Wednesday, 8 August 2012

ဟိုဖက်အိမ်ကကောင်လေး.....(အပိုင်းတစ်)



“ဟေးးး.... မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော မွေးနေ့လေးဖြစ်ပါစေ ...စု...”
သူမတို့ သူငယ်ချင်းတစ်သိုက်ရဲ့ မွေးနေ့ဆုတောင်းသံက တိုက်ခန်းကျဉ်းကလေးကနေညံစီလို့...။

“ကဲ ကဲ ကဲ မွေးနေ့ရှင်က ဖယောင်းတိုင်မီးမမှုတ်ခင် ဆုလေးတောင်းလိုက်ပါဦး...”

“တော်ပါပြီဟယ်...ဘာဆုမှလဲမလိုချင်တော့ပါဘူး...ဒီတိုင်းပဲမှုတ်မယ်....”

သူငယ်ချင်းတွေလဲဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သော ဝေ၊ သဲ၊ ဂျာရစ်မတို့က သူမရဲ့ အနှစ်သုံးဆယ်ပြည့် မွေးနေ့အတွက် မက်မွန်သီးကိတ်လေးကို သုံးနဲ့ သုံည ဂဏန်းပုံ ဖယောင်းတိုင်လေးစိုက်ပြီး လက်ဆောင်ပေးကြတာပါ...။

“တီ...တီ.....” တံခါးခေါင်းလောင်းသံမြည်လာတယ်...။

“စုရယ်.... နင့်တံခါးဘဲလ်သံကြီးကို ပြောင်းစမ်းပါ နားကလောတယ် တကယ်ပဲ...ရိုမန့်ကိုမဖြစ်ဘူး” ဂျာရစ်မက ထုံးစံအတိုင်း တခုမဟုတ်တခု ကဂျီကကြောင်ကျလိုက်ရမှ...။ ဝေက ဂျာရစ်မခေါင်းကိုတချက်ပုတ်လိုက်ပြီး တံခါးသွားဖွင့်တယ်..။

“မဝေ ကျနော်အတွက်ကျန်ပါသေးတယ်နော်..”

“မောင်ဘုန်း.... နင်ကတော့ နောက်ကျလိုက်ရမှ စားဝင်အိပ်ပျော်မယ့်ကောင်ကိုး...လာလာ ငါတို့ခုမှကိတ်လှီးတုန်း ဘာမှမစားရသေးဘူး ... ”

ဘုန်းမြတ်နောက်က ကျော်ပိုးအိတ်တစ်လုံးလွယ်ထားတဲ့ လူငယ်ကလေးတစ်ယောက်ကပ်ပါလာခဲ့တယ်...။

“ဟဲ့ သူကဘယ်သူတုန်း...” ဝေ...အဲလိုမေးလိုက်တော့ ထမင်းစားခန်းထဲက ကျန်တဲ့သူတွေပါ ထွက်ပြီးစပ်စုကြတယ်...။

“ကျနော့်သူငယ်ချင်းပါ ..မင်းမင်းထွန်းတဲ့ နယ်ကတက်လာတာ... ဒီမှာ သင်တန်းလာတက်တာ မင်းမင်း ငါရဲ့ လုပ်ဖော်ကိုင်ဖက် အမတွေချည်းပဲ ဆရာမကြီးတွေနော် ခုမွေးနေ့လုပ်တာက မစုစုနိုင်တဲ့ သူက မဝေ ... မသဲ ...မမဂျာရစ်”
“အောင်မလေး ငါ့ကို နာမည်အရင်းနဲ့မိတ်ဆက် မောင်ဘုန်း...”
“ဟုတ်ကဲ့ပါ... မမဂျာရစ်ဆိုတာ ငါတို့တွေ ချစ်စနိုးခေါ်တာ နာမည်အရင်းက မခင်မြတ်နိုးတဲ့”

“ဟုတ်ကဲ့ အစ်မတို့အားလုံးကိုတွေ့ရတာ ၀မ်းသာပါတယ်...”

“ကဲ...ဒါဆို တခါတည်းအတူတူစားလိုက်ကြအောင် မောင်ဘုန်း...သူငယ်ချင်းပါခေါ်ခဲ့”...

