မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 30 August 2012

လတ်တလော.....


ဘာရေးရမှန်းမသိဘူးဖြစ်နေတယ်...။ ရေးပြီးသားဝတ္ထုတိုတစ်ပုဒ်ရှိတယ်...အဲဒါက နောက်လကျမှတင်မလို့..။
ဝတ္ထုရေးတာကွကိုယ်ဖတ်ပြီး အားမရဘူး...ဇာတ်ကောင်နေရာက ကိုယ်တိုင်ဝင်ဝင်ရေးတဲ့ဖက်ကို ပိုအားသန်နေမိတယ်...။ ပြောသူတစ်ယောက်အနေနဲ့ရေးရတာ အားလျော့နေတယ်....။ ဟိုဖက်အိမ်က ကောင်လေး အပိုင်းဆက်တွေရေးဖို့ရှိတယ် အိမ်က နုတ်ဘုတ်ကြီးဟာ့ဒစ်ကြွသွားတယ်... အဲထဲမှာ အပိုင်းသုံးရေးဖို့ ထိုင်းဇာတ်ကားလေးပြန်ကြည့်ရမှာလေ ပါသွားပြီခုတော့ ဟင့်...။ နုတ်ဘုတ်ကို ပြင်ရင်ကောင်းမလား မပြင်ရင်ကောင်းမလားနဲ့စဥ်းစားတယ် မပြင်ရင် လွင့်ပစ်လိုက်ရတော့မှာ ပြင်တော့လဲ သုံးတာပေါ့ လောလောဆယ်တော့ ခုနှစ်သောင်းကျော်ပါသွားပြီ...။ ဘာပဲဖြစ်ဖြစ် ဆယ်သိန်းကျော်ကုန်သွားတဲ့သူနဲ့စာရင် တော်ပါသေးတယ်လေလို့ ကွကိုယ်ဖြေသိမ့်လိုက်တယ်...။ အပိုင်းသုံးဆက်ရေးဖို့ အဲဒီဇာတ်ကားပြန်သွားငှားရတော့မယ့် ကိန်းစိုက်နေတယ်...။ အသိတစ်ယောက်ဆီက ငှားကြည့်ဖြစ်တဲ့ ကားလေးပါ...။

ဘလော့ဂါတွေ ဖဘပေါ်မှာ ဖလန်းဖလန်းထနေကြတယ်....။ ဘလော့ဂ်ရွာမှာတော့ ခြောက်လို့ကပ်လို့...။ ဖဘရဲ့ ဆွဲဆောင်မှုကောင်းပုံများတော့ မပြောချင်ဘူး မပြောချင်ဘူး ဂယ်....။ ပြန်စစ်ကြည့်တော့ ဆိုင်းလန့်ရီတာတွေက များနေတယ် ကိုယ့်အချင်းချင်းလဲ ဆိုင်းလန့်များဖြစ်ကုန်တယ်ထင်တယ်...။ ခုနောက်ပိုင်း တစ်လနေမှ ကိုယ်ရဲ့ တော့ပ်တန်း တော့ပ်အီလဲဗန်းတွေတောင် ငါးပုဒ်ရအောင်မနည်းတင်နေကြရတာ...။ ၀ါသနာထက် ကိုယ့်ဝမ်းစာအလုပ်ကပိုအရေးကြီးတယ်လေ...။ ကိုယ်တွေသာ...မအားတဲ့ကြားက ညမအိပ် ကွန်ပျူတာထဲက ခေါင်းနှစ်ဝင်မတတ်ဖြစ်နေတာ...။ ခုအိမ်မှာ နုတ်ဘုတ်ကပြင်ထားတော့ ဟမ်းဖုန်းပိစိလေးနဲ့ မရရအောင် ဘလော့ထဲဝင်ဖတ်သေးတာမျိုး...။ အဲဒါကြည့်တော့ ခရဇီမျိုး...။ တခါတလေ စိတ်ဓါတ်ကျပြီး အကုန်လုံးဖွင့်ထားသမျှကို ပိတ်ပစ်ချင်စိတ်ပေါက်မိတယ်....။ ပိတ်မလားဆိုတော့လဲ သံယောဇဉ်ကမပြတ်နိုင်.. အဲလိုနဲ့လုံးချာလိုက်နေတာ ဘယ်လောက်ကြာနေပြီလဲ....။

ဒီနှစ်ပိုင်း သိသိသာသာ ပီယဓါတ်တွေကြွယ်ဝနေတယ် ဟဲဟဲ...။ လူချစ်လူခင်ပေါများသလို ကိုယ့်ကို အမြင်ကတ်နေတာတွေလဲ ရှိနေတယ်...။ ကိုယ့်လုပ်ရပ်တွေက ဘယ်သူ့မှမထိခိုက်ပြီးရော....ဘာမှသိပ်ပြီး ဂရုမစိုက်ဘူး...ခေါင်းထဲထည့်တွေးစရာတစ်ခုလို့ကိုမထင်ဘူး...။

ခုတလော...သီချင်းလေးတွေနားထောင်ဖြစ်နေတယ် စန္ဒီမြင့်လွင်ရဲ့ Shock အမ်ဘမ်ထဲက “အနားနားရှိတဲ့အခိုက်” ဆိုတဲ့ သီချင်းလေးကို ဓါတ်ကျနေတယ် ဖုန်းရင်းတုံးလေးလုပ်ထားသေးတယ်...။ သင့်ပြွန်လင့်လေးချထားပေးပါတယ် နားထောင်ခံစားကြည့်ပါနော်...။

အားလုံးကောင်းသောနေ့လေးဖြစ်ပါစေ....း)


မိုးငွေ့


Sunday, 26 August 2012

မိုးညလေပြေ.....


 မိုးစက်တွေက လေပြေနဲ့အတူမလာဘူး....
မဟုတ်ဘူး......
လေပြေကမလာတာ....
မိုးစက်တွေက လေထန်နဲ့အတူပါလာတာ....ရက်စက်စွာ
...အေးစက်စိမ်းပြတ်စွာ....။


အစိမ်းရောင်က မင်းသင်္ကေတများဖြစ်နေရော့သလား...
..
ဟင့်အင်းး...
ကိုယ်နားလည်ထားသလောက်တော့ မင်းက အဖြူရောင်ပါ အဖြူမှ အဖြူဆွတ်ဆွတ်ကလေး....။
တခါတခါ နီးလာလိုက်....ဝေးသွားလိုက်နဲ့.
....မင်းကို ကိုယ်နားမလည်တတ်တော့ဘူး...။

အုံ့မှိုင်းညို့ဆိုင်းနေတဲ့ အရောင်တွေက မင်းကိုဝှက်ထားကြသလား......
ဒါမှမဟုတ်....မင်းတမင်ပုန်းနေတာ
များလား.....
ကိုယ့်ကို လျှို့ဝှက်သိုသိပ်စွာနဲ့....မင်
းပဟေဠိဆန်ဆန်နေပြတတ်တာ ...ကိုယ့်ရဲ့စွဲလန်းမှုကို ခိုင်ခံ့စေဖို့လား...
မေးခွန်းတွေများစွာကြားမှာ ကိုယ်တစ်ယောက်ထဲယောင်ချာချာဖြစ်
နေပြီ အိန်ဂျယ်...(မင်းနာမည်ပါမလာ မချင်းသူတို့တွေက ကိုယ့်စာကိုဖတ်ရင်း မျှော်တလင့်လင့်ရှိနေကြမှာ)....

ကိုယ်ဟာ... မင်းလိုဇာတ်ကောင်တစ်ယောက်ကို ဖန်တီးအသက်သွင်းရာမှာ အောင်မြင်သူတစ်ယောက်လား...
ခုချိန်ထိကိုယ်သေချာမဝေခွဲနိုင်
သေးဘူး...။ (လူတချို့ကတော့ အမြင်ကတ်ပုဒ်မနဲ့ကိုယ့်ကို မဲ့ရွဲ့ဝေဖန်ကြလေရဲ့...အလကားပေါ်ပင်ဖြစ်ချင်တိုင်း လျှောက်ရေးနေတာလို့လေ...)
မင်းကတော့ ခုချိန်ထိ အကြောက်အကန်ငြင်းဆဲပဲ....ကျွန်ေ
တ်ာက အိန်ဂျယ်မဟုတ်ဘူး အီဗယ်လ်..တဲ့။
ထားပါတော့.....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ့်ရဲ့ အိန်ဂျယ်ပဲလေ....။

မိုးညတွေမှာ ကိုယ့်သံစဉ်တွေကို မင်းကြိုးညှိမပေးခဲ့တာကြာပြီနော
်...။
ကျွန်တော်မှ ဂီတာမတီးတတ်တာပဲလို့ မင်းမပြောပါနဲ့....
အဖြူရောင်သံစဉ်တွေကို မင်းကိုယ့်အတွက်ဖန်ဆင်းပေးခဲ့ဖူ
းတာ မှတ်မိသေးရဲ့လား....
ကိုယ်က အစွဲလန်းကြီးသူမို့...ဘာမဆို အလွတ်ရနေတတ်ပါပြီ...။

အိန်ဂျယ်သေသွားပြီနော်...ဆိုတဲ့ စာကြောင်းလေးတစ်ခုအတွက်နဲ့....
ကိုယ့်ရဲ့ဝညာဉ်တွေ
ဟိုးးး အဝေးကို လွှင့်စင်သွားခဲ့ဖူးတာ မင်းသိလား...။ ကိုယ်ကိုယ်တိုင်ဖန်ဆင်းထားတဲ့ အိန်ဂျယ်ကို ကိုယ့်လက်နဲ့သတ်ပစ်ပါ့မလား။
အိန်ဂျယ်တကယ်သေသွားရင်တောင် ကိုယ်က ကိုယ့်အသက်နဲ့ဆက်ပေးမယ့်သူပါ...
. ယုံတမ်းစကားမဟုတ်ပါဘူး.....
ဒါပေမယ့်လည်း မင်းကို ယုံပေးပါလို့ ကိုယ်မတောင်းဆိုချင်ဘူး...။

မိုးညမှမဟုတ်ပါဘူး....အရင်တုန်း
ကဆို ညတွေတိုင်းမှာ မင်းက ကိုယ့်အတွက်လေပြေလေးဖြစ်ခဲ့ဖူးတာပါ...။
အိပ်မက်တွေတောင်...ကိုယ့်ဆီရော
က်မလာတတ်တော့ဘူး....အဲလောက်ထိ မင်းစိမ်းပြတ်တာ...။
အလွမ်းတွေဟာ...ကိုယ့်ရဲ့ ကောင်းကင်စက်ဝန်းမှာ တိမ်ညိုတွေပမာပိန်းပိတ်နေသလိုပဲ
...
အုံမှိုင်းပြီး ရွာချဖို့ခက်ခဲနေလေရဲ့...။

ကိုယ့်ရဲ့ မိုးညလေပြေကလေးရေ...မင်းဘယ်ဆီမှာ
လဲ.....။


မိုးငွေ့

Wednesday, 22 August 2012

August မိုး.....



ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုတဲ့ဆိုရိုးအတိုင်းပဲ မိုးအဆက်မပြတ်ရွာတာ... ရွာတာမှ မိုးလင်းမိုးချုပ်မနားတမ်း ရွာတာဗျာ...ရေမကြီးဘယ်ခံနိုင်ပါ့မလဲ...။ ခါတိုင်းနှစ်တွေက မိုးရွာပေမယ့် ရွာလိုက်တိတ်လိုက်နဲ့ နေပူတဲ့အချိန်လေး ဘာလေးပေးသေးတယ် ခုနှစ်ကတော့ မိုးရေအများဆုံးနှစ်ပဲဖြစ်မယ်..။
ပြီးတော့ ရာသီဥတုပြောင်းလဲမှုကြောင့်လဲ ကမ္ဘာကြီးပူနွေးလာတယ် ရေခဲတွေအရည်ပျော်ကုန်တယ် ပင်လယ်ရေမျက်နှာပြင်တွေ မထင်မှတ်ထားလောက်အောင်မြှင့်တက်တယ်...။ 2012 ဇာတ်ကားထဲကလိုပဲ တကယ်ဖြစ်လာပြီလား... ဟိုနေရာ ငလျင်လှုပ်လိုက် ဒီနေရာမုန်တိုင်းဝင်မွှေလိုက် ဟိုမှာရေကြီးလိုက်... ဒီမှာ မီးလောင်လိုက်နဲ့...။ ကျွန်မတို့ကသာ မိုးလင်းအလုပ်သွား ညနေအိမ်ပြန် မိသားစုနဲ့အတူ အေးအေးဆေးဆေး ထမင်းစားနေနိုင်ပေမယ့် တကယ်မအေးဆေးပဲ ဆင်းရဲနွမ်းပါး ငတ်မွတ်နေတဲ့သူတွေ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခမျိုးစုံရင်ဆိုင်နေရတဲ့သူတွေမှ တပုံတပင်...။ ဒါတွေကလည်း ခုအွန်လိုင်းမီဒီယာခေတ်မို့လို့သာ နေ့တိုင်း Up to Date သိနေမြင်နေကြားနေရတာကိုး..။

ခုတလော...မြန်မာနိုင်ငံရဲ့ ဒေသတွေတော်တော်များများ ရေလွှမ်းမိုးမှုဒဏ်ကိုခံစားနေရတယ်...။ ကချင်ပြည်နယ်လို ကုန်းပြင်မြင့်တွေမကျန်ပေါ့...။ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ်မြို့ရွာတွေတော်တော်များများ ရေဘေးသင့်နေကြတယ်...။ အိမ်တွေခေါင်မိုးပဲ ကျန်တော့တယ် အဲလောက်ထိဆိုးရွားနေတာ...။ ကျွန်မလတိုင်း အထွေထွေးသုံးဖို့ လှူနေကျ ပရဟိတအဖွဲ့လေးတစ်ဖွဲ့ရှိတယ်...။ “စေတနာပန်းခင်း”တဲ့ ကြားဖူးကြမယ်လို့ထင်ပါတယ်...။ စေတနာပန်းခင်းကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပညာသင်ကြားနေဆဲဖြစ်တဲ့ “အရှင်တေဇာနန္ဒ” ဘွဲ့အမည်ရ ဦးဇင်းတစ်ပါးက စတင်တည်ထောင်ထားတာပါ...။ ခမောက်စုရွာ၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝိုင်းအုပ်စု၊ ဟသာင်္တခရိုင်၊ ဧရာဝတီတိုင်းမှာလည်း ခမောက်စုက ကလေးငယ်တွေ စာဖတ်နိုင်ဖို့အတွက် စာကြည့်တိုက်တစ်ခုကို အလှူရှင်တစ်ဦးက မတည်ပေးထားပါတယ်...။ ခုဆိုစာကြည့်တိုက်က ခန့်ခန့်ထည်ထည်နဲ့ ပြည့်စုံသလောက်ရှိနေပါပြီ စာအုပ်တွေကိုတော့ ဘယ်ချိန်မဆိုလှူဒါန်းနိုင်ပါတယ်...။ ပြီးခဲ့တဲ့ တန်ခူးလတုန်းကလည်း ရှင်လောင်းလေးတွေ ၃၈ပါးကို ရှင်ပြုပေးပါသေးတယ် ပြီးတော့ သက်ကြီးရွယ်အိုအဖိုးအဖွားများကို လိုအပ်တဲ့ ပစ္စည်းတွေလှူဒါန်းခဲ့ကြတယ်...။ အဲဒီတုန်းက ရှင်လောင်းတစ်ပါးနဲ့သက်ကြီးတစ်ယောက်အတွက် အလှူငွေ ငါးသောင်းထည့်ဝင်ခဲ့ဖူးပါသေးတယ်...။ ဒါက စေတနာပန်းခင်းပရဟိတအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးတာပါ...။






ကုသိုလ်ဆိုတာ ယူတတ်မှရတယ် စိတ်ထားတတ်မှရတယ်... သံဃာတော်တွေကိုအိမ်ပင့်ပြီး ဆွမ်းကပ်လိုက်မှ ကုသိုလ်ရတာမဟုတ်ပါဘူး...။ ကျွန်မမြင်ဖူးတဲ့ လူတစ်ချို့က အဲလိုအတွေးမျိုးတွေရှိကြပါတယ်....။ ကျွန်မတို့ပတ်ဝန်းကျင်မှာ တခြားလိုအပ်ချက်တွေအများကြီးပါ...။ လူတစ်ဦးနဲ့တစ်ဦး ကူညီဖေးမတာဟာလဲ ကုသိုလ်ရတာပါပဲ...။ ထမင်းမစားရသေးတဲ့ လူတစ်ယောက်ကို ထမင်းလေးတစ်လုတ်ကျွေးလိုက်တာလဲ ကုသုလ်တစ်ခုပါပဲ...။ ကိုယ်ကပေးတတ်မှ ပေးတဲ့စေတနာမှန်မှသာ ကုသိုလ်အစစ်အမှန်ကိုရမှာပါ...။ သူများလုပ်မယ့်ကောင်းမှုတစ်ခုကို တားမြစ်ပိတ်ပင်တာဟာ “အကုသိုလ်”တစ်ခုလို့မြင်တတ်ဖို့လိုပါတယ်...။

ကျွန်မအဓိကပြောချင်တာက ဦးဇင်းဦးတေဇကိုယ်တိုင်က ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းဖို့ ငွေကျပ်နှစ်သိန်းငါးသောင်း မတည်ထားပါတယ်...။ နောက်လည်း လိုအပ်ရင်လိုအပ်သလို ဖြည့်ဆည်းရမှာဖြစ်တဲ့အတွက် စေတနာပန်းခင်းနဲ့ လက်တွဲပါဝင်လိုတဲ့ ကုသိုလ်ရှင် စေတနာရှင်တွေကို စေတနာပန်းခင်းကိုယ်စား ကျွန်မကပဲ ဖိတ်ခေါ်ပါရစေရှင်...။
ဦးဇင်းတေဇာရဲ့ ဖဘလင့်လေးပါ ။ https://www.facebook.com/tay.ling.58


ဆက်သွယ်လှူဒါန်းနိုင်သည့်သူများ(ရန်ကုန်)

မပန်းအိ 0943 126 140
ကိုရဲ 0973 116 241


Monday, 20 August 2012

ပဲပုပ်ထမင်းသုပ်နဲ့အာလူးသုပ်.....

ရုံးကိုထည့်လာတဲ့ ပဲပုပ်ထမင်းသုပ်
အာလူးသုပ်


ဒီနေ့စားဖြစ်တဲ့ သက်သတ်လွတ်ကတော့ ပဲပုပ်ထမင်းသုပ်နဲ့ အာလူးသုပ်ပါ...။ ပဲပုပ်ထမင်းသုပ်လုပ်ရတာရိုးစင်းပါတယ်...။ ပဲပုပ်တစ်ချပ်ကို မီးကင်ပြီးထောင်းထားပါ...။ သုပ်မယ့်ဇလုံထဲကို တစ်ယောက်စာထမင်းဖြူပန်းကန်လုံးတစ်လုံး ၊ထောင်းထားတဲ့ ပဲပုပ်မှုန့် ထမင်းစားဇွန်းတစ်ဇွန်း(ပဲပုပ်က အကုန်မသုံးဘူး ခါးမှာစိုးလို့)၊ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်၊ ကြက်သွန်ဖြူဆီချက်ထမင်းစားဇွန်းနှစ်ဇွန်း နဲ့ သံပုရာသီးတစ်စိပ်ထည့်ပြီးနှံ့အောင်နှယ်ပေးပြီးရင် ကိုယ်ကြိုက်ရာအသီးအရွက်တွေနဲ့စားလို့ရပြီ... တိုဟူးခြောက်ကြော်တို့ အာလူးကြော်တို့ လက်ဖက်ခြောက်မွှေးမွှေလေး ခတ်ထားတဲ့ ရေနွေးနဲ့လိုက်ဖက်ပါတယ်....။

ဒီအာလူးသုပ်က Food မဂ္ဂဇင်းမှာဖော်ပြခံရတဲ့ Cherry's Kitchen ရဲ့ ဟင်းတစ်ခွက်ပါ...။ သူ့ရဲ့ ဂရိအာလူးသုပ် သုပ်နည်းအခြေခံလေးကိုယူပြီး တခြားကိုယ့်ထည့်ချင်တဲ့အမယ်လေးတွေနဲ့ ဥရောပအာရှရောနှောသုပ်ထားတဲ့ အာလူးသုပ်ပါ...။ တကယ့်သူ့မီနူးထဲ့က ဂရိအာလူးသုပ်မှာ အာလူး သံလွင်သီးအနက်နဲ့ ဖီတာချိစ်တို့အဓိကပါဝင်ပါတယ်...။ အဲဒါတွေက Market Placeမှာ အကုန်ရနိုင်ပါတယ် သွားမ၀ယ်နိုင်သေးလို့ အိမ်မှာရှိတာလေးကို ရောနှောသုပ်ထားတာပါ...။ အာလူးနှစ်လုံးကိုပြုတ်ပြီး အစိပ်ကလေးတွေလှီး သံလွင်ဆီထမင်းစားဇွန်းတစ်ဇွန်းနဲ့ အောရီဂန်းနိုးမှုန့်တစ်ဇွန်း ရောနယ်ထားပါတယ်...။ ရေနွေးဖျောထားတဲ့
ဂျပန်ရွှေအပ်မှိုနှစ်ထုပ်ကို နှမ်းနက်နဲ့ နှမ်းဖြူလက်ဖက်ရည်ဇွန်းတစ်ဝက်ဆီနဲ့ နှမ်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်ကို
နယ်ထား၊ သူနဲ့ရောသုပ်မယ့် ပြောင်ဖူး ပဲစိမ်း ဥနီကိုလဲရေနွေးဖျောထား၊ ခရမ်းချဉ်သီးတစ်လုံးနဲ့ ကြက်သွန်နီတစ်လုံးကို အစိပ်သေးသေးလှီးထား၊ အဲဒါတွေအကုန်လုံးကို ဇလုံတစ်ခုမှာရောထည့် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံလွင်ဆီနှစ်ဇွန်းထည့် သံပုရာသီးညှစ်ပြီး နယ်လိုက်ပါ...ကောင်းမွန်မွှေးပျံ့တဲ့ ဟင်းရံတစ်ခွက်လည်းဖြစ် သက်သတ်လွတ်စားသူအတွက်လည်း အဆင်ပြေစေမယ့် အဟာရဖြစ် အာလူးသုပ်တစ်ပွဲရပြီပေါ့...။


မိုးငွေ့

Friday, 17 August 2012

စားဖြစ်တဲ့ သက်သတ်လွတ်.....

ပုန်ရည်ကြီးထမင်းသုပ်

ဒီနေ့ဒုတိယ၀ါဆိုလကွယ်နေ့ ဥပုသ်နေ့ဆိုတော့ သက်သတ်လွတ်စားတဲ့သူတွေ အတွက် ကျမစားဖြစ်တဲ့ လွယ်ကူမြန်ဆန်တဲ့ နည်းတွေကိုတင်ပေးလိုက်ပါတယ်...။ ၀ါဝင်သွားကတည်းက မွေးနေ့နဲ့ ဥပုသ်နေ့ကို သက်သတ်လွတ်စားမယ်ဆုံးဖြတ်ထားတာ ခါတိုင်းနှစ်တွေလဲ အမြဲစားဖြစ်ပါတယ် အသက်ငယ်တုန်းကဆုံး ၀ါတွင်းသုံးလလုံးကိုစားဖြစ်တာ ခုတော့ အလုပ်ကိုအကြောင်းပြပြီး ကြီးမိုက်ဖြစ်နေတယ်...း) ။ အမေက ဒီနေ့ရုံးကပြန်ရင်စားဖို့ မုန်ညင်းစောလုပ်ပေးထားတယ်... ဒီတိုင်းထမင်းဖြူနဲ့လဲ မစားချင်တာနဲ့ ပုန်ရည်ကြီးသုပ်ထားတာကို ဇလုံတစ်လုံးထဲ ထမင်းနဲ့နယ်လိုက်တယ်.. .ရေခဲသေတ္တာထဲမှာရှိတဲ့ အသီးအရွက်တွေထုပ်ပြီး လှီးတယ် အလှဆင်လိုက်တော့ ပုန်းရည်ကြီးထမင်းသုပ်ဖြစ်သွားတယ်...။ အဲဒါကို မုန်ညင်းစောဟင်းရည်ချဉ်ချဉ်လေးနဲ့စားတယ်...။

