Wednesday, 31 October 2012
ရင်ဖွင့်ဖော်.....
မင်းကိုမြင်နေရတယ်.... ကိုယ်နှုတ်ဆက်ရမလား  ကိုယ်ဘာလုပ်ရမလဲ....
အရောင်တွေ ဘာကြောင့်မှောင်နေသလဲ....။ မင်းရဲ့ရှေ့တော်ပြေး အဖြူရောင်အလင်းတန်းတွေရော ဘယ်ရောက်ကုန်ပြီလဲ....။ အနက်ရောင်အတောင်ပံတစ်စုံနဲ့ မင်းစိတ်တွေသုန်မှုန်နေတယ်...။ အတိတ်ပုံရိပ်တွေ ထပ်ကြပ်မကွာလိုက်ခံနေရတဲ့မင်းကို ကိုယ်ဘယ်လိုဖြေသိမ့်ပေးရမလဲ...။
အဲဒီညက စကားလုံးတွေအများကြီး လွင့်လာခဲ့ကြတယ်....။ အားမနာပါနဲ့လေ... ကိုယ်ဟာ မင်းအတွက် ထာဝရ ရင်ဖွင့်ဖော်ပါ...။ မင်း တစ်ခုခုခံစားရတိုင်း ကိုယ့်ကိုတိုင်တည်ပါ.... ကိုယ်မင်းပြောမယ့် စိတ်ညစ်စရာစကားဖြစ်ဖြစ် ပျော်စရာစကားဖြစ်ဖြစ် အချိန်မရွေးနားထောင်ပေးမှာပါ...။
မင်းဟာ ကိုယ့်အတွက် အိန်ဂျယ်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ မင်းအမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် အရာရာကိုဖန်ဆင်းပေးမယ့်ကိုယ်...မင်းရဲ့ အိန်ဂျယ်တော့ဖြစ်ချင်ပါတယ်...။
ကျေးဇူးပါ အိန်ဂျယ် ကိုယ့်ကို အရင်ဆုံးနှုတ်ဆက်တဲ့အတွက်...း)
ps. အခုမှသတိရလို့ ကိုယ်တင်ထားတဲ့ ပုံလေးတွေက Halloween Night အတွက် ဒီဇိုင်းတွေဖြစ်နေတယ် တိုက်တိုက်ဆိုင်ဆိုင်
မိုးငွေ့
Sunday, 28 October 2012
Shock......
ဒီးဒီလို့ခေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့ Shock ဒီဗီဒီအမ်လ်ဘမ်လေး ပြီးခဲ့တဲ့ 21th Oct တနင်္ဂနွေတုန်းက Junction Square မှာလက်မှတ်ထိုးတယ်လို့ ကြော်ငြာဘုတ်မှာတွေ့လိုက်တယ်...။ ဒီအမ်လ်ဘမ်ထဲက သီချင်းတွေကို စီဒီမှာကတည်းက ခပ်အေးအေးသီချင်းတွေကို နားထောင်ဖူးထားပြီး ကြိုက်လည်းကြိုက်တယ်...။ ဒါကြောင့် တစ်ခွေဝယ်ပြီးအားပေးလိုက်တယ် ဒီးဒီကို...။ သူ့ကိုလုံးလုံးလေးနဲ့မို့ချစ်လည်းချစ်တယ် female hip hop အဆိုတော်ထဲမှာ သူ့ကိုကြိုက်တယ်...။ ဒီခွေထဲမှာ ဒီဇိုင်းတွေက အမေရိကန်မိန်းမရက်ပ်ပါ နီကီ့မီနာ့ခ်ျ ဖက်ကိုနဲနဲလေးနွယ်နေတယ်လို့ခံစားရတယ်...ဆိုပုံဆိုပေါက်တွေရောပေါ့...။ ဒါပေမယ့် လုံးလုံးလျားလျားခိုးချထားတာမျိုးမဟုတ်ပါဘူး...။ (စကားချပ်။  ။ နီကီကတော့ ဟိုဖက်နိုင်ငံတွေမှာ ကလေးတော်တော်များများရဲ့ အချစ်တော်ပေါ့ သူက ဘာဘီရုပ်ဒီဇိုင်းပြင်တာများတယ်လေ...။ wig တွေဆိုလဲ ပန်းရောင် အစိမ်းရောင် ခရမ်းရောင် အ၀ါရောင် အဲလိုအရောင်စုံသုံးတာ...) ဒီးဒီရဲ့ ဆံပင်နီညိုရောင်က သူ့မျက်နှာလေးနဲ့တော်တော်လိုက်ဖက်တယ်...