မီးဖိုထဲကသူမကိုယ်တိုင်ကြော်ထားတဲ့ ခေါက်ဆွဲကြော်... ကြက်ကင် ...တုမ်ယမ်းဟင်းချို...ကညွတ်ကြော် စတဲ့ စားစရာတွေကိုဝိုင်းသယ်ပြီး ထမင်းစားပွဲပေါ်တည်ခင်းလိုက်ကြသည်...။

“သူငယ်ချင်းတို့စားကြနော် ဒါငါ့ရဲ့ လက်ရာ စပယ်ရှယ်လုပ်ထားတာ....”
“အမယ် စု... နင်က ကြော်ရုံချက်ရုံလေးလုပ်ရတာပါ...အဲဒါတွေအသေးစိတ်ပြင်ဆင်ပေးရတာ ငါတို့နော်” လို့ ဂျာရစ်မက မျက်စောင်းထိုးပြီးပြောလိုက်သေးတယ်..။

“အေးပါ မမဂျာရစ်ရယ်... ကဲမောင်ဘုန်း မင်းသူငယ်ချင်းကိုထည့်ပေးဦး ဘာမှမရှက်နဲ့ အ၀စားနော်...”

သူမတို့တွေ တပျော်တပါး စားသောက်ကြပြီး... နောက်ဆုံး သစ်သီးပွဲ အချိုပွဲတည်းကြရင်း... ။ မောင်ဘုန်းက လွယ်အိတ်ထဲက ပုလင်းတစ်လုံးထုတ်ပြီး စားပွဲပေါ် ဒုန်းခနဲတင် အားလုံးရဲ့ မျက်လုံးတွေက ကြည်လင်နေတဲ့ အဖြူရောင်ပုလင်းဆီရောက်သွားကြတယ်..။

တပြိုင်နက်တည်းအသံထွက်လာကြတာက “တာကီလာ”

သဲက အနောက်ဖက် မှန်ဘီဒိုထဲက ဖန်ခွက်သေးသေးလေးငါးလုံးကို ထုတ်....၊ ဝေကလည်းအလိုက်သိစွာ ရေခဲသေတ္တာထဲက သံပုရာသီးကို ခပ်သေးသေးစိပ်ပြီး ဆားတစ်ခွက်ကို စားပွဲပေါ်တင်လိုက်တယ်...။

“ဒါမျိုးကျ သွက်လိုက်ကြတာနော် ဘာမှကိုပြောစရာမလိုဘူး...ငါ့မောင်လေး မောင်ဘုန်းမြတ်လေး ကြီးပွားဦးမယ်သိလား...” ဂျာရစ်မရဲ့ လေသံ..။

မင်းမင်းထွန်းကတော့ မျက်လုံးလေးအပြူးသားနဲ့ အထူးဆန်းသဖွယ်ကြည့်နေတယ်....။ မောင်ဘုန်းက ပုလင်းလေးဖေါက်ပြီး ခွက်သေးသေးလေးထဲကို မပြည့်တပြည့်ထည့်လိုက်တယ်...။

“မောင်ဘုန်း ငါမသောက်ဘူးနော်...”

“မင်းက ဒါကိုဘာထင် လို့တုန်း”

“အရက်လေ..”

“ဘယ်ကလာအရက်ကမလဲ အချိုရည်ကွ... မင်းကိုရီးယားကားမကြည့်ဖူးဘူးလား.. သောက်ကြည့် မင်းကို ငါတစ်ခွက်တည်းပဲတိုက်မှာ သောက်ဖူးသည်ရှိအောင်ပေါ့...”

“ကလေးကို မဖျက်စီးပါနဲ့ဟယ်.....”

သူမအဲလိုပြောလိုက်တော့ မင်းမင်းထွန်းမျက်လုံးတွေက သူမဆီစူးစိုက်ရောက်လာတယ်...။

“ကျနော် ကလေးမဟုတ်ဘူးဗျ... မမစု အဲလိုမပြောပါနဲ့ ကျနော့်အသက် နှစ်ဆယ့်သုံးနှစ်”

“တယ်လာတဲ့ ချာတိတ်ပါလား...ကိုယ်ကတော့ ကိုယ့်ထက်ငယ်ရင် အားလုံးကိုကလေးလို့ပဲသတ်မှတ်တယ်...”

“ဒါဆို ကျနော် ဒီမှာ ထရိန်နင်ဆင်းနေသရွေ့ ကျနော့်ကိုယ်ကျနော် မမစုကိုအပ်ပါတယ်....”

