မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 12 March 2013

ပြောချင်ဆိုချင်လွန်းလို့ပါ…..


နေ့လည်နှစ်နာရီရဲ့ နေပူရှိန်ပြင်းပြမှုအောက်မှာ တားမိတဲ့… အငှားကားတစ်စီးက… အပြင်ပန်းကကြည့်တော့ ကိုယ်ထည်မဆိုးဘူးလို့ထင်ထားတဲ့ ဗင်ကာတစ်စီး…။ တာမွေ မဟာသန္တိသုခကို ဘယ်လောက်လဲဆိုတော့ နှစ်ထောင်ပါတဲ့….။ ဒီခရီးကို ကိုယ်က နှစ်ထောင့်ငါးရာ သုံးထောင်လို့မှန်းထားတာ နှစ်ထောင်ဆိုတော့ ဘာဖြစ်ဖြစ်တန်တယ်ဆိုပြီး ချက်ချင်းပဲ ကားပေါ်တက်လိုက်တယ်…။ အပြင်ဖက်က နေပူဒဏ်ကိုကြာကြာမခံချင်တော့တာ ကြောင့်လဲဖြစ်တယ်..။ ကားထဲဝင်ထိုင်လဲပူတာပါပဲ….။ ဟိုတလောက ရုံးကို ဥရောပဖက်က နိုင်ငံခြားသားနှစ်ယောက်ရောက်လာပါတယ်….။ သူတို့နှစ်ယောက် မြန်မာပြည်ရောက်နေတာ တစ်လရှိနေပြီ…ရုံးမှာ အဲကွန်းက အပူရှိန်ကိုမနိုင်တော့ သိပ်မအေးဘူး… သူတို့ဘယ်လိုနေတယ်မသိဘူး ကိုယ်ကတော့နေရာမှာ ယပ်ကလေးခပ်ပြီးနေတော့တယ် …။ ကိုယ့်ကိုကြည့်ပြီး အဲဒီဖော်ရိန်နာကောင်လေးက “very warm… very warm” တဲ့…သူတို့က ပူအိုက်တာကို hot လို့မသုံးဘူး warm တဲ့…။

အငှားကားက မဟာဗန္ဓုလလမ်းအတိုင်းမောင်း လမ်းမတော်မီးပွိုင့်ကျတော့ ချိုးကွေ့လိုက်ပြီး လမ်းမတော်လမ်းအတိုင်း ထောင်တက်သွားတယ်….ပြီးတော့ ဗိုလ်ချုပ်မီးပွိုင့်ကျ ဗိုလ်ချုပ်လမ်းပေါ် ပြန်ကွေ့လိုက်တယ်…။ အဲဒီမှာစတာပဲ…စကော့ဈေးမီးပွိုင့်ကိုမိလိုက်တာမှ လသာ(၂)ကျောင်းရှေ့ကနေ သုံးကြိမ်လောက်မှလွတ်တော့တယ်… အဲဒီမှာ ဘယ်နှစ်မိနစ်ကြာသွားသလဲတော့မသိ အချိန်ကိုလစ်လျူရှု အပူရှိန်ကို မေ့ချင်ယောင်ဆောင်ထားပြီး ခေါင်းထဲမယ်..စာတစ်ပုဒ်ရေးနေမိတော့တယ်…။ ဒီကားသမားနယ် ဒီဖက်လမ်းမကွေ့ဘဲ… လမ်းမတော်အတိုင်းဆက်သွား ဦးဝိစာရအ၀ိုင်းပတ် ရွှေတိဂုံဘုရားကနေ အ၀ိုင်းထပ်ပတ်ရင်တော့ မြန်ဦးမယ်လို့ စိတ်ထဲတွေးနေမိတယ်…။