။ ပထမ တစ်ကိုယ်တော်အမ်ဘမ် ဆေးရောင်လှလှခြယ်ရအောင် အမ်တီဗီကိုဝယ်ထားပြီး ဖွင့်မရလို့ ခုထိမကြည့်ရသေးဘူး...။ အဲဒါလေးလည်း ကြည့်ပြီးရင် review လေးပြန်ပြောပြဦးမယ်...။ ဒီနှစ်ထဲ အဆိုတော်အသစ်တွေ စီးရီးတော်တော်များများထွက်ကြတယ်... ဘယ်သူအဆိုကောင်းလဲ မကောင်းလဲတော့ သိပ်မသိဘူး...။ အော်... ဒါနဲ့ ဖြူဖြူကျော်သိန်းရဲ့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေသည်” ကို တစ်ခွေလုံးနားမထောင်ရသေးဘူး...။
သီချင်းအားလုံး ၁၂ပုဒ်ပါတယ်....။ ကိုယ်အကြိုက်ဆုံးသီချင်းကတော့ အနားနားရှိတဲ့အခိုက် ဆိုတဲ့တစ်ပုဒ်ပဲ။ ကြိုက်လွန်းလို့ဖုန်းရင်းတုံးလုပ်ထားတယ်ခုထိပဲ...။ တခြားအေးတဲ့ သီချင်းလေးတွေလဲကြိုက်တယ်...။ ချစ်နေတုန်းပဲ တို့... ပျော်ပါစေတို့... ပြီးတော့ ကိုမျိုးကျော့သီချင်းဖြစ်တဲ့ အရာရာပြောင်းလဲခဲ့ပြီတို့ပေါ့...။ ကိုယ့်အထင်မမှားဘူးဆိုရင်  ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ဒုက္ခ စီးရီးထဲကသီချင်းပါ...။
ပထမဆုံးပုဒ်က လူညာကြီးတဲ့ Gothic ဒီဇိုင်းနဲ့ band နဲ့ခပ်မိုက်မိုက်ကလေးဆိုထားတယ်...။
 အနားနားရှိတဲ့အခိုက် MTV ရဲ့ ရိုက်ကွက်လေးတွေ
 Shock  က Snare အဖွဲ့ရေးပေးထားတာ အနက်ရောင်တွေချည်းဝတ်ပြီး Gothic ဒီဇိုင်းနဲ့ ခပ်မိုက်မိုက်သီချင်းတစ်ပုဒ်ပေါ့... hip hop ကိုနားထောင်နိုင်ရင်တော့ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ...။
 ချစ်နေတုန်းပဲ MTVရိုက်ကွက်ပုံလေးတွေပါ...။ တေးရေးက bunny phyoe ...။ ခပ်အေးအေး နားထောင်ကောင်းတဲ့ အသဲကွဲသီချင်းလေးတစ်ပုဒ်ပေါ့...။ ချစ်သူကထားသွားတာကို ခံရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်ကိုရေးထားတာ...။
 မင်းကုသ တဲ့  ရုပ်ဆိုးဆိုးသူ့ဘဲကြီးကို စိတ်ပျက်တဲ့အကြောင်းလေးကို လွှမ်းပိုင်ကရေးပေးထားတာ....။
ခပ်မြူးမြူးလေးပဲ သူလဲမဆိုးပါဘူး...။
ပျော်ပါစေ...ဆိုတဲ့ တစ်ပုဒ်ကလဲ အသဲကွဲသီချင်းအေးလေးပါပဲ... လွှမ်းပိုင်ပဲရေးပေးတာ
 မိုးမိုးရေးပြီး သူကိုယ်တိုင်ပါ သရုပ်ဆောင်ထားတဲ့ R U Serious သေချာပြီလား ဆိုတဲ့ တစ်ပုဒ်ကိုလဲ သဘောကျတယ်....။ ဒီးဒီ rapping ကို အမြန်ကြီးရွတ်သွားတာကို သဘောကျတာ... ဒီတိုင်း စီဒီနားထောင်တုန်းက bobby soxer ကထက်ထက်အသံပဲမှတ်နေတာ...။ ဒီလိုရက်ပင်အမြန်ရွတ်တာ သူတစ်ယောက်ပဲရှိတာကိုးး...။
 ကိုမျိုးကျော့ရေးတဲ့ အရာရာပြောင်းလဲခဲ့ပြီကို “ရသ” ကရက်ပ်နေရာကနေ featuring ဆိုပေးထားပါတယ်..