မုန်ညင်းစော


ဥပုသ်နေ့မနက်တုန်းက လုပ်စားဖြစ်တဲ့ မနက်စာလေး....။ အဲဒီဂျပန် soba ခေါက်ဆွဲကို စိတ်ဝင်စားနေတာကြာပြီ..။ တလောက Popular Book Store မှာ ဈေးချတုန်းက ၀ယ်ဖြစ်ခဲ့တဲ့ Noodles and Salad စာအုပ်ကိုဖတ်ပြီး ကိုယ့်ဘာသာသတ်သက်လွတ် မီနူးထုတ်လိုက်တာ...။ ကျမက သက်သတ်လွတ်ကို ကြက်ဥစားပါတယ်...။ ပုံမှာပါတဲ့ soba ခေါက်ဆွဲတစ်စည်းက တစ်ပွဲစာကွက်တပါပဲ...။ ခေါက်ဆွဲကို ရေဆူဆူမှာ သုံးမိနစ်လောက်ပြုတ်ပြီး ဇကားစစ် ရေသန့်ရေအေးနဲ့ပြန်ဆေးပြီး ပဲငံပြာရည်အကြည် ပါကောရှောက်ကောဆီချက် ငရုတ်ကောင်းနဲ့ နှမ်းဆီမွှေးနဲ့နယ်ပြီး ကြက်ဥပြုတ် ရေညှိနဲ့ နမ်းနက်တို့နဲ့ အလှဆင်လိုက်တယ်...။ ကြက်ဥပြုတ်က အကာကျက်မို့လို့ လှီးမထားဘဲ အလုံးလိုက်လေးတင်ထားတာပါ...။ စားမယ်ဆိုမှတူနဲ့ဖေါက်လိုက်တယ်...။

ဂျပန် soba ဆီချက်ခေါက်ဆွဲ

ပဲပြုတ်ကြော် ပဲပြားကြွပ်ကြော်နဲ့ မကျည်းသီးချဉ်ရည်


နောက်တစ်ပို့စ်ကျမှ သက်သတ်လွတ်သမိုင်းကြောင်းလေး ရေးပါဦးမယ်....။


မိုးငွေ့


Tuesday, 14 August 2012

မုန်ညင်းချဉ်ဟင်းချိုနှင့် ဂျပန်တိုဟူးဖြူကြက်ဥမွှေကြော်.....

မုန်ညင်းချဉ်ဟင်းချို တိုဟူးဖြူကြက်ဥမွှေကြော် နဲ့ ထမင်းစားလို့ရပြီ

ငရုတ်သီးအနီတောင့်က မုန်ညင်းချဉ်ထဲကပါလာပြီးသား


မုန်ညင်းချဉ်ဟင်းရည်အတွက်လိုအပ်တာက မုန်ညင်းချဉ်ရယ်ဒီမိတ်တစ်ထုပ်၊ ဥနီတစ်လုံး၊ ကြက်သားနုတ်နုတ်စင်း 100ဂရမ် ကြက်သွန်ဖြူနှစ်ဥ နဲ့ ဂျင်းတစ်တက်...။ ရေငါးခွက်ကိုဆူအောင်တည်ပြီး ဂျင်းနဲ့ ကြက်သွန်ဖြူအပြားရိုက်ထည့် ကြက်သားမှုန့်နှစ်ဇွန်းခတ် ရေဆေးထားတဲ့ မုန်ညင်းကိုလက်တစ်လုံးစီလှီးဖြတ်ပြီး အိုးထဲထည့်ပါ မုန်ညင်းကိုဆက်တည်နေချိန်မှာပဲ ပြောင်းမှုန့် ပဲငံပြာရည်နဲ့ ငရုတ်ကောင်းနယ်နှပ်ထားတဲ့ ကြက်သားတွေကို အရွယ်တော်လေးဖြစ်အောင်ဇွန်းနဲ့ ခပ်ပြီးဆက်တိုက်ထည့်ပေးပါ ပြီးတာနဲ့ ဥနီကိုထည့်... မိနစ်နှစ်ဆယ်လောက်တည်ထားပြီးရင်ရပြီ...။ ချိုချဉ်အရသာလေးပေါ့...။



ဂျန်ပန်တိုဟူးဖြူ ကြက်ဥမွှေကြော်ဟင်းလေးကမွှေးမွှေးအိအိလေးနဲ့ စားလို့ကောင်းတယ်...။ ကျမက တိုဟူးဆိုဘာဖြစ်ဖြစ်အကုန်ကြိုက်တာ...။ ဂျပန်တိုဟူးဖြူတစ်တောင့် စီးတီးမတ်မှာ ပလပ်စတစ်နဲ့ရယ်ဒီမိတ်လာတယ်... အဲဒါလေးက နူးညံ့လို့ ဈေးထဲက မြန်မာလုပ် ပဲပြားကနဲနဲကြမ်းတယ် သူ့ကိုသုံးချင်ရင်လဲရပါတယ်...။ တိုဟူးပျော့ကို ပန်းကန်ထဲထည့် ဇွန်းနဲ့နဲနဲချေပြီး ကြက်ဥနှစ်လုံးဖောက်ထည့် မွှေးအောင်လို့ ငရုတ်ကောင်းမှုန့်နဲ့နဲဖြူး....။ ဥနီကတော့ မထည့်ချင်လဲရတယ် အရောင်လှအောင်လို့ ဥနီနဲနဲကို သေးသေးစင်းထားတယ်... ။ ကြက်သွန်နီဖြူမသုံးဘူး... ကြက်သွန်ပင်ကိုသုံးထားတယ်...။


ပထမဆုံး ဆီပူပူမှာ ကြက်သွန်ပင်ကိုဆီသတ်

ပြီးတာနဲ့ ဥနီသေးသေးစင်းထားတာကိုဆက်ထည့်
နဲနဲနွမ်းသွားတာနဲ့ တိုဖူးပျော့နဲ့ကြက်ဥမွှေထားတာကိုထည့်ကြော်မယ်
ဝါရောင်သန်းတာလေးကြိုက်ရင် ခတ်ကြာကြာလေးမွှေကြော်ပေးမယ်..


မိုးငွေ့


Saturday, 11 August 2012

ဟိုဖက်အိမ်ကကောင်လေး(အပိုင်း၂).....



“အနော်ပြောသားပဲ… ကိုယ့်အိမ်ကိုပြန်တာပါလို့…မကြီးနောက်ကိုလိုက်တာမဟုတ်ပါဘူးလို့”

“စောစောကတည်းက ကိုယ့်ကိုပြောထားတာမဟုတ်ဘူး…”

“ကြိုပြောထားရင် မကြီးကိုဘယ်နောက်လို့ရတော့မလဲ… မောင်ဘုန်းကိုတောင်နှုတ်ပိတ်ထားတာဗျ”

“အော် ဒင်းကပါကြံရာပါပေါ့… ကဲပါထားပါတော့ ခုသိသွားပြီပဲ… ချာတိတ်ရေ ကိုယ်တော့ပင်ပန်းလို့ ရေချိုးချင်လှပြီ အပေါ်တက်တော့မယ်နော်…”

“ဟုတ်ကဲ့…ပေးမကြီးလက်ထဲက ဖိုင်တွေကူသယ်ပေးမယ်….”

“ရတယ် ရတယ် မသယ်နဲ့ ကိုယ်က သုံးလွှာထိတက်ရမှာ မင်းဖွားမေနဲ့နေခဲ့တော့လေ…”

“ရတယ်မလုပ်နဲ့ ပေးပေး…”

သူမလက်ထဲက ပစ္စည်းတွေကို ဇွတ်အတင်းလုယူပြီး လှေကားပေါ်အပြေးလေးတက်သွားတယ်…။ သူမ ပါးစပ်က ပွစိပွစိလုပ်ပြီး သူ့ကိုမျက်စောင်းထိုးရုံကလွှဲပြီးဘာမှမတတ်နိုင်တော့…။

သုံးလွှာဆိုပေမယ့် အလုပ်ကပင်ပင်ပန်းပန်းပြန်လာတိုင်း တက်ရတာ မောတာပါပဲ…။

အခန်းရှေ့ရောက်တော့ သူက ကြွပါခင်ဗျာဆိုတဲ့ ဧည့်ကြိုတွေလုပ်နေကျဟန်မျိုးနဲ့ ဦးညွှတ်ပြီးလုပ်ပြတော့ သူမ မပြုံးဘဲမနေနိုင်တော့…။

“မင်းကတော့လေ တကယ်ပဲ…ပြောမနိုင်ဆိုမနိုင်ကောင်လေး…ကဲလက်ထဲကဖိုင်တွေပေးတော့ မင်းလဲရေပြန်ချိုးတော့ ရပြီ..ဒီလောက်ဆို ကျေးဇူးပဲ..”

“ဟုတ်…. Welcome ပါခင်ဗျ… တာ့တာနော် ပြန်ရမှာက အရမ်းဝေးလို့ နှုတ်ဆက်ပါတယ် ကောင်းသောညခင်းလေးပါ မမချောချောရေ…”

သူမ သူ့ကိုမျက်စောင်းထိုးပြီး ပြုံးမိပါတော့တယ် ဒီကောင်လေးကြည့်တော့ ရုပ်တည်နဲ့တော်တော့်ကို ရွှတ်နောက်နောက်နိုင်တဲ့သူ…လို့ သူမစိတ်ထဲ မှတ်ချက်ချလိုက်မိတယ်…။

သူကအခန်းတံခါးဖွင့်ပြီးအထဲဝင် သော့ပြန်ပိတ်တဲ့ထိ သူက ရပ်နေတုန်း…

“ရပြီလေ ဆင်းလို့ရပြီ ကိုယ်တံခါးပိတ်တော့မှာ…”

“ဟုတ်သိပါတယ် စိတ်မချလို့… အနော်က ပြန်ရမှာက ဟိုဖက်ခန်းလေးပဲလေ အရမ်းဝေးလို့ ခုထိကိုမရောက်နိုင်သေးဘူး…”

သူက သူမရှေ့မျက်နှာချင်းဆိုင်က အခန်းလေးကို လက်မလေးနဲ့ထိုးပြပြီး မျက်နှာလေးကို မဲ့ပြရသေးတယ်…။

“ဟောတော်…တကယ်… လာမနောက်နဲ့နော် ဒီအခန်းကအိမ်ရှင်မရှိလို့ပိတ်ထားတာကြာနေပြီ..”

“တကယ်ပေါ့ စုကလဲ….ဒါဖွားမေရဲ့အခန်းပဲလေ ငှားမယ့်သူမရှိလို့ အနော့်ကိုပေးနေထားတာ…ညတုန်းကတည်းက အဲမှာအိပ်တာလေ မူးနေလို့မသိတာမလား…ဟဟ..”

သူက ခပ်တည်တည်နဲ့ သူမကို“စု”လို့တစ်လုံးတည်းခေါ်လိုက်တာကို သူမချက်ချင်းသတိထားမိသွားလိုက်ပြီး တံခါးသော့ခတ်နေရင်းက အထုပ်တွေမချနိုင်သေးဘဲ သူ့ကို ပြန်စွာဖို့ ပြင်လိုက်မိတယ်…။

“ဒီမှာချာတိတ် မင်းက ကိုယ့်ထက်အများကြီးငယ်တာနော် ကိုယ့်ကို စုလို့ခေါ်တာ ကိုယ်နဲ့ရွယ်တူသူငယ်ချင်းတွေပဲရှိတယ် မင်းငရဲကြီးမှာ မကြောက်ဘူးလား…”

“မသိဘူးဗျာ…အနော့်စိတ်ထဲမှာတော့ မကြီးက အနော်နဲ့ရွယ်တူကောင်မလေးပဲ ဟုတ်တယ် အဲလိုပဲမြင်တယ်… ဟဲဟဲ… စိတ်မတိုပါနဲ့ ပင်ပန်းနေပြီ ရေမိုးချိုးတော့ တံခါးပိတ်လိုက်တော့နော်…”

ပြီးတော့ သူမဟုတ်သလို ဒီဖက်ကိုတချက်မှလှည့်မကြည့်တော့ဘဲ အခန်းတံခါးဖွင့်ပြီးဝင်သွားတော့တယ်…။


+++++++++++++++

Align Centre

ညကောင်းကင်က ကြယ်မှုန်ကြာမွှားတွေနဲ့ လှချင်တိုင်းလှနေတော့တယ်….။ ဒီပတ်ဝန်းကျင်က လျှပ်စစ်မီးရောင်နည်းလို့ထင်ရဲ့ ကောင်းကင်က အလင်းရောင်အားပိုသာနေတယ်…။ ဆန်းသစ်စလခြမ်းကွေးလေးက ပြုံးစစနဲ့….။ လတ်ဆတ်အေးမြတဲ့လေအေးကိုသူမတ၀ရှူလိုက်တယ်…။ ဗိုက်ဆာဆာနဲ့ ညစာစားတာနဲနဲများသွားတယ်။ ဗိုက်ချောင်အောင် ၀ရံတာမှာလေညင်းခံရင်း နံရံမှီပြီး မတ်မတ်ရပ်နေလိုက်တယ်…။

“မတ်တပ်ကြီးတရားမှတ်နေတာလားဗျ”

အသံကိုပဲကြားပြီးလူမမြင်ရ…..။ သူ ဟိုဘက်ဝရံတာကနေလှမ်းပြောနေတာပါ…။

“စားပြီးပြီလား ချာတိတ်….ကိုယ်တော့ ဗိုက်တင်းလို့ မတ်မတ်နေနေတာ…”

“ဘာလဲ ဗိုက်ခေါက်ထွက်ပြီး မလှတော့မှာစိုးလို့လား… ကျနော့်စုက လှပြီးသားပါ….”