တကယ်ပါ… ခုခေတ်အခါ ကားတွေပေါပေါလောလောဖြစ်နေတော့ အိမ်ထဲမှာ အလုပ်အကိုင်မရှိသူတွေတောင် ကားလေးတစ်စီးကောက်ဝယ် သေချာကျွမ်းကျင်မှုမရှိဘဲ လမ်းပေါ်တက်မောင်း လမ်းကြောနားမလည်… လမ်းမသိ…ဘာမသိနဲ့…။ တချို့ကျတော့ မီးပွိုင့်ရှောင် ကားကြပ်တဲ့နေရာရှောင်ရင်း ဖြတ်လမ်းလိုက်ရာက နီးရက်နဲ့ဝေး နီးနီးလေးနဲ့ရောက်မယ့်ခရီးကို ပတ်နေတော့ လမ်းရှည်ပြီး သူ့တို့ခင်မျာ ဓါတ်ဆီပိုမကုန်ဘူးလား…။ အဲလို အရစ်ရှည်တဲ့ ကားသမားနဲ့တွေ့လို့ကတော့ အဲဒါ ရွာလည်ပြီသာမှတ်တော့…။ မီတာနဲ့တွက်ယူလို့ကတော့ ကျွတ်စကီးပဲ…။ ဟိုတပတ်ပိတ်ရက်တုန်းကလည်း ဘုန်းကြီးကျောင်းတစ်ခုက မင်္ဂလာဆောင်ကို သွားပါတယ်..။ ကိုယ်ကနေရာမသိလို့ ဖိတ်စာထဲကအတိုင်းကားငှားမိပါတယ်… ကားသမားက ကိုယ့်ထက်ပိုဆိုး… နီးနီးလေးရှိနေတဲ့နေရာကို မသိရင်လည်း မမေးမမြန်းနဲ့ ဇွတ်မောင်းနေတာ…။ မေးပါများ ဖိနပ်ပေါက် ရွာရောက်တဲ့…။ နောက်ဆုံး ကိုယ်လည်းမနေနိုင်တော့ ခင်ဗျားနေရာကို သေချာမသိရင် လမ်းမေးပါလားလို့ နောက်က တို့တော့မှ လိုရာခရီးကို နောက်ပြန်လှည့်မောင်းရတော့တာပေါ့… ကဲအချိန်မကုန်ဘူးလား… လောင်စာဆီမကုန်ဘူးလား….။ အဲဒီတော့မှ စီမံခန့်ခွဲမှုပညာဆိုတာ နေရာတိုင်းလူတိုင်းအတွက် အရေးပါတာပါလားလို့ ပိုသတိထားမိလာတယ်…။ ဟုတ်တယ်…စီမံခန့်ခွဲမှုဆိုတာ ကိုယ့်အိမ်ရဲ့ နောက်ဖေးမီးဖိုချောင်လေးအတွက်တောင်မှ အရေးပါပါတယ်…။ ကားမောင်းသမားမှာလည်း ခရီးသည်က ကိုယ့်ကားကိုငှားလိုက်ပြီဆိုရင် လိုရာခရီးကို ဘယ်လိုလမ်းကသွားရင် အဆင်ပြေချောမွေ့မလဲဆိုတာ ခေါင်းထဲမှာ ဒက်ခနဲ ဒက်ခနဲသိနေရမယ်….။ ကိုယ်လုပ်နေတဲ့ နေ့စဉ်အလုပ်ရဲ့ ဘယ်လိုအဆင်ပြေအောင်လုပ်နိုင်မလဲဆိုတာ ကြိုတင်စီမံခန့်ခွဲတတ်ဖို့ အရေးကြီးပါတယ်….။

