Thursday, 20 December 2012

နေရာ.....




ဒီနေရာကို ဘယ်ချိန်ကတည်းက ကိုယ်ရောက်နေခဲ့မိသလဲ သေချာမမှတ်မိတော့ပါ….။

ဘယ်ချိန်ရှိနေပြီလဲ…..။ လမ်းမပေါ်မှာ ကားအသွားအလာတွေသိပ်မရှိတော့….။ လမ်းမီးတိုင်ဆီက အရောင်ဝါကျင့်ကျင့်က ကတ္တရာလမ်းဆီ မပီဝိုးတ၀ါးဖြာကျလို့…….။ ဆောင်းလေအေး တချက်တချက်ဝှေ့တိုက်လာတာကိုမမှုပေမယ့် လက်နှစ်ဖက်ကိုတင်းတင်းပိုက်ပြီး လမ်းမရဲ့ ဟိုဖက်ဒီဖက်ဆီကိုသာကြည့်နေမိတော့တယ်……။


ခု…ကိုယ်ရပ်နေတဲ့နေရာလေးမှာပေါ့….ညမီးရောင်အောက်မှာ ကိုယ့်ကိုကြည့်ပြီး “မမသနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှမမြင်ဖူးသေးဘူး”လို့ပြောပြီးမင်းရဲ့ အပြုံးကိုနောက်ဆုံးမြင်လိုက်ရတဲ့နေရာ….။

ကိုယ့်ရဲ့ဘယ်ဖက်ခြမ်းမှာ ပလက်ဖောင်းဘေး အမိုးလေးနဲ့အုတ်ခုံလေးကိုလှမ်းကြည့်ရင်း မျက်ရည်တွေက အလိုလို ဝေ့၀ဲတက်လာပြန်တယ်….။ 


“ကျွန်တော်တို့… အဲဒီမှာထိုင်ကြမယ်လေ….” လို့  မင်းပြောခဲ့တာကို ပြန်မြန်ယောင်မိပြီး…. အဲဒီညက မင်းနဲ့ကိုယ်တို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုဟာ အိပ်မက်တစ်ခုသာဆို ဘယ်လောက်ကောင်းလိုက်မလဲ……။

ကိုယ်သာမင်းနဲ့အတူ အဲဒီမှာထိုင်ဖြစ်ခဲ့ရင် မင်းရင်ဖွင့်မယ့်စကားတွေကို နားထောင်ဖြစ်ခဲ့ရင် ခုလိုကိုယ်တို့စောစောစီးစီး ဝေးကြရမှာမဟုတ်ဘူး…..။


ကျင့်ဝတ်တွေ…. သိက္ခာတွေ…မာနတွေ… တန်ဖိုးတွေ…..စောင့်စည်းမှုတွေ…. အဲဒါတွေက အချစ်မှာလိုအပ်သလား ကိုယ်သေချာမသိဘူး…။ ဒါပေမယ့် ကိုယ်အဲဒါတွေနဲ့ မင်းကိုလဲလှယ်ခဲ့လိုက်တယ်….။ 


ပြီးတော့ ကိုယ်ဟာ…မင်းအရွယ်နဲ့လိုက်ပြီး မိုက်မဲ့ဖို့မသင့်တဲ့ အရွယ်….။ အို…မင်းကို မိုက်မဲတယ်လို့ကိုယ်သုံးနှုန်းလိုက်တာဟာ မင်းကိုစော်ကားတာမဟုတ်ပါဘူး….။ မင်းရဲ့ ဇွတ်တရွတ်နိုင်မှုကိုပြောတာပါ…..။ ကိုယ်တို့မှာ တူညီကြတာဆိုလို့ ဂီတကိုချစ်မြတ်နိုးတာတခုပဲရှိတယ်….။ တကယ်တော့ ကိုယ်မင်းကို ကိုယ်နဲ့အဆင်ပြေတာမပြေတာထက် အားလုံးနဲ့အဆင်ပြေစေချင်တာပါပဲ….။  လောကကြီးကို အမြဲမထီမဲ့မြင်နေတဲ့ လူငယ်တစ်ယောက်မဖြစ်စေချင်ဘူး….။ ခုတော့လဲ….ပြီးသွားပါပြီ…။ ကိုယ်ဘာပြောပြော ဘယ်လိုပဲဖြစ်နေဖြစ်နေ… မင်းကိုယ့်ဆီပြန်လာမှာမှမဟုတ်တော့ဘဲ…။