နောက်တစ်ယောက် ဆိုတဲ့တစ်ပုဒ်လည်းမဆိုးပါဘူး... မစိုးကြီးကိုယ်တိုင်သရုပ်ဆောင်ထားတာ ကိုဂျွန်တို့ Star Agency က မော်ဒယ်လ်တွေနဲ့...။ မစိုးကြီးက ကောင်လေးတွေကိုတစ်ယောက်ပြီး တစ်ယောက်ပြောင်းတွဲတဲ့ ခပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ...။
ရင်ခုန်ဆဲပဲ ကတော့ မိုးမိုးရေးထားတာ...။ သရုပ်ဆောင်ကောင်းပြည့်နဲ့ရိုက်ထားတာ ရိုက်ကွင်းရှုခင်းတွေ သုံးထားတဲ့ ကားလေးတွေနဲ့ ဖန်စီဆန်ဆန်ရိုက်ထားတာ အဲဒီအချစ်သီချင်းလေးနဲ့ လိုက်ဖက်ပါတယ်...။
Jme ရေးပေးတဲ့ ကျောင်းပိတ်ရက် ဆိုတဲ့ တစ်ပုဒ်ကတော့ အထကကျောင်းတစ်ခုထဲမှာသွားရိုက်တာ ဂျောက်ဂျက် ကျော်ထွဋ်ဆွေနဲ့ ကလေးသရုပ်ဆောင် တစ်ယောက်ပါတယ်... သီချင်းလေးကလူငယ်ဆန်ဆန် ၀ုန်းဝုန်းဒိုင်းဒိုင်းလေး မိုက်တယ်...း)
ပုံမပါတဲ့ တစ်ပုဒ်က ခန့်စည်သူနဲ့ အွန်ဆိုင်းတို့ သရုပ်ဆောင်ထားတဲ့ တေးရေးဇ၀ါရေးတဲ့ တ၀ဲလည်လည်ပါ... ။ ရိုက်ကွက်ကလေးက ဟာသလေးနှောထားတယ်...။ အားလုံးထဲမှာ အဲဒီတစ်ပုဒ်တော့ မကြိုက်ဘူး...။ 
သီချင်းအမျိုးအစားတွေထဲမှာ အရင်တုန်းက ပေါ့ပ်တို့ ရော့ခ်တို့ R&B တို့လောက်ပဲ နားထောင်တတ်ခဲ့တာ...။ ခုနောက်ပိုင်း hip hop ကိုခံစားတတ်လာတယ်...((ဟမ်)) ကိုယ်သူငယ်များပြန်သွားသလား....:P 
ဒီအမ်လ်ဘမ်လေးက ခိုးကူးခွေတွေကို ပိတ်ထားတာနဲ့တူတယ် လုံးဝကော်ပီလို့မရပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်... ငွေကြေး လူ စိတ်နှလုံးရင်းနှီးမြှုပ်နှံထားတဲ့ အရာတစ်ခုရဲ့ အစစ်အမှန်ကိုပဲ အားပေးကြစေလိုပါတယ်...။
သီချင်းသံစဉ်ထဲစီးမြောလို့ ပျော်ရွှင် ကြည်နူးကြပါစေ....း)
မိုးငွေ့
Thursday, 25 October 2012
Cheesy Fried Meatball.....
 အထဲက ချိစ်အရသာငံကျိကျိနဲ့ဆိမ့်မွှေးနေတဲ့ ၀က်သားလုံးကြော်
ကျွန်မကတော့ ပိုပြီးနူးညံ့တဲ့ ၀က်ဂုတ်သားကိုသုံးပါတယ်...