ကဲပါ ကားစီးတာလေးပြန်ဆက်ကြစို့….။ စကော့မီးပွိုင့်မှာကြာတော့ ဒီတော့မှ ကားအတွင်းခန်းကိုကြည့်မိတယ်…။ ထိုင်ခုံဆိုဖာကတော့ ထိုင်လို့ရပါတယ် နည်းနည်းညစ်ထေးထေး ဖြစ်နေတာကလွဲရင်ပေါ့ တံခါးပေါက်နှစ်ခုဖက်စလုံးကတော့ ကာဗာတွေမရှိတော့ဘူး ဟောင်လောင်း အတွင်းကလီစာတွေကို အတိုင်းသားမြင်နေရတယ်….။ ဒီလို အဂါင်္မစုံတဲ့ကားတွေကို ပေးမမောင်းသင့်တော့ဘူးလို့တော့ထင်တယ်…။ ကားအသစ်အသစ်တွေထပ်ထပ်ဝင် ကားအဟောင်းတွေလည်းမသိမ်း အဲဒါတွေကြောင့်နဲ့ ကားလမ်းက တစ်နေ့တစ်နေ့ပိတ်နေတာ…။ စကော့မီးပွိုင့်ကျော်တော့လည်း ဈေးရှေ့မှာ ကားတန်းကြီးက တအိအိနဲ့။ ဒွတ်ခပဲ… မင်ဂါဆောင်ချိန်က ၂နာရီကနေ ၄နာရီတဲ့…။ ရုံးတက်ရက်ဆိုတော့ အချိန်ခိုးပြီးလဲ ကြိုမထွက်ချင်တာမို့ နှစ်နာရီတိတိမှာစထွက်လိုက်တာ… လမ်းမှာတင် တစ်နာရီလောက်ကြာမလားပဲ..။ ဘာကြောင့် ဒီလမ်းကိုရွေးမောင်းနေသလဲ သူဘယ်လိုသွားမလဲဆိုတာကိုပဲ ကိုယ်တိတ်တဆိတ်နဲ့ ဘာမှ ဝေဖန်ချက်မပေးဘဲလိုက်လာလိုက်တယ်..။ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်းလာလိုက်တာ ရေကျော်လမ်းမဖက်ကွေ့ပြီး ပုစွန်တောင်စက်ဆန်းဖက်ရောက်တော့… ကားလည်းချောင်ရော.. ကားသမားက လီဗာကို မိုင်ကုန်နင်းပါတော့တယ်…။ ဒီတော့မှကိုယ်သဘောပေါက်တာ သူက တာမွေမီးပွိုင့် ကျောက်မြောင်းဘက်ကိုရှောင်ပြီး မြို့ပတ်လမ်းကပတ်မောင်းတာကိုး…. ဒီလမ်းအတိုင်းဆက်သွားရင် ….ကြက်တန်းကျဆက်မသွားဘဲ ကွေ့လိုက်ရင် မဟာသန္တိသုခကိုရောက်မှာကိုးး..။ 

အောင်မလေး…အဲဒီမှာစတာဗျ…။ ကားက တ၀ီဝီအရှိန်နဲ့ လေတွေတိုက်လိုက်တာ ကေပျက်ပါလေရော… ဘာမှတာ့ ပြင်ဆင်လာခဲ့တာမဟုတ်ပါဘူး…။ မနက်က ရုံးတက်တဲ့အတိုင်းလေးပဲကို အ၀တ်စားလေးပဲလဲခဲ့လိုက်တာ…။ နှုတ်ခမ်းတောင်ထပ်မဆိုးဖြစ်ဘူး…။ ပူအိုက်လွန်းလို့ မျက်နှာပေါ်ကို ဘာမှထပ်မတင်ချင်တော့တာ…။ ဆံပင်ကိုစည်းခဲ့မလို့ဘဲ… နောက်တော့ဒီတိုင်းလေးပဲချထားလိုက်တာ ကောင်းပါတယ်ဆိုပြီး ထွက်လာတာ…။ ခုတော့ မွေးမေလေ့ပဲ…လေတိုက်တာ တိုက်တာ… ဟိုရောက် စုတ်ဖွားကြီးဖြစ်ဘယ်နှယ့်လုပ်မလဲ။ မှန်တင်မယ်ကြံတော့ မှန်တင်တဲ့ ခလုတ်လက်လှည့်ကမရှိ…။ ဆံပင်ကို လေထဲမလွင့်အောင်လက်တစ်ဖက်ကစုကိုင်ထားပြီး …ငါတော့ ဂျာရစ်ရဲ့ ဇာတ်ကောင် “တင်သိန်းအေး” ဖြစ်ပါပြီတော်လို့ စိတ်ထဲတမိတော့တယ်…။