သူမက စားပွဲပေါ်တံတောင်လေးထောက် လက်ချောင်းလေးယှက်ထားရင်းက မျက်ခုံးလေးပင့်တက်သွားတယ်...။

“အလိုတော်....ရှင်က အပ်ရအောင် ကျုပ်က ကျောင်းအုပ်ဆရာမလည်းမဟုတ်ရပါလား...”
“လက်ခံလိုက်ပါ စုရယ်...နင်ခိုင်းစရာတပည့်တစ်ယောက်တိုးတာပေါ့...” ဘေးနားက သဲက သူမပခုံးလေးကို သူ့ပခုံးလေးနဲ့တိုက်ပြီး ထောက်ခံလိုက်တယ်..။

တာကီလာမသောက်ခင် မွေးနေ့ရှင်သူမက ကိတ်မုန့်လေးကို တစ်ယောက်ချင်း လိုက်ခွံကျွေးရတယ်...။ တာကီလာသောက်လိုက် သစ်သီးလေးစားလိုက်နဲ့ အရှိန်လေးရတုန်း ဂျာရစ်မက ဂိမ်းတစ်ခုကစားမယ်ဆိုလို့ ကျန်တဲ့သူက ဘာမသိညာမသိနဲ့ ဂျာရစ်မရှင်းပြမယ့်ဂိမ်း ဆော့နည်းကိုနားစွင့်နေကြတယ်...။


“ဒီလိုဟာ ငါက အလွယ်နဲ့ ဂိမ်းလို့သာပြောလိုက်တာ အမှန်တော့ ငါတို့တွေ ဘ၀မှာ လုပ်ဖူးခဲ့တာတွေနဲ့ မလုပ်ဖူးခဲ့တာတွေကိုတစ်ယောက်တလှည့်စီပြောကြေး အဲဒါမျိုး ခုငါက အရင်ဆုံးစပြောမယ် ငါလုပ်ခဲ့ဖူးတဲ့ အရာတစ်ခုကိုပြောမယ်...ပြီးရင် နောက်တစ်ယောက်က မလုပ်ဖူးသေးတာကို ဆက်ပြော အဲလိုလေး... အင်း စပြီနော်... ငါက ငါ့ဘ၀မှာလူကြီးတွေမသိအောင် အိမ်သာထဲမှာ စီးကရက်ခိုးသောက်ဖူးတယ်... ကဲ ဝေ နင်ဆက်ပြော...”

ဝေ။ ။ “ငါ့တစ်သက်မှာ လမ်းဘေးဈေးရောင်းတာမလုပ်ဖူးသေးဘူး....”

သဲ။ ။ “ငါငယ်ငယ်တုန်းက လိပ်ပြာတစ်ကောင်ကို သေအောင်လုပ်ဖူးတယ်”

မောင်ဘုန်း။ ။ “ကျနော့်ဘ၀မှာ ဟိုဟိုလေ...အဟီးး ပြောရမလား...”

“ပြောာာာ”.... အားလုံးရဲ့ အသံက ဟိန်းထွက်လာတယ်...

မောင်ဘုန်း။ ။“ ဟို...ဘယ်ယောကျာင်္းနဲ့မှမနေဖူးသေးဘူး ပြောတာပါ...”

“ဟွန်း နင်က အပုန်းတွေ အပွင့်တွေကို လင်တော်ချင်သေးလို့လား..” ဂျာရစ်ရဲ့ ချီးကျုးထောပနာသံ..။

စုစုနိုင် ။ ။ “ ငါကတော့ ဘ၀မှာ အသည်းမကွဲဖူးသေးဘူး ထင်တာပဲ...”

မင်းမင်းထွန်း။ ။ “ ကျနော်က တခါမှရည်းစားမထားဖူးသေးဘူး ”

“ဒီအရွယ်နဲ့....” ပြိုင်တူထွက်လာတဲ့အသံတွေကြောင့် မင်းမင်းထွန်း ခန္ဓာကိုယ်လေး နောက်ကို တွန့်ဆုတ်သွားရတယ်...။

“မောင်ဘုန်းရယ်...နင့်သူငယ်ချင်းက ဟုတ်လို့လားဟယ်....”
“အော် ဟုတ်ပါတယ် မသဲရယ်... သူ့အကြောင်းကျနော်ကောင်းကောင်းသိတယ်... ဒီကောင်တကယ်ရည်းစားမထားဖူးတာ တကယ်ကြီး”