အသံကြားပြီး လူကမတွေ့ရ…။ သူမစိတ်တိုတိုနဲ့ သူ့အခန်းဝရံတာဖက်ကိုကိုယ်ကိုင်းပြီး လှမ်းကြည့်လိုက်တယ်..။ ကိုယ်တော်က ၀ရံတာသံပန်းကိုမှီပြီးအပြင်မြင်ကွင်းကိုကျောခိုင်းပြီး ကျကျနနထိုင်နေတာ။

“ဘာကျနော့်စုလဲ… မင်းနော် ပိုင်စိုးပိုင်နင်းနဲ့ ခုမှသိတာကို…”

သူမပြောတာကို သူကမော့ပင်မကြည့်မဘဲ လက်ထဲကတစ်ခုခုနဲ့အလုပ်ရှုပ်နေတယ်…။

“အဲဒါဘာလုပ်နေတာလဲ…..”

ဒီတော့မှ ထိုင်ရာကထလာပြီး သူမကိုမျက်နှာချင်းဆိုင်လိုက်တယ်…။ သူနဲ့သူမကြား အုတ်တိုင်လေးပဲခြားတာ ၀ရံတာချင်းကဆက်နေတာကိုး..။ သူ့မျက်နှာကပ်လာလို့သူမ မျက်မှောင်ကျုံ့ပြီး နောက်ဆုတ်လိုက်တယ်…။

“အဟဲ…ကြယ်ကလေးတွေခေါက်နေတာလေ …အပျင်းပြေပါ…ကြယ်ရောင်စုံလေးတွေခေါက်ခေါက်ပြီး ဟော

ဒီဖန်ပုလင်းထဲဖြည့်ထားတာ…ပေးစရာရည်းစားလဲမရှိပါဘူး…. စုရော ဒီကြယ်လေးတွေကိုကြိုက်လား ခုနကတော့ ကောင်းကင်ကြီးကိုကြည့်ပြီး ကြယ်တွေကိုပြုံးပြနေတာတွေ့လိုက်တယ်…။

“ကြိုက်ပါဘူး ကလေးကစားစရာတွေ… ပြီးတော့…ကိုယ့်ကို စု စုလို့မခေါ်နဲ့…”

“ဟုတ်ကဲ့ပါ… စုမကြိုက်ရင်မခေါ်တော့ပါဘူး နော် စု…အော်….မစု..

ဘယ်သူပြောလဲဗျာ ဒီကြယ်လေးတွေကို ကလေးကစားစရာလို့…မစုကလဲ…အသက်ကဖြင့် ဘယ်လောက်မှမကြီးသေးဘဲနဲ့ ကိုယ့်ကိုယ်ကို တကယ့်မိန်းမကြီးလုပ်နေတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းထက်တော့ ကိုယ်အသက်အများကြီးကြီးတယ်…..”

“ဟုတ်ပါပြီဗျာ… ကျနော်မျိုးအရှုံးပေးပါပြီ… မစု လက်ဖက်စားမလား…ဖွားမေလာပေးသွားတာ”

“ကျေးဇူး…ကိုယ်ညအိပ်မပျော်မှာစိုးလို့ မနက်ကျစောစောထရမှာ… ခနနေကျ ဘုရားရှိခိုးပြီး အိပ်တော့မှာ…”

“ဒါဆိုမနှောက်ယှက်တော့ပါဘူး….ကျနော့်ရဲ့ နတ်သမီးလေး အိပ်မက်လှလှမက်ပါစေနော်…အထဲဝင်တော့မယ်…”


တွေ့လားသူက အဲလိုလေးနဲနဲကလိလိုက်ရမှစားဝင်အိပ်ပျော်တယ်ထင်တယ်….။ သူကသာနှုတ်ဆက်ပြီးဝင်သွားတာ အိပ်တော့မယ်ဆိုတဲ့ သူမကတော့ဝရံတာမှာ ရပ်နေဆဲ….။ ကြယ်တွေမှုန်မွှားလင်းလက်နေတဲ့ ကောင်းကင်ပြင်ကြီးကို ငေးမောရတာ သူမသဘောကျလို့ပါ….။ စိတ်ထဲရှိတဲ့ အပူအပင်ဆင်းရဲမှုတွေကိုလည်း အဝေးကိုယူဆောင်ပေးသွားတယ်လို့ခံယူမိတယ်….။ သူမတတ်နိုင်သမျှ စိတ်ရှုပ်စရာတွေကို ဘေးဖယ်ပြီး ကောင်းကင်ကြီးကို လက်ပိုက်မော့ကြည့်ရတဲ့အရသာကို မက်မောမဆုံးတော့ပြီ…။


“ဟိတ်….အထဲဝင်တော့လေ လေစိမ်းတိုက်ပြီးအအေးပတ်မယ်….”

ရုတ်တရက် သူ့ခေါင်းလေးထွက်လာပြီးပြောတော့ သူမငေးမောနေရာက လန့်ဖျတ်သွားတယ်…။

“ခုပဲဝင်တော့မှာပါ….ဂွတ်နိုက်…”

သူမကို တော်တော်လေးစပ်စုနေတတ်တဲ့ ကောင်လေးအကြောင်းကို ဒီညတော့ သူမအတွေးထဲခေါ်သွားမိတော့မယ်…။


+++++++++++++++


“ဒုန်း….ဒုန်းး….ဒုန်းး”

တဒုန်းဒုန်းထုထောင်းသံက သူ့နားထဲကို ဘယ်လိုမှမခံမရပ်နိုင်အောင်တိုးတိုးဝင်လာတယ်…။ ပထမတော့ အိပ်ချင်မူးတူးနဲ့ ခေါင်းအုံးကိုနားဖိအိပ်သေးတယ် ..မရဘူး…မရဘူး…. သူထမှဖြစ်တော့မယ် အသံလာရာကိုသူ သေချာသွားနားထောင်ကြည့်နေတယ်…။

“တီ…တီ…ဂီ…”

တံခါးဘဲလ်သံကြောင့်သူမမီးဖိုကနေအပြေးထွက်လာတယ် မနက်စောစောဘယ်သူမှား တံခါးလာခေါက်ပါလိမ့်…။

“ဟင်…ချာတိတ် ခေါင်းတွေလဲပွလို့ ဘယ်လိုဖြစ်နေတာလဲ ည၀တ်စုံကြီးနဲ့ …”

“ဟာဗျာ….အိပ်လို့မရတော့ဘူးလေ မစု ထုထောင်းသံကြီးက အနားနားလာထုနေသလိုပဲ…”

သူရဲ့ မျက်လုံးမပွင့်တပွင့် အိပ်မှုန်စုံမွှားရုပ်ကိုကြည့်ပြီးသူမ ဟက်ဟက်ပက်ပက်ရယ်နေမိတော့တယ်…။

“ဟာ ဘာသဘောကျတာလဲ ဒါပဲ ကျနော်အိပ်ရေးပျက်သွားလို့ ဒီမနက်စာကို မစုကျွေးရမယ်…”

“အေးပါဟာ…ကဲမထူးတော့ဘူးခုပဲရေမိုးသွားချိုးချေတော့ ပြီးရင် သင်တန်းသွားဖို့တခါတည်းပြင်ဆင်ပြီးရင် ဒီဖက်ကူးခဲ့ မနက်စာကျွေးမယ် ဟုတ်ပြီလား… ဆောရီး ဆောရီး..ခါတိုင်းက အဲဖက်ခန်းမှာလူမနေတော့ကိုယ်က စိတ်ကြိုက်ထုထောင်းနေတာ ဟဟ…”

သူမ ဘုန်းကြီးဆွမ်းအတွက်ရော ထမင်းဗူးအတွက်ပါ ကြက်သားဟင်းကိုပိုပိုသာသာချက်လိုက်တယ်….။


ကြက်သားဆီပြန်ဟင်းကိုချက်မစားဖြစ်တာကြာနေပြီ… ကင်မွန်းချဉ်ဟင်းရည်ချဉ်ချဉ်လေးနဲ့ ငါးပိငရုတ်သီးစပ်စပ်နဲ့ ထောင်းလိုက်တယ်…။ တစ်နာရီအတွင်း သူမအကုန်ချက်ပြီးဆေးကြောပြီး ရေမိုးချိုး ပြင်ဆင်လိုက်တော့ မနက် ရှစ်နာရီထိုးပြီ…။ သူလဲ တံခါးလာခေါက် ကွက်တိပဲ…။


“မွှေးနေတာပဲဗျာ ဗိုက်တောင်ပိုဆာလာပြီ…”

သူမထမင်းစားပွဲမှာ သူက ဇွန်းခရင်းလေးအသင့်ကိုင်ပြီး စားဖို့ပြင်နေပြီ....။ သူမပြင်ပေးတဲ့ ဟင်းပွဲကို မြိန်ရေယှက်ရေနဲ့စားနေတော့တယ်....။

“မကြီး ဟင်းတွေက စားကောင်းလိုက်တာ... ဒီလိုလက်ရာမျိုးကို ကျနော်စားဖူးနေတယ်ဗျ ဘယ်သူချက်တာနဲ့တူသလဲနော်...အင်း...”

သူက တအင်းအင်းနဲ့ စဉ်းစားဟန်ပြုနေတော့ သူမက သူပြောမယ့် စကားကို စိတ်ဝင်တစားစောင့်နားထောင်နေတယ်...။

“ဘယ်သူ့လက်ရာနဲ့တူလို့လဲ ချာတိတ်”

“ဟိုလေဗျာ.... မေမေ့လက်ရာနဲ့တထပ်ထဲပဲ....”

သူ့စကားကြောင့် သူမမျက်နှာမအီမသာဖြစ်သွားတယ်...။

“အရမ်းကောင်းတယ် စားလို့ကောင်းတယ် သိလားမကြီး...နောက်တခါ မေမေ့ဟင်းတွေကို သတိရတဲ့အခါကျရင် မကြီးကိုလာချက်ကျွေးခိုင်းမယ်...”

“ဟွန်း... ဘာလို့ချက်ကျွေးရမလဲ ကိုယ်ကမင်းအမေမှမဟုတ်ဘဲ”

“ဟဟ မကြီးကရီရယ်... စလို့သိပ်ကောင်းတယ်... မကြီးတံခါးဘဲလ်တီးသံကြားရတယ် ဘယ်သူလဲမသိဘူး”

“နေနေ...ကိုယ်သွားဖွင့်လိုက်မယ်....”

သူက ထမင်းပန်းကန်ကို လက်စသတ်လိုက်တယ်....။

“မောင်ဘုန်း....ဘယ်နှယ့်အိမ်ထိရောက်လာသတုန်း ခနနေရုံးမှာတွေ့မယ့်ဟာ...”

“မဟုတ်ဘူး ဒီနားလာရင်းနဲ့ မစု Event တစ်ခုမှာသုံးမယ့် သီချင်းလေးကျနော်ရွေးထားတာ အဲစီဒီကိုလာပေးတာပါ..”

မောင်ဘုန်းက ထမင်းစားခန်းထဲကထွက်လာတဲ့ သူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်နေတယ်...။

“ဘာကြည့်တာလဲကွ ဒီနေ့ဖွားမေမရှိလို့ မနက်စာကို မစုဆီလာတောင်းစားတာ...”