တော်ပါသေးရဲ့ ကားစုတ်ကလေးက လမ်းမှာမပျက်လို့…။ ဘယ်ချိန်ဘုန်းကြီးကျောင်း ရောက်သလဲတော့ မသိချင်တော့ဘူး…။ ခန်းမထဲမတော့ လူတွေပြည့်နေပြီ…။ ၀င်ဝင်ချင်းဝိုင်းမှာပဲ.. တီတင့်နဲ့ ဗညားကိုတန်းတွေ့လို့ ဗညားဖယ်ပေးတဲ့နေရာမှာဝင်ထိုင်လိုက်တယ်…။ ဟူးးး…။ ထုံးစံအတိုင်း ကော်ဖီ မုန့်သုံးမျိုးနဲ့ သီးစုံရေခဲမုန့်… အင်း ဒီချိန်က တီးတိုင်းမ်ပဲလေ…။ ကိုယ်က ရေခဲမုန့်မကြိုက်တော့ ကော်ဖီပဲသောက်တယ်…။ သုံးယောက်သား စကားလက်စုံကြလိုက်တာ… သတိုးသား သတိုးသမီးလာနှုတ်ဆက်တာတောင် သေချာပြန်မပြောနိုင်ကြဘူး… အဲလို အဲလို….။ ပြန်ခါနီး… သတိုးသား သတို့သမီးနဲ့ ဓါတ်ပုံတွဲရိုက်သေးတယ်…။ တီတင့်နဲ့ ရွှေဂုံတိုင်မီးပွိုင့်ထိ လမ်းကြုံလိုက်လာပြီး ရုံးအပြန်ကို ကားထပ်ငှားလိုက်တာ အလာတုန်းကလိုမဟုတ်လို့ တော်သေးတယ်။ ဗင်ကား ခပ်သန့်သန့်ပဲ ကားသမားက အဲကွန်းတောင်ဖွင့်ပေးလိုက်သေးတယ်……။

ကိုယ်တို့ ဘလော့ဘော်ဒါတွေများ စံွံလိုက်ကြတာ ဒီနှစ်ထဲမှာပဲ မင်္ဂလာဆောင်လုပ်တာ လေးတွဲရှိပြီ…။ ပြီးတော့ ရတဲ့ကောင်မလေးတွေကလည်း ငယ်ငယ်ချောချောလေးတွေ….။ ဒါပေမယ့် ဒီလို ပူအိုက်လောင်မြိုက်တဲ့ နွေရာသီကြီးမှာ မင်္ဂလာဝတ်စုံကြီး ကျဉ်းကျပ်ကျပ်နဲ့ သူတို့ခင်ဗျာမှာလဲ ဒုက္ခအတော်ခံရရှာမှာလို့….။ ကိုယ်ကတော့ အဲလိုဧည့်ခံပွဲကို အေးအေးလူလူ လွတ်လွတ်လပ်လပ် ကမ်းခြေမှာပဲလုပ်တာ သဘောကျတယ်…း))  ဒါပဲနော် ခလုတ်တော့လာမတိုက်ကြနဲ့….။ ဒါနဲ့ ပွင့်လင်းရာသီ ၀ါလကင်းလွတ်ရာသီကြီးမှာ ဆောင်လိုက်ကြတဲ့ မင်္ဂလာတွေကြောင့် ဘုန်းကြီးကျောင်းတွေ ခန်းမတွေလည်း လက်မလည် နေရာမရှိ နောက်နှစ်များအထိတောင် ဘိုကင်အပြည့်ဆိုပဲ…။ စိတ်ကူးတစ်ခုတောင်ရသွားတယ်… ပိုက်ဆံများချမ်းသာလို့ကတော့ မြေဧကကျယ်ကျယ်တစ်ခုမှာ ခန်းမကြီးကြီး လေးခုဆိုင်ဆောက်ပြီး  Wedding Planner အလုပ်လေးလုပ်ရင်ကောင်းမလားလို့….။ ကားပါကင်ကျယ်ကျယ်အစားအသောက်ကောင်းကောင်း..။ ခန်းမမှာဆောင်မလား မြက်ခင်းပြင်မှာဆောင်မလား ဒါမှမဟုတ် လေတဟူးဟူးနဲ့ အဆောက်အအုံ အပေါ်ထပ် လသာပြင်က Pool Sideမှာ ဆောင်မလား အဲလို ၀န်ဆောင်မှုအပြည့်နဲ့ လုပ်ပေးမယ်…..။ ဟုတ်တယ်နော် ဒီလိုအလုပ်က ၀ါတွင်းသုံးလမှာပဲအလုပ်နဲနဲပါးမယ်… မကောင်းဘူးလား…အိုင်ဒီယာ..။