ဝေက သူမဖက်လှည့်ပြီး တစ်စုံတစ်ခုကို သတိရဟန်နဲ့...
“အော်ဒါနဲ့ စု...နင့်ဘဲကြီး မိုးမြင့်ရော ဘာတဲ့လည်း နင့်မွေးနေ့မှာတောင် ဒီဘဲကြီးဘာမှ wish မလုပ်ဘူးမလား... ဘာတဲ့...ကိုယ်တို့ ခနလေး ဝေးရအောင် ဟုတ်လား... တော်တော်လည်းစကားကိုလှအောင်ပြောတတ်တယ်... အဲဒါနင့်ကို သက်သက်မဲ့ထားခဲ့ချင်တာကို အပျော့ဆွဲဆွဲနေတာ...” သဲက ဝေ့ကို လှမ်းပြီး မျက်ရိပ်ပြတယ်...။ ဝေကတော့ သူမှန်တာပြောတာပဲဆိုတဲ့ ပုံနဲ့ မလျှော့...။

ဝေ့စကားကြောင့် သူမ တာကီလာခွက်ကိုကိုင်ပြီး ခဏငိုင်ကျသွားတယ်....။ မျက်လုံးထဲမှာ ပုံရိပ်တချို့ လာထင်နေတယ်...။

“အနိုင်... ကိုယ်တို့ခနဝေးနေရအောင်နော်...”
“အဲဒါကဘာစကားလဲ မောင်..... ကျမတို့ လက်မထပ်ကြတော့ဘူးလား ဒါဆို ကျမတို့လက်ထပ်ရင်အတူနေမယ်လို့ ရည်ရွယ်ပြီး ၀ယ်ထားတဲ့ ကွန်ဒိုကရော ရောင်းပစ်ရတော့မှာလား... ”
“မဟုတ်ဘူးလေ... ကိုယ်ဆိုလိုတာက.. ကိုယ်တို့ ခဏလေးဝေးဝေးနေကြရအောင် အဲဒါမှကိုယ်တို့ဝေးနေတုန်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်လိုအပ်လည်းဆိုတာသိရတာပေါ့ မဟုတ်လား ပြီးတော့ ခုချိန်မှာ အနိုင့်ကို ကိုယ်လက်ထပ်ဖို့ အဆင့်မသင့်သေးဘူး ကွန်ဒိုကဘာဖြစ်လည်းကွာ ၀ယ်ထားပြီးရင် ဘယ်ချိန်ဖြစ်ဖြစ် အမြတ်ဖြစ်တာပဲလေ...”

မိုးမြင့်က စကားကို လွယ်လွယ်လေးပြောသွားပေမယ့် သူမကတော့ အဲဒီနေ့က ဘယ်လောက်ခံစားလိုက်ရသလဲ။ မျက်ရည်တွေဝေ့သီလာတဲ့အထိ...ပြီးတော့ မိုးမြင့်စကားတွေထဲက အရိတ်မြွတ်တချို့ကို သူမခံစားမိနေတယ်...။ ခုနှစ်နှစ်သာကာလတွဲလာတဲ့ ချစ်သူတစ်ယောက်ကို သံယောဇဉ် မျှင်မျှင်ကလေးတောင် မရှိတာလား...။ သူမဟာ သူ့အတွက် ဘာမှအဓိပ္ပါယ်မလေးနက်စေဘူးတဲ့လား...။ သူမကို သူရိုးအီသွားပြီတဲ့လား.....။

ဗန်းထဲမှာ ငှဲ့ထားတဲ့ တာကီလာခွက်တွေကို တစ်ခွက်ပြီးတစ်ခွက်သူမမော့သောက်တော့ သူငယ်ချင်းတွေက အံ့အားသင့်ပြီး ၀ိုင်းကြည့်နေကြတယ်....။

“ဟုတ်တယ် သူငယ်ချင်းတို့ ငါက အသည်းမကွဲဖူးတာမဟုတ်ဘူး တကယ်တော့ငါ ယောကျာင်္းတစ်ယောက် ဥပေက္ခာပြုတာကို ခံလိုက်ရတာ ရှင်းရှင်းပြောရရင် ယောကျာင်္းတစ်ယောက်ရဲ့ အပစ်ပယ်ခံလိုက်ရတာပါ...” သူမမျက်ရည်တွေက သွင်သွင်စီးကျလာတယ်...။