 အသားထဲကို ချိစ်ထည့်ပြီး ဒီလိုလုံး
 ဟောဒီလိုလုံးလုံးလေးလုပ်ပြီး ပန်းကန်ထဲထည့်ထား
 လှတပတ cheesy meatball လုံးလေးတွေ 
 ပါဝင်ပစ္စည်းများ
၁)၀က်သားကြိတ်ပြီးသား 500 ဂရမ်
၂)ကြက်ဥအလုံးကြီးတစ်လုံး
၃)ဂျုံမှုန့်ခွက်တစ်ဝက်
၎)တရုတ်နံ့နံသုံးပင်နဲ့ကြက်သွန်မှိတ်နုတ်နုတ်စင်းထား
၅)ကြက်သွန်ဖြူနီတစ်ဥဆီ နုတ်နုတ်စင်းထား
၆)ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
၇)ပဲငံပြာရည်အကြည်စားပွဲဇွန်းတစ်ဇွန်း
၈)ကြက်သားမှုန့်စားပွဲဇွန်းနှစ်ဇွန်းနဲ့ ဆားအနဲငယ်
၉)ဆန်းဝှိစ်ချိစ်အချပ်နှစ်ခုသေးသေးဖဲ့ထား
ဝက်သားကြိတ်သားကိုဇလုံတစ်ခုထဲထည့် အစာပလာတွေအကုန်လုံးနဲ့ရောနယ်ပြီး ဆယ့်ငါးမိနစ်လောက်နှပ်ထားပါ...။ ပြီးရင် ချိစ်ထည့်လုံးပြီး ဆီများများမှာ မီးနဲနဲနဲ့ကြော်ပေးမယ်...။ ချိစ်တွေက အပြင်ဖက်ပေါက်ထွက်လာပြီး ဒယ်အိုးတော့နဲနဲကပ်လိမ့်မယ်...။ စိတ်ရှည်ရှည်နဲ့ကြော်ပါဆက်ပြီးတော့...။ ရလာတဲ့အသားလုံးတွေကို ဆီစစ်စက္ကူနဲ့စစ်ပြီး ငရုတ်သီးဆော့ သို့မဟုတ် တာတာဆော့နဲ့တို့စား အရမ်းကောင်းပဲ မွှေးအီပြီး ချိစ်အရသာလေးနဲ့...။
 အသားလုံးစားပြီး အီမှာစိုးလို့ ပင်စိမ်းသီးထောင်းချဉ်ချဉ်စပ်စပ်ကလေးစားပါဦး
ပင်စိမ်းသီးကိုချဉ်ချင်းတက်နေတဲ့မမအတွက်(မစံပယ်)စပါယ်ရှယ်ထောင်းထားတာ
ပင်စိမ်းသီးထောင်းအတွက်လိုအပ်တာတွေက ငရုပ်သီးစိမ်းအတောင့်နှစ်ဆယ်၊ ကြက်သွန်ဖြူလေးတက် ပုစွန်ခြောက်နဲ့ ငပိတကော်စာ ပင်စိမ်းသီးတစ်လုံးတို့ပဲဖြစ်တယ်....။ ငရုတ်သီးစမ်းကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်လိုက်ပါ...။ ငါးပိကိုလဲမီးကင်မယ် အခါတိုင်း ငပိထောင်းပုံစံအတိုင်းပဲ ကင်ထားတာတွေအကုန်ညက်အောင်ထောင်းမယ် ဆားနဲနဲပဲထည့်မယ် ပြီးမှ သေးသေးစိပ်ထားတဲ့ ပင်စိမ်းသီးထည့်ထောင်းမယ်...။
အဟိ အဝေးရောက်သူများ အစားနဲ့နှိပ်စက်တာ မဟုတ်ရ... မျှဝေခြင်းသာဖြစ်ပါတယ်....:P
မိုးငွေ့
Tuesday, 23 October 2012
သီးစုံဂျယ်လီ နဲ့ ကော်ဖီဂျယ်လီ နို့ဆမ်း
ဂျယ်လီလုပ်ဖို့ဒီစာအုပ်လေးဝယ်ဖတ်တယ်...။ သူက agar power ကိုဘယ်လိုအချိုးထည့်ဆိုပြီး ရေးထားတယ် သူ့အတိုင်းလုပ်ကြည့်တာ ဂျယ်လီကနဲနဲမာသွားတယ်...။ ဒါနဲ့ ရေထပ်ထည့်ပြီးပြန်ကျိုတယ်... အမှုန့်တစ်ဗူးထပ်ဝယ်လာပြီး ရေနွေးနဲ့ဖျော်ပြီးထပ်ထည့်တော့ အဆင်ပြေသွေားတယ်...။ အမှန်တော့ ဂျယ်လီလုပ်တဲ့ အမှုန့်ကသပ်သပ်ရှိတာ ကျောက်ကျောနဲ့မတူဘူး..။
စီးတီးမတ်ကနေ ဒီအထုပ်လေးဝယ်ခဲ့တယ် ထပ်ပြီးစမ်းလုပ်ကြည့်ချင်လို့.... သူရေးထားတာကတော့ coffee agar dessert mix တဲ့...