ရည်ရွယ်ချက်ကတော့ ပူပူလောင်လောင်နေ့မှာ ကားစီးရင်း ရလာတဲ့ ပို့စ်တပုဒ်ကို မျှဝေချင်တာပါပဲ…း)

 မိုးငွေ့

8 comments:

Han Kyi said...

ရန်ကုန်တော့ ဦးဟန်ကြည် ကြောက်ပါ့ဗျာ...စူ့ထက်စူ လူစွမ်းကောင်းတွေချည်းပဲ...အဝေးပြေးကားကွင်း ဟိုဘက်ကွင်းကနေ သည်ဘက်ကွင်းကို ကားငှားလိုက်တာ မောင်မင်းကြီးသားက သုံးထောင်တောင် ပက်ပက်စက်စက် တောင်းထည့်လိုက်ပါရဲ့...စိတ်ပေါက်ပေါက်နဲ့ ပိတ်ပက်ပြောတော့လည်း အပြုံးကို မပျက်တာကလား...ပိုက်ဆံကို တရားသော မတရားသော ငမ်းငမ်းတက်း)

ဦးဟန်ကြည်တို့ ဇနပုဒ်သား မောင်နှံခမျာ ဟိုနားသွားလည်း တက်စီ သည်နားလည်း တက်စီနဲ့ ခမျာများကလည်း ချစ်ရှာကြပါတယ်ကွယ်...ဘီးတစ်လှိမ့်ကို တစ်ထောင်...ရန်ကုန် တစ်ပတ်ခရီးမှာ စာရင်းချုပ်လိုက်ရင် တက်စီက တစ်သိန်းကျော်သဗျား... မယုံရင် ပုံပြင်သာ မှတ်ပေရော့...သည်တစ်ခေါက်ရန်ကုန်လာရင်တော့ ကိုယ့်ကားနဲ့လာနိုင်ရင်လာ မလာနိုင်ရင်လည်း တက်စီခတွေ ဈေးသက်သာမှပဲ မြို့ပတ်တော့မယ်း(

မိုးနတ်ကြယ်စင် said...

တိုင်စီတွေအကြောင်းတော့ ပြောနဲ့ မ ရာ
ိစိတ်ကုန်လွန်းအားကြီးလို့......
ရန်ကုန်မှာ အမြဲနေဖြစ်တဲ့သူမဟုတ်တာတောင်
မကြာခဏရောက်နေတော့ သိတယ်
တော်တော်ဆိုးတယ်...ဘာတွေတိုးပြီး ဘာတွေတက်
လာတာလဲတော့ မသိဘူးးးးးးးးးးး
ဟိုနားလေးကိုတော့ သဘောအကျဆုံးပဲ မ
မပြုံးပဲ ၀ါးလုံးကွဲသာ ရယ်ချလိုက်မိတော့တယ်
ငါတော့ ဂျာရစ်ရဲ့ ဇာတ်ကောင် “တင်သိန်းအေး” ဖြစ်ပါပြီတော်လို့ စိတ်ထဲတမိတော့တယ်… ဆိုတာကိုလေ
အဲဒါ ညလေးလဲ ဖတ်ရတယ် :P
စိတ်အ၀င်စားဆုံးကတော့ ဒီနှစ်ထဲမှာပဲ
စွံတဲ့ ဘလော့ဂါမောင်နှမတွေ အကြောင်းလေ
မိုးနတ်သိတာက အကိုမောင်ဘကြိုင်တစ်ယောက်ပဲ
သိတာမို့ ကျန်တဲ့သူတွေကိုပြောပြပေးပါလား မ
နောက်ပြီး မ Wedding Planner လုပ်ဖြစ်ရင်
ညလေးကို လက်တို့လိုက်ဖို့ မမေ့နဲ့နော်...ညလေး
အားကြီးစိတ်ဝင်စားတယ်....အဲ့အလုပ်က
အဆင်ပြေလောက်တယ်လို့ ယူဆမိလို့
ရှယ်ယာဝင်မလို့ပါ :PPPPPPPPPPPPP
ချစ်တဲ့ မိုးနတ်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သများပွဲတွေချည်းလှိမ့်တက်ရပါသော အကျိုးကျေးဇူးကြောင့် ငတို့အီမားဂျီးမိုးငွတ်လည်း ထိုထိုအတွဲများနည်းတူ ငယ်ငယ်ဂျောဂျောလေး နဲ့ ရွှေလက်အမြန်တွဲနိုင်ပါစေကြောင်း ဆုမွန်းတောင်းးးးး