မောင်ဘုန်းရဲ့ အကြည့်တွေက သူ့ကို တစ်စုံတစ်ခုမကျေနပ်စရာတွေပျော်ဝင်နေတယ်.......။ ပြီးတော့ သူ့ကိုစကားတခွန်းမှမပြောဘဲ လှည့်ထွက်သွားတယ်....။

++++++++++++++++++++

သူမ...ဒီနေ့နေ့တစ်ဝက်ခွင့်ယူထားတယ်....။ အချစ်ဆုံးသူငယ်ချင်း သဲတစ်ယောက် မင်္ဂလာဆောင်အတွက် ၀တ်စုံသွားဝတ်ကြည့်ဖို့ သူမကိုခေါ်ထားတယ်...။

သူမရောက်သွားတော့ သဲကရောက်နှင့်နေပြီ....။ သူမတို့နှစ်ယောက်တည်း စိတ်ကြိုက်ဝတ်စုံကို တစ်စုံပြီးတစ်စုံရွေးဝတ်ကြည့်လိုက် မှန်ကြည့်လိုက်နဲ့ ဝေနဲ့ဂျာရစ်မနှစ်ယောက်တော့ရောက်မလာကြသေး....။

“ဘယ်လိုလဲသတိုးသမီး ဘာလို့မျက်နှာကအဲလိုဖြစ်နေတာတုန်း”

အဖြူရောင်ဂါဝန်နဲ့မှန်ထဲက သဲ မျက်နှာက မှုန်သုန်သုန်ဖြစ်နေတယ်...။

“ငါစိတ်ရှုပ်နေတယ် စု.... တစ်ခုခုကိုကြောက်နေသလိုပဲ”

“ဘာကြောက်နေတာလဲဟာ နောက်တစ်ပတ်ထဲမှာပဲမင်္ဂလာဆောင်ရမယ့်သူက”

“ငါကြောက်တာက ဆောင်ပြီးသွားရင် အရာရာအရင်လိုပြန်မဖြစ်တော့မှာကိုလေ... မင်္ဂလာဆောင်တယ်ဆိုတာ ဘ၀တစ်ခုလုံးပြောင်းပစ်လိုက်ရတာနဲ့အတူတူပဲဟ... ပထမတော့ ငါသိပ်လန့်မိမှာပဲသိလား ညအိပ်လို့တရေးနိုးလာရင် ကိုယ့်ဘေးမှာ သူစိမ်းယောကျာင်္းတစ်ယောက်ကိုတွေ့ရမှာ...”

“ဟဲ့....ဒါက မင်္ဂလာဆောင်ရင်ကြုံရမှာပဲလေ...”

“မဟုတ်ဘူးလေဟာ...ခုက တစ်သက်လုံးလေ..”

“နင်ကလဲဟာ ခုက နင့်ချစ်သူပဲလေ.... သူက နင့်တန်ဖိုးကိုသိလို့ နင့်ကို လက်ထပ်ယူတာ နင်ကံကောင်းပါတယ်ဟာ သူက သူ့ကလေးရဲ့ မိခင်အဖြစ်နင့်ကိုရွေးချယ်လိုက်တာလေ... တချို့ဆိုဒီလိုအခွင့်ရေးမျိုးတောင်မရဘူး...” သူမပြောရင်းမှာ ကိုယ့်စကားကိုယ့်ပြန်ထိသလိုဖြစ်သွားတယ်...။

“ဘာမှသိပ်မစဉ်းစားနဲ့တော်ပြီနော်...အဆင်ပြောသွားမှာပါ...အပြင်မှာ ဟိုမိန်းမနှစ်ယောက်ရောက်နေပြီထင်တယ်အသံကြားတယ် လာသွားကြည့်ရအောင်”

“ကျေးဇူးပဲစု ငါ့ကိုအားပေးတဲ့အတွက်...” သူမက ခေါင်းလေးညိတ်ပြပြီး သဲပခုံးကိုခပ်ဖွဖွဆုတ်ကိုင်အားပေးလိုက်တယ်...။

သူမတို့နှစ်ယောက်အ၀တ်လဲခန်းကနေထွက်လာတော့ ဧည့်ခန်းဆိုဖာမှာ ဂျာရစ်မနဲ့ ဝေက ခေါင်းချင်းဆိုင်ဖုန်းကိုကြည့်ပြီး ကျွတ်ကျွတ် ကျွတ်ကျွတ်လုပ်နေကြတယ်....။

“နင်တို့နှစ်ယောက်ဘာလုပ်နေတာလဲ ငါအ၀တ်လဲတာတောင်လာမကြည့်နိုင်ရလောက်အောင် ဟင်...”

“ဟဲ့...သဲ..လာလာလာ ဒီမှာလာကြည့်စမ်း နင့်ကောင်လေးအကြည့်ကိုလာကြည်းစမ်းပါဟာ...”

ဂျာရစ်မပြတဲ့ ဟမ်းဖုန်းထဲက ဗီဒီယိုလေးက ဟိုနေ့ည သူမမွေးနေ့တုန်းက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးပါ...။

“ကောင်လေးကိုကြည့်စမ်း စု....... နင့်ကို သူကြည့်နေပုံလေးကတမျိုးနော်....ရုပ်ကလေးသနားကမားနဲ့... နင်သူ့ကိုစိတ်မ၀င်စားဘူးလား...ဘာဖြစ်လဲ တွဲကြည့်ပေါ့...နင့်ရဲ့ ဟို လေယာဉ်မှူးက ခုနှစ်နှစ်လောက်တွဲပြီးပြီး ပျင်းစရာကောင်းနေပါပြီဟာ ခေါက်လိုက်တော့...”

“မိန်းမတွေ နင်တို့ အာချောင်မနေနဲ့ ငါက ကလေးမကြိုက်ဘူး...ဟွန်းး..”

+++++++++++++++++++

“ကြီးမေရေ... ဒီနေ့သီးခေါက်ဆွဲကြော်တယ် ထုံးစံအတိုင်းလာပေးတာ”

“ဘယ်လိုဖြစ်လို့ သုံးဘူးဖြစ်နေလဲ သမီးရဲ့”

“အော် တစ်ဗူးက မင်းမင်းအတွက်လေ... သမီးသွားပြီနော်...”

ဒီနေ့မနက်နဲနဲစောလို့ထင်ရဲ့ ကားကခါတိုင်းလောက် သိပ်မကြပ်ဘူးထင်ရတယ်...။ သူမက ပြူတင်းပေါက်နေရာမှာဝင်ထိုင်လိုက်တယ်...။ ဒီနေ့လုပ်ရမယ့် အလုပ်တွေကို မှတ်စုစာအုပ်ထဲကနေ ပြန်ဖတ်ကြည့်နေတုန်း သူမရှေ့ကို ပလတ်စတစ်အိတ်အကြည်လေးနဲ့ထည့်ထားတဲ့ ဘူးလေး တွဲလောင်းကျလာတယ်...။

မော့ကြည့်လိုက်တော့ ...ပြုံးစေ့စေ့လေးနဲ့သူ...။သူမဘေးကိုထိုင်ချလိုက်တယ်...။

“ခေါက်ဆွဲကြော်နံ့လေးက မွှေးနေတာပဲဗျာ ဗိုက်ဆာလိုက်တာ စားမယ်နော် မကြီး...”

“ကားထဲမှာစားမယ် အနံ့ထွက်တယ် မစားနဲ့ ရူးနေလား ပြန်သိမ်းထား...မစားနဲ့”

သူမက တခြားခရီးသည်တွေမကြားအောင်အသံကိုနှိမ့်ပြီး သူ့ကိုပြောလိုက်တယ်...။

“မကြီးကလဲလူတွေ့ရင် ဟောက်စားပဲလုပ်နေတော့တာပဲ...

စောနေသေးတာနဲ့ သူတို့နှစ်ယောက်လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာအတူထိုင်ဖြစ်တယ်...။ တကယ်တော့ သူ့ကိုခေါက်ဆွဲကြော်လေးစားစေချင်တဲ့စိတ်နဲ့သူမက တမင်ဝင်ထိုင်လိုက်တာပါ...။ သူမကတော့စားခဲ့ပြီးပြီမို့ ကော်ဖီတစ်ခွက်ပဲမှာလိုက်တယ်...။

“မကြီးက ကျနော့်ကိုသတိရသွားလို့ပေါ့ ဟုတ်လား ကျနော့်အတွက်တစ်ဘူးထည့်လာပေးတယ်ဆိုတော့”

“ဘာကိစ္စသတိရရမလဲ... ခေါက်ဆွဲကြော်တွေများနေတာနဲ့ ပိုထည့်လာလိုက်တာ...”

“ဒါဆို မကြီးဘဲကြီးကို အဲလိုပဲဟင်းတွေချက်ကျွေးနေကျပေါ့...”

သူ့မေးခွန်းကြောင့်...သူမမျက်နှာသုန်မှုန်သွားပြီး ကော်ဖီကိုဆက်သောက်နေလိုက်တော့တယ်...။

“အိုကေ အိုကေ တခြားအကြောင်းပဲမေးတော့မယ်”

“အေးကောင်းတယ်”

“ဒါဆို မကြီး ချစ်သူအသစ်ထားဖို့မစဉ်းစားတော့ဘူးလား”

“ပြောတော့ တခြားကြောင်းပြောမယ်ဆို...”

“ဟုတ်တယ်လေ...ခုနက အတိတ်အကြောင်းအရာ ခုပြောတာက ပစ္စုပ္ပန်အကြောင်း...”

“မသိဘူးလေ... ထားဖို့အစီစဉ်မရှိတော့ဘူးထင်ရဲ့...လူတစ်ယောက်နဲ့အိပ်မက်တူဖို့ဆိုတာ အချိန်အများကြီးရင်းနှီးရတယ် ချာတိတ်ရဲ့ တစ်ရက်နှစ်ရက်နဲ့ပြီးတာမဟုတ်ဘူး...“

“ကျနော်ပြောမယ် မစု လူတစ်ယောက်နဲ့ဘ၀သစ်စဖို့ဆိုတာ အဆန်းတကြယ်ကိစ္စတစ်ခုတော့မဟုတ်ပါဘူး.... ကျနော်တို့ ချစ်သူဖြစ်ကြရအောင်နော် မစု...”

သူအဲလိုပြောချလိုက်တော့သူမ သူ့ကိုကြည့်ပြီး ဘာပြန်ပြောရမှန်းမသိ ...အိုးတိုးအန်းတန်းဖြစ်ရလောက်တဲ့အရွယ်လဲ မဟုတ်တော့...။

“ဒီမယ်... မင်းမနက်စောစောစီးစီး ဦးနှောက်ပျက်လာတာလား...ဟင်....။ ကောင်လေးရယ်.... မင်းကိုကိုယ်က မောင်လေးတစ်ယောက်လိုပဲသဘောထားတာ...ဘယ်လိုလုပ် ချစ်သူဖြစ်နိုင်မလဲ...ကဲနောက်ကျနေပြီ ကိုယ်သွားတော့မယ် အစည်းအဝေးရှိသေးတယ်...”

လက်ဖက်ရည်ဆိုင်ထဲမှာ....သူနားလည်စွာ သူမကိုငေးမောကျန်ရစ်ခဲ့တော့တယ်....။

ဆက်ပါဦးမည်


မှတ်ချက်။ ။ ကြည့်ခဲ့ဖူးတဲ့ ထိုင်းအချစ်ဇာတ်ကားလေးကို သင့်လျော်သလို ပြန်လည်ရေးသားထားခြင်းသာဖြစ်ပါသည်....။


မိုးငွေ့

Wednesday, 8 August 2012

ဟိုဖက်အိမ်ကကောင်လေး(အပိုင်း ၁).....



“ဟေးးး.... မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော မွေးနေ့လေးဖြစ်ပါစေ ...စု...”
သူမတို့ သူငယ်ချင်းတစ်သိုက်ရဲ့ မွေးနေ့ဆုတောင်းသံက တိုက်ခန်းကျဉ်းကလေးကနေညံစီလို့...။

“ကဲ ကဲ ကဲ မွေးနေ့ရှင်က ဖယောင်းတိုင်မီးမမှုတ်ခင် ဆုလေးတောင်းလိုက်ပါဦး...”

“တော်ပါပြီဟယ်...ဘာဆုမှလဲမလိုချင်တော့ပါဘူး...ဒီတိုင်းပဲမှုတ်မယ်....”

