ ကျွန်မကမ္ဘာထဲမှာ ကျွန်မတစ်ယောက်တည်းမဟုတ်တော့ဘူး… ကျွန်မချစ်တဲ့သူရယ်… ကျွန်မရဲ့ ချစ်မ၀ သူ့ရဲ့ ကိုယ်ပွားအသည်းတုန်လေးရယ်နဲ့……ပြီးပြည့်စုံတဲ့ ဘ၀မရှိတော့ပါဘူး….။


အစ အလယ် အဆုံးထိ အားပေးဖတ်ရှုပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်...း)

မိုးငွေ့


2 comments:

သဒ္ဓါလှိုင်း said...

ဖတ်လို့ကောင်းလိုက်တာ မမိုးရေ.။
မရောက်တာကြာလို့ စာတွေဖတ်ပြီး ပီတိဖြစ်ရတယ်.
ချမ်းမြေ့ပါစေ မမိုး....
ချစ်ခင်လျက်
သဒ္ဓါ

Han Kyi said...

ဟိုက်ရှားဘားစ်...

နာမည်တွေ အပျံစားပါကလား...အင်း ဦးဟန်ကြည်တို့များကျတော့ တောကျချက်ကတော့ ချက်ကြီးနဲ့ ဂွက်ထော်တို့လောက်ပဲ ခေါင်းထဲက ထွက်နေတော့တာကိုး...

အစ အလယ် အဆုံး သုံးပိုင်းလုံး ဖတ်ပြီးတော့ ငယ်စိတ်ကလေး ပြန်မွေးသွားပါကြောင်းဗျား...