မောင်မောင်ချိုင်း)

ညိမ်းနိုင် said...

ညန်မာပြည်မှာကားတွေအတော်ကျပ်လာတယ်ကြားတယ်၊
ဝမ်းနဲရမှာလားဝမ်းသာရမှာလား မိသိန်းကြည်လို့မေး
ရမယ့်ပုံပဲ...၊မင်ဂါတွေဆောင်ကြတာ ပျော်တော့ပျော်စ
ရာကြီးရယ်.....၊ကျွန်တော်လည်း အပျော်မင်ဂါဆောင်
မလားလို့.....စဉ်းစားနေတာဗျ.....ငိငိငိငိငိ...။

အိမ်မက်စေရာ said...

ဖတ်ရင်း မျက်လုံးထဲ ပေါ် ပေါ်လာတယ်..မိုးငွေ့ ဆံပင် ရှုပ်ပွလေးနဲ့ မင်္ဂလာဆောင်ရောက်သွားတဲ့ပုံလေးကို..ဒီလိုလေး ဖတ်ရတာ ကောင်းတယ် အိမ်မက်တို့ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးတဲ့ နေရာကနေ မြန်မာနိုင်ငံက မိတ်ဆွေတွေ ဘယ်သွားလဲ ဘာလုပ်လဲ ..ဘာတွေကြုံရလဲ ဆိုတာ ဖတ်ရတာ ကိုယ်တိုင် ကို ရောက်သွားသလိုပဲ..

မိုးညချမ်း said...

ခိ ခိ ... ဘလော့ဂါတွေစွံလိုက်ကြတာလို့ မမကပြောတော့ comment ထဲပါအောင် ထည့်ရေးမှပါလေလို့ တွေးတုန်း ဒါပဲနော် ခလုတ်တော့လာမတိုက်နဲ့ဆိုလို့ ထည့်မပြောတော့ဘူး ... ဟုတ်တယ် မမရေ ရန်ကုန်မှာလမ်းကြောမသိတဲ့ ကားသမားတွေ အပေါက်ဆိုးတဲ့ကားသမားတွေ ကားကို တော်တော်မှစုတ်နေတာတွေလည်း မကြာခဏကြုံဖူးတယ် ... စိတ်ကိုပျက်ရောပဲ ... :)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မရောက်လိုက်ရ မဆင်နွှဲလိုက်ရတာ နာလေခြင်းကွယ်.. ညီရဲကို အားနာနေတာ.. ငါလည်းခရီးလွန်နေတာလေ.. ဘာဖြစ်ဖြစ် ငါ့သူငယ်ချင်း တင်သိန်းအေးတော့ မဖြစ်သေးဘူးမဟုတ်လား
.. ဟိဟိ

blackroze said...

တော်သေးတာပေါ့
မကြီးမိုးငွေ့ရယ်
တင်သိန်းအေးလို
စတော်ကင်မဝတ်ထားတော့
စိတ်ပူစရာမ၇ှိပါဘူးလေ..