Junction Square ကထောင့်ရှစ်ရာတန်ဆိုင်က၀ယ်ခဲ့တာ ပန်းသီးပုံခွက်နှစ်လုံးနဲ့ ကိတ်မုန့်ဖုတ်တဲ့ ခွက်တစ်ခု အမှန်တော့ ဂျယ်လီမိုခွက်လေးတွေသွားရှာတာ အဲဒါပဲတွေ့ခဲ့တယ်... အဲဒီဆိုင်က မီးဖိုချောင်သုံး အိုးခွက်ပန်းကန်ပိစိလေးတွေချစ်စရာလေးတွေအများကြီးပဲ ရောက်တိုင်းသွားသွားငမ်းနေကျလေ...
 ဒါက နို့စမ်းမဆမ်းခင် ကော်ဖီဂျယ်လီလေး
ကော်ဖီဂျယ်လီနို့ဆမ်း စားလို့ရပါပြီရှင်.... အထုပ်ထဲက အညွှန်းအတိုင်းအတိအကျလုပ်တာ ဘာမှမခက်ဘူး ရေ 480ml ထဲကိုအမှုန့်တစ်ထုပ်လုံးထည့်ပြီး ရေဆူလာတဲ့အထိမွှေပေးရတာ.. ကော်ဖီ သကြား ဂျယ်လီအမှုန့်အကုန်ရယ်ဒီစပ်ထားပြီးသားလေ... 
 ဒါလေးက ပန်းသီးခွက်နှစ်ခွက်ထဲထည့်ပြီး ပိုတဲ့အရည်ကို အိမ်မှာရှိတဲ့ ဂျယ်လီခွက်ထဲကိုထည့်လိုက်တာ တစ်ကဒ်စာရတယ်...
အချိုပွဲစားဖို့ ဇွန်းခရင်းလေးတွေလည်းဝယ်ခဲ့တယ်
 ဖက်ထုပ်ပုံဖော်တဲ့ခွက်လေးနဲ့ ဖက်ထုပ်လှိမ့်တဲ့သစ်သားချောင်း
ဒါလေးအကောင်ထည်ဖော်ပြီးရင်တင်ပေးမယ်...း)
cookies cutter ၊ pan cake ring နဲ့ မုန့်လုပ်တဲ့အခါ ထောပတ်တို့ ကြက်ဥတို့သုတ်တဲ့ ဘရှပ်ပါဝယ်ခဲ့သေးတယ်... အဲဒီကာ့တာတွေကို ကွပ်ကီးလုပ်ဖို့မဟုတ်ဘူး ကောက်ညှင်းပဲသိတ်နှမ်းသိတ်မုန့်လုပ်မလို့ အပြာရောင်လေးတွေ့လား အိန်ဂျယ်လေးပါပါတယ်...း)
ထမင်းသွားစားနေကျ ယိုဒယားဆိုင်တစ်ဆိုင်ကလုပ်တဲ့ ဆွမ်းမွှေးဒူးရင်းကိတ်ကိုကြိုက်လွန်းလို့ အခြေခံခြင်းတူတဲ့ ဒီမုန့်လုပ်စာအုပ်လေးဝယ်လာတယ်...။ လောလောဆယ် မုန့်ဖုတ်တဲ့မီးဖိုကိုမ၀ယ်ရသေးတာ..။ ပြောတာလဲကြာနေပါပြီ...။ နှစ်စကတည်းက ခုထိအကောင်ထည် မဖော်နိုင်သေးဘူး...။ မုန့်ဖုတ်ဖြစ်လို့အောင်မြင်သွားရင် လာကြွား...အဲလေ လာကျွေးပါဦးမယ် သယ်ရင်းတို့ကို...။
ဥပုသ်နေ့မှာ ဥပုသ်စောင့်တဲ့သူတွေရော သက်သတ်လွတ်စားသူတွေ မစားသူတွေအားလုံး အချိုတည်းနိုင်ဖို့ တင်ပေးလိုက်ပါတယ်...။
မိုးငွေ့