သူငယ်ချင်းတွေလဲဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သော ဝေ၊ သဲ၊ ဂျာရစ်မတို့က သူမရဲ့ အနှစ်သုံးဆယ်ပြည့် မွေးနေ့အတွက် မက်မွန်သီးကိတ်လေးကို သုံးနဲ့ သုံည ဂဏန်းပုံ ဖယောင်းတိုင်လေးစိုက်ပြီး လက်ဆောင်ပေးကြတာပါ...။

“တီ...တီ.....” တံခါးခေါင်းလောင်းသံမြည်လာတယ်...။

“စုရယ်.... နင့်တံခါးဘဲလ်သံကြီးကို ပြောင်းစမ်းပါ နားကလောတယ် တကယ်ပဲ...ရိုမန့်ကိုမဖြစ်ဘူး” ဂျာရစ်မက ထုံးစံအတိုင်း တခုမဟုတ်တခု ကဂျီကကြောင်ကျလိုက်ရမှ...။ ဝေက ဂျာရစ်မခေါင်းကိုတချက်ပုတ်လိုက်ပြီး တံခါးသွားဖွင့်တယ်..။

“မဝေ ကျနော်အတွက်ကျန်ပါသေးတယ်နော်..”

“မောင်ဘုန်း.... နင်ကတော့ နောက်ကျလိုက်ရမှ စားဝင်အိပ်ပျော်မယ့်ကောင်ကိုး...လာလာ ငါတို့ခုမှကိတ်လှီးတုန်း ဘာမှမစားရသေးဘူး ... ”

ဘုန်းမြတ်နောက်က ကျော်ပိုးအိတ်တစ်လုံးလွယ်ထားတဲ့ လူငယ်ကလေးတစ်ယောက်ကပ်ပါလာခဲ့တယ်...။

“ဟဲ့ သူကဘယ်သူတုန်း...” ဝေ...အဲလိုမေးလိုက်တော့ ထမင်းစားခန်းထဲက ကျန်တဲ့သူတွေပါ ထွက်ပြီးစပ်စုကြတယ်...။

“ကျနော့်သူငယ်ချင်းပါ ..မင်းမင်းထွန်းတဲ့ နယ်ကတက်လာတာ... ဒီမှာ သင်တန်းလာတက်တာ မင်းမင်း ငါရဲ့ လုပ်ဖော်ကိုင်ဖက် အမတွေချည်းပဲ ဆရာမကြီးတွေနော် ခုမွေးနေ့လုပ်တာက မစုစုနိုင်တဲ့ သူက မဝေ ... မသဲ ...မမဂျာရစ်”
“အောင်မလေး ငါ့ကို နာမည်အရင်းနဲ့မိတ်ဆက် မောင်ဘုန်း...”
“ဟုတ်ကဲ့ပါ... မမဂျာရစ်ဆိုတာ ငါတို့တွေ ချစ်စနိုးခေါ်တာ နာမည်အရင်းက မခင်မြတ်နိုးတဲ့”

“ဟုတ်ကဲ့ အစ်မတို့အားလုံးကိုတွေ့ရတာ ၀မ်းသာပါတယ်...”

“ကဲ...ဒါဆို တခါတည်းအတူတူစားလိုက်ကြအောင် မောင်ဘုန်း...သူငယ်ချင်းပါခေါ်ခဲ့”...

မီးဖိုထဲကသူမကိုယ်တိုင်ကြော်ထားတဲ့ ခေါက်ဆွဲကြော်... ကြက်ကင် ...တုမ်ယမ်းဟင်းချို...ကညွတ်ကြော် စတဲ့ စားစရာတွေကိုဝိုင်းသယ်ပြီး ထမင်းစားပွဲပေါ်တည်ခင်းလိုက်ကြသည်...။

“သူငယ်ချင်းတို့စားကြနော် ဒါငါ့ရဲ့ လက်ရာ စပယ်ရှယ်လုပ်ထားတာ....”
“အမယ် စု... နင်က ကြော်ရုံချက်ရုံလေးလုပ်ရတာပါ...အဲဒါတွေအသေးစိတ်ပြင်ဆင်ပေးရတာ ငါတို့နော်” လို့ ဂျာရစ်မက မျက်စောင်းထိုးပြီးပြောလိုက်သေးတယ်..။

“အေးပါ မမဂျာရစ်ရယ်... ကဲမောင်ဘုန်း မင်းသူငယ်ချင်းကိုထည့်ပေးဦး ဘာမှမရှက်နဲ့ အ၀စားနော်...”

သူမတို့တွေ တပျော်တပါး စားသောက်ကြပြီး... နောက်ဆုံး သစ်သီးပွဲ အချိုပွဲတည်းကြရင်း... ။ မောင်ဘုန်းက လွယ်အိတ်ထဲက ပုလင်းတစ်လုံးထုတ်ပြီး စားပွဲပေါ် ဒုန်းခနဲတင် အားလုံးရဲ့ မျက်လုံးတွေက ကြည်လင်နေတဲ့ အဖြူရောင်ပုလင်းဆီရောက်သွားကြတယ်..။

တပြိုင်နက်တည်းအသံထွက်လာကြတာက “တာကီလာ”

သဲက အနောက်ဖက် မှန်ဘီဒိုထဲက ဖန်ခွက်သေးသေးလေးငါးလုံးကို ထုတ်....၊ ဝေကလည်းအလိုက်သိစွာ ရေခဲသေတ္တာထဲက သံပုရာသီးကို ခပ်သေးသေးစိပ်ပြီး ဆားတစ်ခွက်ကို စားပွဲပေါ်တင်လိုက်တယ်...။

“ဒါမျိုးကျ သွက်လိုက်ကြတာနော် ဘာမှကိုပြောစရာမလိုဘူး...ငါ့မောင်လေး မောင်ဘုန်းမြတ်လေး ကြီးပွားဦးမယ်သိလား...” ဂျာရစ်မရဲ့ လေသံ..။

မင်းမင်းထွန်းကတော့ မျက်လုံးလေးအပြူးသားနဲ့ အထူးဆန်းသဖွယ်ကြည့်နေတယ်....။ မောင်ဘုန်းက ပုလင်းလေးဖေါက်ပြီး ခွက်သေးသေးလေးထဲကို မပြည့်တပြည့်ထည့်လိုက်တယ်...။

“မောင်ဘုန်း ငါမသောက်ဘူးနော်...”

“မင်းက ဒါကိုဘာထင် လို့တုန်း”

“အရက်လေ..”

“ဘယ်ကလာအရက်ကမလဲ အချိုရည်ကွ... မင်းကိုရီးယားကားမကြည့်ဖူးဘူးလား.. သောက်ကြည့် မင်းကို ငါတစ်ခွက်တည်းပဲတိုက်မှာ သောက်ဖူးသည်ရှိအောင်ပေါ့...”

“ကလေးကို မဖျက်စီးပါနဲ့ဟယ်.....”

သူမအဲလိုပြောလိုက်တော့ မင်းမင်းထွန်းမျက်လုံးတွေက သူမဆီစူးစိုက်ရောက်လာတယ်...။

“ကျနော် ကလေးမဟုတ်ဘူးဗျ... မမစု အဲလိုမပြောပါနဲ့ ကျနော့်အသက် နှစ်ဆယ့်သုံးနှစ်”

“တယ်လာတဲ့ ချာတိတ်ပါလား...ကိုယ်ကတော့ ကိုယ့်ထက်ငယ်ရင် အားလုံးကိုကလေးလို့ပဲသတ်မှတ်တယ်...”

“ဒါဆို ကျနော် ဒီမှာ ထရိန်နင်ဆင်းနေသရွေ့ ကျနော့်ကိုယ်ကျနော် မမစုကိုအပ်ပါတယ်....”

သူမက စားပွဲပေါ်တံတောင်လေးထောက် လက်ချောင်းလေးယှက်ထားရင်းက မျက်ခုံးလေးပင့်တက်သွားတယ်...။

“အလိုတော်....ရှင်က အပ်ရအောင် ကျုပ်က ကျောင်းအုပ်ဆရာမလည်းမဟုတ်ရပါလား...”
“လက်ခံလိုက်ပါ စုရယ်...နင်ခိုင်းစရာတပည့်တစ်ယောက်တိုးတာပေါ့...” ဘေးနားက သဲက သူမပခုံးလေးကို သူ့ပခုံးလေးနဲ့တိုက်ပြီး ထောက်ခံလိုက်တယ်..။

တာကီလာမသောက်ခင် မွေးနေ့ရှင်သူမက ကိတ်မုန့်လေးကို တစ်ယောက်ချင်း လိုက်ခွံကျွေးရတယ်...။ တာကီလာသောက်လိုက် သစ်သီးလေးစားလိုက်နဲ့ အရှိန်လေးရတုန်း ဂျာရစ်မက ဂိမ်းတစ်ခုကစားမယ်ဆိုလို့ ကျန်တဲ့သူက ဘာမသိညာမသိနဲ့ ဂျာရစ်မရှင်းပြမယ့်ဂိမ်း ဆော့နည်းကိုနားစွင့်နေကြတယ်...။


“ဒီလိုဟာ ငါက အလွယ်နဲ့ ဂိမ်းလို့သာပြောလိုက်တာ အမှန်တော့ ငါတို့တွေ ဘ၀မှာ လုပ်ဖူးခဲ့တာတွေနဲ့ မလုပ်ဖူးခဲ့တာတွေကိုတစ်ယောက်တလှည့်စီပြောကြေး အဲဒါမျိုး ခုငါက အရင်ဆုံးစပြောမယ် ငါလုပ်ခဲ့ဖူးတဲ့ အရာတစ်ခုကိုပြောမယ်...ပြီးရင် နောက်တစ်ယောက်က မလုပ်ဖူးသေးတာကို ဆက်ပြော အဲလိုလေး... အင်း စပြီနော်... ငါက ငါ့ဘ၀မှာလူကြီးတွေမသိအောင် အိမ်သာထဲမှာ စီးကရက်ခိုးသောက်ဖူးတယ်... ကဲ ဝေ နင်ဆက်ပြော...”

ဝေ။ ။ “ငါ့တစ်သက်မှာ လမ်းဘေးဈေးရောင်းတာမလုပ်ဖူးသေးဘူး....”

သဲ။ ။ “ငါငယ်ငယ်တုန်းက လိပ်ပြာတစ်ကောင်ကို သေအောင်လုပ်ဖူးတယ်”

မောင်ဘုန်း။ ။ “ကျနော့်ဘ၀မှာ ဟိုဟိုလေ...အဟီးး ပြောရမလား...”

“ပြောာာာ”.... အားလုံးရဲ့ အသံက ဟိန်းထွက်လာတယ်...

မောင်ဘုန်း။ ။“ ဟို...ဘယ်ယောကျာင်္းနဲ့မှမနေဖူးသေးဘူး ပြောတာပါ...”

“ဟွန်း နင်က အပုန်းတွေ အပွင့်တွေကို လင်တော်ချင်သေးလို့လား..” ဂျာရစ်ရဲ့ ချီးကျုးထောပနာသံ..။

စုစုနိုင် ။ ။ “ ငါကတော့ ဘ၀မှာ အသည်းမကွဲဖူးသေးဘူး ထင်တာပဲ...”