မင်းမင်းထွန်းက သူမကို အံ့အားသင့်တဲ့ အကြည့် ဂရုဏာတက်တဲ့အကြည့်နဲ့ ကြည့်နေတယ်...။

“စု….တော်တော့ နင်အရမ်းများနေပြီ…” သူမလက်ထဲက ခွက်ကို ဂျာရစ်မလုယူလိုက်တယ်…။

“ဟင့်အင်း ငါထပ်သောက်ဦးမယ်…ငါဘာမှမမှတ်မတော့လောက်အောင် မူးချင်တယ်…”

မောင်ဘုန်းက တာကီလာပုလင်းကိုဆွဲယူလိုက်တယ်…ပြီးတော့ခွက်ထဲထည့်ပြီးသောက်နေတယ်…။

သဲက သူမမြင်ကွင်းရှေ့ကို လက်ဝါးနဲ့ ဝေ့ရမ်းလှုပ်ပြနေတယ်…။ သူမကတော့ ရီဝေစွာတစ်နေရာတည်းကိုစိုက်ကြည့်နေဆဲ အကြည့်တွေက အတွေးနဲ့အတူမျောပါနေဟန်တူတယ်…။ မင်းမင်းထွန်းက မျက်မှောင်လေးကျုံ့ပြီး အဖြစ်ပျက်ကိုပွဲကြည့်ပရိတ်သတ်တစ်ယောက်လို ကြည့်နေတယ်…။

“စု…စု နင်ရသေးလား အိပ်ခန်းထဲသွားအိပ်တော့နော်…” သဲက သူမလက်ကိုလှုပ်ပြီးမေးတယ်…။

“ရပါတယ်…ငါထပ်သောက်ဦးမယ်…”

သူမအသံတွေက လျှာလိတ်သံပင်ထွက်နေပြီ…ပြီးတော့ နောက်ကိုပက်လက်ကျသွားတော့တယ်…။

“ဟာ လုပ်ဦးဟ စုမရတော့ဘူး သူ့ကို အခန်းထဲပို့မှဖြစ်မယ်….မောင်ဘုန်းကလဲ မူးပြဲနေပြီ နင်တို့နှစ်ယောက်တောင် သူ့ကိုမနိုင်မှာမဟုတ်ဘူး ငါကလည်း ဘေဘီလေးနဲ့ ကဲ မောင်မင်းမင်းထွန်း မင်းပဲကျန်တော့တယ် စုကို အခန်းထဲပို့ပေးဦး မောင်လေး”

“ဟုတ် အစ်မ…”

သူ့အရပ်ခြောက်ပေ သူ့ဘော်ဒီဝိတ်လောက်နဲ့တော့ ပေါင်တစ်ရာ့အစိပ်လောက်ရှိတဲ့ မိန်းမကို အသာလေးပွေ့ယူလိုက်နိုင်တာပေါ့…။

အေးစိမ့်မွှေးပျံ့နေတဲ့သစ်သီးရနံ့တစ်ခုက အခန်းဝမှာတင် သူ့နှာခေါင်းကို ကလူကျီစယ်လိုက်ပြီ….။

ပန်းနုရောင် အိပ်ယာခင်းလေးသပ်သပ်ရပ်ရပ်ခင်းထားတဲ့ ကုတင်ပေါ် သူမခန္ဓာကိုယ်လေးကို သူဖွဖွလေးချလိုက်တယ်…။

“ရေသောက်ချင်တယ်…..” သူမဆီက ညည်းညူသံပလုံးပထွေးထွက်လာတယ်…။

သူခေါင်းရင်းနားက ရေချိုင့်ထဲက ရေတစ်ခွက်ငှဲ့ပြီး တိုက်လိုက်တယ်…။

“ဘယ်သူလဲဟင်…မင်းကဘယ်သူလဲ ဟိုမိန်းမတွေကဘယ်ရောက်ကုန်လဲ” သူမက မျက်လုံးကိုပွတ်ပြီး သူ့ကိုကြည့်သေးတယ်…။

“ကျနော်မင်းမင်းပါ…. မကြီး ..အိပ်တော့နော်….မကြီးအရမ်းမူးနေပြီ”

