မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 10 September 2012

စက်တင်ဘာဝတ်ရုံ.....


စက်တင်ဘာရဲ့ သတိုးသမီးဟာ
အနက်ရောင်ပိုးဂါဝန်ဖါးဖါးကြီးကို ၀တ်ဆင်လို့...
ငွေမှင်ရောင်ဆံချည်မျှင်တချို့ဖိတ်ဖိတ်လက်...
စိမ်းဖန့်ဖန့်မျက်ဝန်းတွေက မင်းဆီက နူးညံ့တဲ့ အကြည့်တွေကို မျှော်တလင့်လင့်ရှိနေလေရဲ့...။
ပြာနှမ်းနေတဲ့ နှုတ်ခမ်းတစ်စုံမှာ စကားလုံးမဲ့တွေချိတ်ဆွဲခံလိုက်ရပေမယ့်...
သွယ်ပြောင်းရှည်လျားတဲ့ လက်ချောင်းတွေကတော့
လှပသက်ဝင်တဲ့ စကားလုံးတွေကို ပုံဖော်နိုင်ကြတုန်းပဲ....။

အိန်ဂျယ်ရေ... ....
အနက်ရောင်မျက်ရည်စက်ကို
ကော်ဖီခါးခါးအမှတ်နဲ့ ကိုယ်သောက်မိခဲ့...
အဖြူရောင် နွားနို့တစ်ခွက်ကတော့ မင်းအတွက်ပေါ့...
ဒါမှမဟုတ်...ရွှေပယင်းရောင်တို့က(ကိုယ့်ထက်)
မင်းကို ပျော်ရွှင်ယစ်မူးစေခဲ့သလား....
လောကကြီးကို တခါတခါ စိတ်တိုင်းမကျ
အလိုမကျမှုတွေနဲ့ မင်းရောက်ရောက်လာတဲ့အခါ
ကိုယ်မင်းကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိတဲ့အခါ...
ကိုယ့်ရဲ့ မှော်အတတ်တွေကို ကိုယ်အသုံးမချတတ်တဲ့အခါ...
ကိုယ့်ရဲ့ နှလုံးသားယောက်ယက်ခတ်နေတဲ့အခါ....
စက်တင်ဘာဝတ်ရုံကို ခြုံလို့ အသုံးမကျတဲ့ ကိုယ်ဖြစ်ဖြစ်လို့သွားတယ်...။

ကြယ်စင်တွေလမ်းပျောက်နေတဲ့ ရာသီ
လမင်းကြီးသာခွင့်မရတဲ့ ရာသီ
မိုးစက်လေပြေတို့ မြူးတူးတဲ့ ရာသီ
လေကြမ်းတို့ဝေ့ရမ်း ပင်မြင့်ထက်က သစ်ရွက်တွေ လူးလွန့်တဲ့ရာသီ
တိမ်စိုင်မြူခိုးတွေ ရွေ့လျားပြောင်းပြေးရတဲ့ ရာသီမှာ...
စက်တင်ဘာဝတ်ရုံကိုခြုံလို့ ကမ္ဘာဆုံးထိတိုင် မင်းကိုလွမ်းတတ်တဲ့
မှော်ဆရာမတစ်ယောက်ရှိနေသေးတယ်ဆိုတာ သတိရပေးပါ.....။
မိုးငွေ့

10 comments:

စံပယ်ချို said...

မှော်ဆရာမ တစ်ယောက်ရဲ့ စက်တင်ဘာဝတ်ရုံ
လေးခံစားနေမိတယ်

Nyi Linn Thit said...

စက်တင်ဘာ ဝတ်ရုံကိုခြုံပြီး ကိုယ့်ကိုယ်ကို အားမရတဲ့ မှော်ဆရာမ တစ်ယောက်ကို တိတ်တိတ်လေးပဲ ဖတ်ကြည့်နေမိတယ်၊

တိုက်တိုက်ဆိုင်ဆိုင် စာဖတ်ရင်း နားထောင်နေတဲ့ သီချင်းက Steven Tyler ရဲ့ Angel တဲ့..၊ သူကတော့ ပြောတယ်..၊ ♫♫ You're my angel, come and save me tonight.. ♪♫ တဲ့...။

မိုးငွေ့........ said...

ကျေးဇူးကိုညီလင်း အဲဒီသီချင်းကို ယူကျုမှာ သွားယူလိုက်ဦးမယ်....း)

လွင်ပြင်လှိုင်းငယ် said...

အနက်ရောင်မျက်ရည်စက်ကို
ကော်ဖီခါးခါးအမှတ်နဲ့ ကိုယ်သောက်မိခဲ့...
အဖြူရောင် နွားနို့တစ်ခွက်ကတော့ မင်းအတွက်ပေါ့...
ဒါမှမဟုတ်...ရွှေပယင်းရောင်တို့က(ကိုယ့်ထက်)
မင်းကို ပျော်ရွှင်ယစ်မူးစေခဲ့သလား....

အက်ဆေးလေးက အရမ်းလှတယ်

မြတ်နိုးသူ said...

တိမ်စိုင်မြူခိုးတွေ ရွေ့လျားပြောင်းပြေးရတဲ့ ရာသီမှာ...
စက်တင်ဘာဝတ်ရုံကိုခြုံလို့ ကမ္ဘာဆုံးထိတိုင် မင်းကိုလွမ်းတတ်တဲ့
မှော်ဆရာမတစ်ယောက်ရှိနေသေးတယ်ဆိုတာ သတိရပေးပါ.....။
အားပေးသွားပါတယ်အမ

မိုးနတ်ကြယ်စင် said...

ကြယ်စင်တွေလမ်းပျောက်နေတဲ့ ရာသီ
လမင်းကြီးသာခွင့်မရတဲ့ ရာသီ
မိုးစက်လေပြေတို့ မြူးတူးတဲ့ ရာသီ
လေကြမ်းတို့ဝေ့ရမ်း ပင်မြင့်ထက်က သစ်ရွက်တွေ လူးလွန့်တဲ့ရာသီ
တိမ်စိုင်မြူခိုးတွေ ရွေ့လျားပြောင်းပြေးရတဲ့ ရာသီမှာ...

အက်ဆေးကောင်းလေးခံစားသွားတယ်နော်...
ခင်မင်နေတဲ့..မိုးနတ်

sulay said...

စက်တင်ဘာဝတ်ရုံဆိုလို့ စိတ်ဝင်တစား ဖတ်လိုက်တယ် မိုးငွေရေ..။ ၂၀၀၇ ရဲ့ စက်တင်ဘာ ၂၇ ကိုလဲ သတိရလိုက်မိတယ်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ပျိုးယုဝသုန် said...

လှို့ဝှက်ချက်တွေနဲ့ ဝတ်ရုံရှည် ...

ရိုးမြေကျ said...

စက်တင်ဘာဝတ်ရုံကို စက်တင်ဘာလလေးမှာ လာအားပေးတယ်။ သူ မှော်ဆရာမလေးလွမ်းနေတာ သတိရပေးမှာပါ။

မိုးခါး said...

အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ဂါဝန်ဖားဖားကြီး ၀တ်ဆင်ထားသော စက်တင်ဘာ နတ်သမီး