အဲဒီညက မင်းကိုယ့်ကိုပြောချင်တဲ့ စကားတွေဆိုတာဘာတွေလဲ…ကိုယ်ခုချိန်မှာသိချင်လဲ မျှော်လင့်တွေချက်က ရေစုန်မျောသွားခဲ့ပြီ…။

ဟိုအရင်ချိန်တွေတုန်းကလို…..“မင်းဘယ်ဆီမှာလဲ”…..“ကိုယ်ဆီပြန်လာခဲ့ပါ”…..
“သတိရသေးရင် နှုတ်ဆက်ပါ” လိုင်းပေါ်ရောက်တိုင်း နစ်မှာတင်ထားလဲ… … ကိုယ့်ကို ကိုယ်ယောင်ဖျောက်ပြီး ရုတ်တရက်လာနှုတ်ဆက်မယ့်သူမရှိတော့ဘူး…။ မင်းဆီမှာကိုယ့်အတွက် နေရာ ဆိုတာမရှိတော့ဘူးတဲ့လား….။

မိုးငွေ့

6 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လူ့ဘောင် ပတ်ဝန်းကျင်မှာ အချစ်ဆိုတာထက် အင်အားကြီးတဲ့အရာတွေ အများကြီးရှိနေတယ်ဆိုတာ အသက်အရွယ် ရင့်ကျက်လာလေလေ .. သိသာလာလေလေမို့ ငယ်ရွယ်သူတစ်ယောက်လို ရှေ့မတိုးရဲတာဟာ တကယ်တော့ သတ္တိကြောင်တာ မဟုတ်ပါဘူး ကွယ်

ညီလင်းသစ် said...

ဗဒင်ကတော့ 'ဖန်တီးလို့မရတဲ့ နေရာ၊ ဖျက်ဆီးလို့ မရတဲ့ နေရာ..'တဲ့၊

နေရာဆိုတာကလည်း ဘယ်လောက်ပဲ ဦးထားဦးထား၊ ယူမယ့်သူ မရှိရင် လစ်ဟာနေတာမျိုး ပါပဲလို့ တွေးနေမိတယ် ညီမမိုး...။

Candy said...

အိန်ဂျယ်စာစုလေး နောက်တစ်ပုဒ်ကို ခံစားသွားတယ် မမရေ...

ရိုးမြေကျ said...

နေမယ်မနေဘူးကတော့ မင်းရဲ့သဘောပါ။ သေချာတဲ့နေရာကရှိခဲ့ပီ။ အဲဒီနေရာလေးကို အိန်ဂျယ်အတွက် မမ သီးသန့်ထားထားတာ သူသိမှာပါ။

ဆူးသစ် said...

လွမ်းလိုက်တာဗျာ။ ချမ်းလည်းချမ်း.......လွမ်းလည်းလွမ်းပေါ့။ ရက်စက်လိုက်တဲ့အိန်ဂျယ်။အပြင်မှာမတွေ့နိုင်လည်းအွန်လိုင်းမှာတော့တွေ့ခွင့်ပေးသင့်တာပေါ့။ခံစားသွားပါတယ်။

သဒ္ဓါလှိုင်း said...

တခါတရံ အချစ်နဲ့ အလဲအလှယ်လုပ်လိုက်တဲ့အရာတွေက ကိုယ့်အတွက် ချမ်းမြေ့မှုတစ်ခု ဖြစ်ချင်မှ ဖြစ်ရတာ.။

ချစ်တဲ့
သဒ္ဓါ