မင်းမင်းထွန်း။ ။ “ ကျနော်က တခါမှရည်းစားမထားဖူးသေးဘူး ”

“ဒီအရွယ်နဲ့....” ပြိုင်တူထွက်လာတဲ့အသံတွေကြောင့် မင်းမင်းထွန်း ခန္ဓာကိုယ်လေး နောက်ကို တွန့်ဆုတ်သွားရတယ်...။

“မောင်ဘုန်းရယ်...နင့်သူငယ်ချင်းက ဟုတ်လို့လားဟယ်....”
“အော် ဟုတ်ပါတယ် မသဲရယ်... သူ့အကြောင်းကျနော်ကောင်းကောင်းသိတယ်... ဒီကောင်တကယ်ရည်းစားမထားဖူးတာ တကယ်ကြီး”

ဝေက သူမဖက်လှည့်ပြီး တစ်စုံတစ်ခုကို သတိရဟန်နဲ့...
“အော်ဒါနဲ့ စု...နင့်ဘဲကြီး မိုးမြင့်ရော ဘာတဲ့လည်း နင့်မွေးနေ့မှာတောင် ဒီဘဲကြီးဘာမှ wish မလုပ်ဘူးမလား... ဘာတဲ့...ကိုယ်တို့ ခနလေး ဝေးရအောင် ဟုတ်လား... တော်တော်လည်းစကားကိုလှအောင်ပြောတတ်တယ်... အဲဒါနင့်ကို သက်သက်မဲ့ထားခဲ့ချင်တာကို အပျော့ဆွဲဆွဲနေတာ...” သဲက ဝေ့ကို လှမ်းပြီး မျက်ရိပ်ပြတယ်...။ ဝေကတော့ သူမှန်တာပြောတာပဲဆိုတဲ့ ပုံနဲ့ မလျှော့...။

ဝေ့စကားကြောင့် သူမ တာကီလာခွက်ကိုကိုင်ပြီး ခဏငိုင်ကျသွားတယ်....။ မျက်လုံးထဲမှာ ပုံရိပ်တချို့ လာထင်နေတယ်...။

“အနိုင်... ကိုယ်တို့ခနဝေးနေရအောင်နော်...”
“အဲဒါကဘာစကားလဲ မောင်..... ကျမတို့ လက်မထပ်ကြတော့ဘူးလား ဒါဆို ကျမတို့လက်ထပ်ရင်အတူနေမယ်လို့ ရည်ရွယ်ပြီး ၀ယ်ထားတဲ့ ကွန်ဒိုကရော ရောင်းပစ်ရတော့မှာလား... ”
“မဟုတ်ဘူးလေ... ကိုယ်ဆိုလိုတာက.. ကိုယ်တို့ ခဏလေးဝေးဝေးနေကြရအောင် အဲဒါမှကိုယ်တို့ဝေးနေတုန်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်လိုအပ်လည်းဆိုတာသိရတာပေါ့ မဟုတ်လား ပြီးတော့ ခုချိန်မှာ အနိုင့်ကို ကိုယ်လက်ထပ်ဖို့ အဆင့်မသင့်သေးဘူး ကွန်ဒိုကဘာဖြစ်လည်းကွာ ၀ယ်ထားပြီးရင် ဘယ်ချိန်ဖြစ်ဖြစ် အမြတ်ဖြစ်တာပဲလေ...”

မိုးမြင့်က စကားကို လွယ်လွယ်လေးပြောသွားပေမယ့် သူမကတော့ အဲဒီနေ့က ဘယ်လောက်ခံစားလိုက်ရသလဲ။ မျက်ရည်တွေဝေ့သီလာတဲ့အထိ...ပြီးတော့ မိုးမြင့်စကားတွေထဲက အရိတ်မြွတ်တချို့ကို သူမခံစားမိနေတယ်...။ ခုနှစ်နှစ်သာကာလတွဲလာတဲ့ ချစ်သူတစ်ယောက်ကို သံယောဇဉ် မျှင်မျှင်ကလေးတောင် မရှိတာလား...။ သူမဟာ သူ့အတွက် ဘာမှအဓိပ္ပါယ်မလေးနက်စေဘူးတဲ့လား...။ သူမကို သူရိုးအီသွားပြီတဲ့လား.....။

ဗန်းထဲမှာ ငှဲ့ထားတဲ့ တာကီလာခွက်တွေကို တစ်ခွက်ပြီးတစ်ခွက်သူမမော့သောက်တော့ သူငယ်ချင်းတွေက အံ့အားသင့်ပြီး ၀ိုင်းကြည့်နေကြတယ်....။

“ဟုတ်တယ် သူငယ်ချင်းတို့ ငါက အသည်းမကွဲဖူးတာမဟုတ်ဘူး တကယ်တော့ငါ ယောကျာင်္းတစ်ယောက် ဥပေက္ခာပြုတာကို ခံလိုက်ရတာ ရှင်းရှင်းပြောရရင် ယောကျာင်္းတစ်ယောက်ရဲ့ အပစ်ပယ်ခံလိုက်ရတာပါ...” သူမမျက်ရည်တွေက သွင်သွင်စီးကျလာတယ်...။

မင်းမင်းထွန်းက သူမကို အံ့အားသင့်တဲ့ အကြည့် ဂရုဏာတက်တဲ့အကြည့်နဲ့ ကြည့်နေတယ်...။

“စု….တော်တော့ နင်အရမ်းများနေပြီ…” သူမလက်ထဲက ခွက်ကို ဂျာရစ်မလုယူလိုက်တယ်…။
“ဟင့်အင်း ငါထပ်သောက်ဦးမယ်…ငါဘာမှမမှတ်မတော့လောက်အောင် မူးချင်တယ်…”
မောင်ဘုန်းက တာကီလာပုလင်းကိုဆွဲယူလိုက်တယ်…ပြီးတော့ခွက်ထဲထည့်ပြီးသောက်နေတယ်…။
သဲက သူမမြင်ကွင်းရှေ့ကို လက်ဝါးနဲ့ ဝေ့ရမ်းလှုပ်ပြနေတယ်…။ သူမကတော့ ရီဝေစွာတစ်နေရာတည်းကိုစိုက်ကြည့်နေဆဲ အကြည့်တွေက အတွေးနဲ့အတူမျောပါနေဟန်တူတယ်…။ မင်းမင်းထွန်းက မျက်မှောင်လေးကျုံ့ပြီး အဖြစ်ပျက်ကိုပွဲကြည့်ပရိတ်သတ်တစ်ယောက်လို ကြည့်နေတယ်…။
“စု…စု နင်ရသေးလား အိပ်ခန်းထဲသွားအိပ်တော့နော်…” သဲက သူမလက်ကိုလှုပ်ပြီးမေးတယ်…။
“ရပါတယ်…ငါထပ်သောက်ဦးမယ်…”
သူမအသံတွေက လျှာလိတ်သံပင်ထွက်နေပြီ…ပြီးတော့ နောက်ကိုပက်လက်ကျသွားတော့တယ်…။
“ဟာ လုပ်ဦးဟ စုမရတော့ဘူး သူ့ကို အခန်းထဲပို့မှဖြစ်မယ်….မောင်ဘုန်းကလဲ မူးပြဲနေပြီ နင်တို့နှစ်ယောက်တောင် သူ့ကိုမနိုင်မှာမဟုတ်ဘူး ငါကလည်း ဘေဘီလေးနဲ့ ကဲ မောင်မင်းမင်းထွန်း မင်းပဲကျန်တော့တယ် စုကို အခန်းထဲပို့ပေးဦး မောင်လေး”
“ဟုတ် အစ်မ…”
သူ့အရပ်ခြောက်ပေ သူ့ဘော်ဒီဝိတ်လောက်နဲ့တော့ ပေါင်တစ်ရာ့အစိပ်လောက်ရှိတဲ့ မိန်းမကို အသာလေးပွေ့ယူလိုက်နိုင်တာပေါ့…။
အေးစိမ့်မွှေးပျံ့နေတဲ့သစ်သီးရနံ့တစ်ခုက အခန်းဝမှာတင် သူ့နှာခေါင်းကို ကလူကျီစယ်လိုက်ပြီ….။
ပန်းနုရောင် အိပ်ယာခင်းလေးသပ်သပ်ရပ်ရပ်ခင်းထားတဲ့ ကုတင်ပေါ် သူမခန္ဓာကိုယ်လေးကို သူဖွဖွလေးချလိုက်တယ်…။
“ရေသောက်ချင်တယ်…..” သူမဆီက ညည်းညူသံပလုံးပထွေးထွက်လာတယ်…။
သူခေါင်းရင်းနားက ရေချိုင့်ထဲက ရေတစ်ခွက်ငှဲ့ပြီး တိုက်လိုက်တယ်…။
“ဘယ်သူလဲဟင်…မင်းကဘယ်သူလဲ ဟိုမိန်းမတွေကဘယ်ရောက်ကုန်လဲ” သူမက မျက်လုံးကိုပွတ်ပြီး သူ့ကိုကြည့်သေးတယ်…။
“ကျနော်မင်းမင်းပါ…. မကြီး ..အိပ်တော့နော်….မကြီးအရမ်းမူးနေပြီ”
“အင်းအင်း… ဒါဖြင့် မင်းသွားတော့လေ ကိုယ်အိပ်တော့မယ်…တံခါးပိတ်ခဲ့ပေးနော်…ကျေးဇူး ကျေးဇူး မောင်လေး”…
“ဟုတ်ကဲ့ မကြီး”
သူက ဟုတ်ကဲ့လို့သာပြောပြီး အခန်းထဲက ချက်ချင်းမထွက်သွားသေးဘဲ… လေအေးစက်ခလုတ်ကိုလိုက်ရှာနေသေးတယ်…။ အအေးကို နဲနဲလျှော့ပြီး သူမကိုသူ တစ်ချက်ကြည့်လိုက်သေးတယ်…….။ ပြီးတော့ အိပ်ပျော်နေတဲ့ ကြည်စင်တဲ့ သူမမျက်နှာကို ခနငေးကြည့်ရင်း သူမမျက်နှာပေါ်ကျနေတဲ့ ဆံနွယ်စတစ်ချို့ကို သပ်တင်ပေးလိုက်တယ်…။
သူ့အိပ်မက်ကိုသူဖမ်းဆုတ်မိသွားလို့ ကျေနပ်ဝမ်းသာမှုတွေနဲ့ သူဒီညလေးကို သူ့အမှတ်တရတွေထဲမှာ သိမ်းထားလိုက်တော့မယ်…။

