မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 17 October 2013

ကင်းမွန်ဝက်ပေါင်ခြောက်နှစ်တစ်ရာသီးကြော်.....


သံဈေးကနေကင်းမွန်(ပြည်ကြီးငါး) တစိပ်သား တစ်ထောင့်ငါးရာဖိုးဝယ်လိုက်တယ်...။ အနေတော်အရွယ်လေးနဲ့ လတ်လဲလတ်တယ်...။ ကင်းမွန် ခုနှစ်ကောင်ရှစ်ကောင်လောက်ရမယ်ထင်တယ် အဲဒါကို ရေဆေး အပေါ်ယံခရမ်းရောင်အလွှာလေးတွေခွာ လက်တံလေးဖြုတ် မှင်ရည်လေးညှစ်ထုတ် မျက်လုံးထုတ်ပြီး ဆေးလိုက်တယ်...။ နိုင်ငံခြားမှာတော့ အဲဒီပြည်ကြီးငါးမှင်ရည်နဲ့ လုပ်တဲ့ ခေါက်ဆွဲအမဲရောင်(squad ink pasta)ဆိုပြီး ရောင်းတာ နာမည်ကြီးတယ်ဆိုပဲ ...။ ဆားခတ်ထားတဲ့ ရေဆူဆူအိုးထဲ တစ်မိနစ်ထည့်ပြုတ်ပြီး  ကင်းမွန်တွေကို မပါးတပါးအကွင်းလိုက်လေးလှီး လက်တံတွေကိုတော့ ထက်ပိုင်းပိုင်းထားမယ်...။

ပါဝင်ပစ္စည်းများ
  • ကင်းမွန်အစိပ်သား
  • ၀က်ပေါင်ခြောက်နှစ်ချပ်
  • နှစ်တစ်ရာသီးလက်တစ်ဆုပ်စာ(အခွံခွာပြီးပြုတ်ထားပါ)
  • ကြက်သွန်နီဥကြီးတစ်ဥ
  • ကြက်သွန်ဖြူ နှစ်မွှာ
  • ဂျင်းလက်တစ်ဆစ်
  • ခရမ်းချဉ်သီးတစ်လုံး
  • ငရုတ်သီးငါးတောင့်
  • ပဲငံပြာရည်ကြည် ထမင်းစားဇွန်းတစ်ဇွန်း
  • ခရုဆီ ထမင်းစားဇွန်းတစ်ဇွန်း
  • နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • သကြား လက်ဖက်ရည်တစ်ဇွန်း
  • ဟင်းခတ်မှုန့် လက်ဖက်ရည်တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဆီ စားပွဲဇွန်းသုံးဇွန်း

ဒယ်ထဲမှာဆီပူလာပြီဆို ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ရှစ်စိပ်စိပ်ထားတဲ့ ကြက်သွန်နီနဲ့ အချောင်းလိုက်လေးပါးပါးလှီးထားတဲ့ ဂျင်းကိုဆီသတ်ပါမယ်..။ မွှေးလာပြီ ရေနွေးဖျောထားတဲ့ကင်းမွန် ၀က်ပေါင်ခြောက် ပြုတ်ပြီးသားနှစ်တစ်ရာသီး ငရုတ်သီးစိမ်း ခရမ်းချဉ်သီးရှစ်စိပ်စိပ်ထားတာကိုထည့်ပြီး မီးပြင်းပြင်းမှာ တစ်မိနစ်မွှေပေးပြီး ကျန်တဲ့ ဟင်းခတ်တွေအားလုံးထည့်ကြော်ပါ ရေနွေးလေးနဲနဲထည့်ပြီး သုံးမိနစ်လောက်နှပ်ပေးပြီး အရည်လေးနဲ့စားချင်ရင် အရည်လည်းကျန် ဟင်းလည်းနူးတဲ့အချိန်မှာ မီးပိတ်လိုက်ပါ...။ ငရုတ်သီးစိမ်းအစား ငရုတ်ပွ ငရုတ်သီးခြောက်အတောင့်ကြီးတွေကိုလည်း ကြိုက်သလို ထည့်ကြော်လို့ရပါတယ်...။ အရည်ချိုချို ဂျင်းနံ့ငရုတ်နံ့လေးမွှေးပြီးစပ်တဲ့ အရသာမို့ ကြော်ပြီးတာနဲ့ ပူပူသုံးဆောင်ပါ...။

မိုးငွေ့


3 comments:

ခင်ဘုန်း said...

အဲဒီ မှင်ရည်နဲ. ပါစတာ စားလိုက်တာ လျှာတွေရော သွားတွေရော ပါးစပ်တခုလုံး မဲကုန်ပါရောလား
ကျမတော. မကြိုက်ဘူး

San Htun said...

နှစ်တရာသီးဆိုတာ ဘယ်လိုလေးပါလိမ့်..မမိုး ဓာတ်ပုံရိုက်ပြီး တင်ပေးပါဦးနော်..ညီမ မသိလို့ ..

မိစံ said...

ဝါ၀ါလုံးလေးတွေက
နှစ်တစ်ရာသီးဖြစ်မယ်
ခုမှမြင်ဖူးတယ်
မကြီးလက်ရာကတော့ ရှယ်ဘဲ..း)