+++++++++++++++++++++++++++

“ကြီးမေရေ… သမီးကို ဘုန်းဘုန်းတွေကြွရင် ဆွမ်းလောင်းပေးပါဦးနော်…ရော့ ဒါကတော့ ကြီးမေအတွက် သီးရွက်စုံကြော်လေး သမီးထမင်းဗူးထည့်ရင်းနဲ့ ပိုကြော်လိုက်တာပါ…”
“သာဓုပါတော်…. အလုပ်သွားအလုပ်လာ ဘေးရန်အန္တရာယ်ကင်းပါစေငါ့သမီးလေး…”
ဖွားမေက သူမငှားနေတဲ့ တိုက်ခန်းပိုင်ရှင်ပါ…. မြေညီထပ်လေးမှာ ကုန်စုံဆိုင်လေးဖွင့်ထားတယ်… အကူကောင်မလေးနဲ့နှစ်ယောက်တည်းနေတယ်…။ အသက်ကြီးပြီး ဆွေမျိုးသညာ သားသမီးမရှိတော့ ကိုယ့်ကြီးတော်လို အမေတစ်ယောက်လို အချိန်ရသလို ကျွေးမွေးအဖော်ပြုပေးရတာပါ…။ သူမအခန်းက သုံးလွှာမှာ…။
အလုပ်ချိန်အမီ ကားဂိတ်ဆီကို သူမခပ်သွက်သွက်ထွက်လာခဲ့တယ်….။ ကားဂိတ်ရောက်တော့ စီးရမယ့်ကားကအဆင်သင့်ရောက်လာတော့ တက်သွားလိုက်တယ်…။ ထုံးစံအတိုင်း ရုံးချိန်ဆိုတော့ ဘယ်ကားစီးစီး လူကကျပ်နေတာပါပဲ…။ ကံကောင်းချင်တော့ သူမထိုင်စရာနေရာရတယ်….။ ကားက လူသိပ်မစောင့်ပဲတခါတည်းမောင်းထွက်သွားတယ်…။ သူမသွားရမယ့်အလုပ်က ဒီကနေ လေးငါးမှတ်တိုင်ပဲစီးရတာ…။ သူမလက်ထဲက ပါလာတဲ့ ပစ္စည်းပစ္စယတွေကို ပြန်စစ်ပြီး ကားထဲက ခရီးသည်တချို့ကို ဝေ့၀ဲကြည့်လိုက်တယ်…။ ကားဒရိုင်ဘာနောက်မှာ စတီးတိုင်ကိုလက်နဲ့ချိပ်ပြီး စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေတဲ့ လွယ်အိတ်ကြီးကြီးလွယ်ထားတဲ့လူငယ်လေးတစ်ယောက်..။ သူမ မြင်ဖူးသလိုလိုလေးပါ…..။ ဟုတ်ပါပြီ မနေ့ညတုန်းက သူမွေးနေ့လေးမှာ မောင်ဘုန်းနဲ့လိုက်လာတဲ့ ကလေးပါ…..။
ကားဘယ်လောက်မောင်းမောင်း ဘယ်လောက်ယိမ်းယိုင်ယိုင် သူကတော့ စတီးတိုင်လေးကိုဖက်ထားပြီး စာအုပ်ကို ရအောင်ဖတ်နေတော့တယ်…။ သူမကြည့်ပြီး ပြုံးမိသွားတယ်…။ ဘယ်လိုလူငယ်လေးလဲ…။
ကားစပယ်ယာက မှတ်တိုင်အော်တော့မှာ သူမကိုယ်ဆင်းရမယ့်မှတ်တိုင်ရောက်ခါနီးပြီးဆိုပြီး အပေါက်ဝဆီကို တိုးဝှေ့ထွက်ထားလိုက်တယ်…..။ သူမဆင်းလိုက်တော့မှပဲ..စောစောက လူငယ်လေးကိုသတိရမိသွားတယ်….။ သူလှည့်ကြည့်တော့ သူကစာအုပ်တစ်ဖက် လွယ်အိတ်တစ်ဖက်နဲ့ ကပြာကသီပြေးလိုက်လာနေတယ်…။
“မကြီး…နေပါဦးဗျ….ကျနော် မနက်စာမစားရသေးဘူး ..ဟိုလေ ကော်ဖီလေးတစ်ခွက်လောက်မတိုက်ချင်ဘူးလား”
“ဒါကဘယ်လိုဖြစ်တာလဲ ဘာကိစ္စကိုယ့်နောက်လိုက်နေရတာလဲ… ကိုယ်သွားတော့မယ် အလုပ်ချိန်ကနီးနေပြီကွယ့်”
“အဲဗျာ…ဆက်ဆံရေးကကျဲလှချေလား…..အနော်က ကိုယ့်အမကိုတွေ့လို့ဝမ်းသာအားရလာနှုတ်ဆက်တာကို…ရပါတယ် ကော်ဖီမတိုက်လဲနေပါဗျာ…သွားပြီ…”
တကယ်ပဲ သူက လွယ်အိတ်ကိုနောက်ပစ်ပြီး လှည့်ထွက်သွားဟန်ပြုတော့ …
“နေဦး ဒါကဘယ်လဲ… ဒီထိလိုက်လာမှတော့မထူးပါဘူး ရုံးမှာလိုက်သောက် ကိုယ်ဖျော်တိုက်မယ်…”
“အဟီးး..နေပါစေတော့ ကျနော်လဲ သင်တန်းနောက်ကျနေပြီး သင်တန်းက ဟိုဖက်လမ်းမှာပဲလေ…တာ့တာ ”
သူမကိုပြုံးရွှင်စွာ လက်ပြပြီး သူထွက်သွားတယ်….။ သူမကတော့ ဖိုင်လေးပိုက်ပြီးကျန်ရစ်နေတော့တယ်…။ သူမလည်း ရုံးရှိရာ လမ်းထဲကိုဝင်တော့ လမ်းထိပ်ကမှာ မောင်ဘုန်းနဲ့တိုးတော့တယ်…။
“မောင်ဘုန်း နင်ခုမှရုံးသွားမှာလား ဘယ်မလဲ မနေ့က အမလုပ်ခိုင်းထားတာအဆင်သင့်ပဲလား….အဲဒီစီဒီကို ဆယ်နာရီခွဲရင် ရုပ်သံကိုပို့ရမှာနော်..”
“မစုရယ် ဘာမှမပူနဲ့ ကျနော်အကုန်လုပ်လာပြီးသား ရုံးရောက်တာနဲ့ ဘန်းလိုက်ရုံပဲ…ဒါနဲ့ မစု ညနေရုံးဆင်းရင် ဆူးလေဘက်သွားမယ် လိုက်ဦးမလား…”
“ဘာလုပ်ဖို့တုန်း”
“အော် ခွေတွေသွားရှာမလို့ပါ…ညဘက်အပျင်းပြေကြည့်ဖို့”
“ဘာလဲ ဟိုခွေတွေလား…..”
“အဟီးး မစုကြည့်ချင်လို့လား…”
“ခွေးကောင်လေး နင့်ဘာသာနင်ကြည့်…”
သူမအလုပ်က မီဒီယာကြော်ငြာကုမ္ပဏီတစ်ခု… ။ စီးပွားရေးလုပ်ငန်းရှင်တွေစီက ကုန်ပစ္စည်းတွေကို ကြော်ငြာရိုက်ပေးတယ် ပရိုဂရမ်ဆွဲပေးတယ် ရုပ်သံကနေလွှင့်ပေးတဲ့အထိ တာဝန်ယူဆောင်ရွက်ပေးရတာမျိုး….။ သူမအပိုင်းက ကြော်ငြာရိုက်တဲ့အခါ ကြီးကြပ်ပေးရတာ တခါတလေလဲ အိုင်ဒီယာဝင်ပေး ဒါရိုက်တာအကြံပေး… ရှုတင်မန်နေဂျာလဲဖြစ်လိုဖြစ်ပေါ့…စုံပလုံစိ… သူဌေးက..ကြုံသလိုခိုင်း သူမကလဲတတ်နိုင်သလောက်လုပ်ပေးတယ်…။ ဒီလိုပဲ တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာ အချိန်ကုန်ချင်ကုန် မဟုတ်ရင် ဟိုရိုက်ကွင်း ဒီရိုက်ကွင်းပြေးဟယ်လွှားဟယ်နဲ့ပေါ့…။ သူမကလဲ ၀ါသနာပါတော့ ပင်ပန်းတယ်လို့ကိုစိတ်ထဲမမှတ်ဖူးဘူး…။

++++++++++++++++++++++

“သားလေး စားစား ၀အောင်စားနော်…မမနေ့တိုင်းဝယ်ကျွေးမှာသိလား..ရော့ရော့စား…”
အညိုနုရောင် အမွှေးဖွားဖွားနဲ့ ခွေးပုကလေးက သူမလက်ထဲက အသားလုံးလေးကို မြိန်ယှက်စွာစားနေတယ်…။ ၀ါးတံလေးက အသားလုံးလေးတွေကို တစ်လုံးပြီးတစ်လုံးချွေပြီး ခွေးလေးပါးစပ်ထဲကိုထည့်ပေးနေမိတယ်…။
“ခွေးနာမည်ကဘယ်လိုခေါ်လဲမကြီး……”
ခွေးလေးကိုအစာကျွေးနေရင်း အနောက်ဖက်ကအသံလာရာဆီ သူမလှည့်ကြည့်လိုက်တယ်…။ လွယ်အိတ်ကြီးကြီးကို စလွယ်သိုင်းတဲ့ ဟိုကောင်လေး….။
“မင်း ကိုယ့်နောက်ကိုလိုက်လာပြန်ပြီလား…”
“ခင်ဗျာ……”
သူက မျက်လုံးလေးအပြူးသားနဲ့ သူမကိုကြည့်ပြီး ခနနေတော့ ပြုံးစစလေးနဲ့….
“ဟုတ်တယ်ဗျ…မမချောချောလှလှကို စိတ်မချလို့လေ…”
“ကိုယ့်ကိုလာနောက်မနေနဲ့နော်…”
“ခွေးကို မကြီးဘာနာမည်ပေးထားလဲ”
သူက သူမပြောနေတာကို မသိချင်ဟန်ဆောင်ပြီး သူမနားထိုင်ချလိုက်ပြီး လက်ထဲက အသားလုံးကိုလဲယူပြီး ခွေးကလေးကို ကျွေးနေလိုက်သေးတယ်…။
“ခွေးက ပိုင်ရှင်မရှိဘူး လမ်းပျောက်လာတယ်လို့ထင်တာပဲ ကိုယ်သူ့ကိုအစာကျွေးနေတာ ဒီနေ့နဲ့ဆိုတစ်ပတ်ရှိပြီ….”
“ပိုင်ရှင်မရှိဘူးဆိုပေမယ့်လဲ မကြီးကသူ့ကိုနေ့တိုင်းအစာကျွေးနေတော့သူက မကြီးကိုသူ့သခင်လို့မှတ်မှာပဲလေ…. နာမည်လေးတစ်ခုတော့ပေးထားသင့်တယ်…”
“မင်းတော်တော်လျှာရှည်တဲ့ကလေးပဲ… သင်တန်းကဆင်းပြီး ကိုယ်အိမ်ကိုယ်မပြန်ဘူး…”
သူက သူ့အိတ်ထဲ စက္ကူလက်ကိုင်ပုဝါ နှစ်ရွက်ထုတ်ပြီး ပေနေတဲ့ သူမလက်ကိုသုတ်ပေးမယ်လုပ်တော့..
“ရတယ် ကိုယ့်ဘာသာကိုယ်သုတ်ပါ့မယ်…မင်းပြန်တော့လေ ဘာလုပ်နေလဲ”
“ဟာဗျာ နှင်နေတော့တာပဲ လူတွေ့တာနဲ့…ခုအနော်က အိမ်ပြန်လာတာပဲလေ…”
“ကဲမင်းဘာသာမင်း ပြန်ချင်ပြန်မပြန်ချင်နေတော့ ကိုယ်တော့ဗိုက်ဆာလို့ လစ်ပြီ..”
သူက လက်သုတ်ပြီး အနားက အမှိုက်ပုံးထဲ စက္ကူကိုလုံးချေပစ်လိုက်ရင်း ထွက်လာခဲ့တော့တယ်…။ သူတစ်ချက်ပြုံးလိုက်ရင်း သူမကိုစနောက်ချင်စိတ်ကတဖွားဖွားပေါ်လာတာနဲ့ သူမနောက်ကို ထပ်ကျပ်မကွာလိုက်ပါလာခဲ့တယ်…။
“အဲ… ဒီကလေးလေး ကိုယ်ပြောတဲ့စကားကိုနားမလည်ဘူးလား..အိမ်ပြန်တော့ဆို…”
“အင်း ကျနော်ခုအိမ်ပြန်နေတာပဲလေ…..”
“ကိုယ့်နောက်ကိုတကောက်ကောက်လိုက်လာတာ မင်းအိမ်ပြန်တဲ့လမ်းနဲ့ ကိုယ်နဲ့တူလို့လား..”
“မပြောပြဘူး…”
သူက ခပ်ရွှင်ရွှင်လေသံနဲ့ မြှောက်ကြွကြွလျှောက်ရင်း လိုက်ပါလာခဲ့တယ်…။ သူမက ဘာမှဆက်ပြောချင်စိတ် မရှိတော့တဲ့ဟန်နဲ့ နှုတ်က ကျွတ်ခနဲညည်းရင်း သူ့ကိုလည်းမျက်စောင်းထိုး ခြေလှမ်းကိုသွက်ပြီး လျှောက်လာတော့တယ်…။
သူမအခန်းအောက်ထပ်ရောက်တဲ့အထိ သူက ပါလာတုန်း….။
“ကြီးမေ…ဒီနေ့ရောင်းကောင်းလား….”
“ပုံမှန်ပါပဲသမီးရယ်……. အော်…မြေးလေးလဲ တခါတည်းလိုက်ပြန်လာတာကိုးး..”
ဖွားမေပြောတော့မှာ သူမအနောက်ကိုလှည့်ကြည့်လိုက်တယ်….။ ပခုံးပေါ်ကလွယ်အိတ်ကြိုးကိုလက်နှစ်ဖက်နဲ့ကိုင်ရင်း ပြုံးနေတဲ့ လူငယ်ကလေး……။
“ဟုတ်ဖွားမေ….. ဒီမမနဲ့ သားသင်တန်းကလမ်းကြောတူတော့ အတူပြန်လာကြတာ..”
“ဟင်..” သူမ အံ့အားသင့်စွာ မျက်ခုံးလေးပင့်မိသွားတယ်…။
“သူက…” သူမက ဖွားမေကိုတစ်ချက်ကြည့်ပြီး သူ့ကိုလက်ညိုးထိုးလိုက်တယ်..။
“ကြီးမေရဲ့ မြေးလေးလေ သမီးရဲ့… နယ်ကနေသင်တန်းလာတက်တာ……”
“အော……” သူမက လက်ညိုးလေးထောင်ပြီး သူ့ကိုရမ်းပြတော့..
“အနော်ပြောသားပဲ… ကိုယ့်အိမ်ကိုပြန်တာပါလို့…မကြီးနောက်ကိုလိုက်တာမဟုတ်ပါဘူးလို့”

ဆက်ပါဦးမည်.....


မိုးငွေ့