“အင်းအင်း… ဒါဖြင့် မင်းသွားတော့လေ ကိုယ်အိပ်တော့မယ်…တံခါးပိတ်ခဲ့ပေးနော်…ကျေးဇူး ကျေးဇူး မောင်လေး”…

“ဟုတ်ကဲ့ မကြီး”

သူက ဟုတ်ကဲ့လို့သာပြောပြီး အခန်းထဲက ချက်ချင်းမထွက်သွားသေးဘဲ… လေအေးစက်ခလုတ်ကိုလိုက်ရှာနေသေးတယ်…။ အအေးကို နဲနဲလျှော့ပြီး သူမကိုသူ တစ်ချက်ကြည့်လိုက်သေးတယ်…….။ ပြီးတော့ အိပ်ပျော်နေတဲ့ ကြည်စင်တဲ့ သူမမျက်နှာကို ခနငေးကြည့်ရင်း သူမမျက်နှာပေါ်ကျနေတဲ့ ဆံနွယ်စတစ်ချို့ကို သပ်တင်ပေးလိုက်တယ်…။

သူ့အိပ်မက်ကိုသူဖမ်းဆုတ်မိသွားလို့ ကျေနပ်ဝမ်းသာမှုတွေနဲ့ သူဒီညလေးကို သူ့အမှတ်တရတွေထဲမှာ သိမ်းထားလိုက်တော့မယ်…။


+++++++++++++++++++++++++++


“ကြီးမေရေ… သမီးကို ဘုန်းဘုန်းတွေကြွရင် ဆွမ်းလောင်းပေးပါဦးနော်…ရော့ ဒါကတော့ ကြီးမေအတွက် သီးရွက်စုံကြော်လေး သမီးထမင်းဗူးထည့်ရင်းနဲ့ ပိုကြော်လိုက်တာပါ…”

“သာဓုပါတော်…. အလုပ်သွားအလုပ်လာ ဘေးရန်အန္တရာယ်ကင်းပါစေငါ့သမီးလေး…”

ဖွားမေက သူမငှားနေတဲ့ တိုက်ခန်းပိုင်ရှင်ပါ…. မြေညီထပ်လေးမှာ ကုန်စုံဆိုင်လေးဖွင့်ထားတယ်… အကူကောင်မလေးနဲ့နှစ်ယောက်တည်းနေတယ်…။ အသက်ကြီးပြီး ဆွေမျိုးသညာ သားသမီးမရှိတော့ ကိုယ့်ကြီးတော်လို အမေတစ်ယောက်လို အချိန်ရသလို ကျွေးမွေးအဖော်ပြုပေးရတာပါ…။ သူမအခန်းက သုံးလွှာမှာ…။

အလုပ်ချိန်အမီ ကားဂိတ်ဆီကို သူမခပ်သွက်သွက်ထွက်လာခဲ့တယ်….။ ကားဂိတ်ရောက်တော့ စီးရမယ့်ကားကအဆင်သင့်ရောက်လာတော့ တက်သွားလိုက်တယ်…။ ထုံးစံအတိုင်း ရုံးချိန်ဆိုတော့ ဘယ်ကားစီးစီး လူကကျပ်နေတာပါပဲ…။ ကံကောင်းချင်တော့ သူမထိုင်စရာနေရာရတယ်….။ ကားက လူသိပ်မစောင့်ပဲတခါတည်းမောင်းထွက်သွားတယ်…။ သူမသွားရမယ့်အလုပ်က ဒီကနေ လေးငါးမှတ်တိုင်ပဲစီးရတာ…။ သူမလက်ထဲက ပါလာတဲ့ ပစ္စည်းပစ္စယတွေကို ပြန်စစ်ပြီး ကားထဲက ခရီးသည်တချို့ကို ဝေ့၀ဲကြည့်လိုက်တယ်…။ ကားဒရိုင်ဘာနောက်မှာ စတီးတိုင်ကိုလက်နဲ့ချိပ်ပြီး စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေတဲ့ လွယ်အိတ်ကြီးကြီးလွယ်ထားတဲ့လူငယ်လေးတစ်ယောက်..။ သူမ မြင်ဖူးသလိုလိုလေးပါ…..။ ဟုတ်ပါပြီ မနေ့ညတုန်းက သူမွေးနေ့လေးမှာ မောင်ဘုန်းနဲ့လိုက်လာတဲ့ ကလေးပါ…..။

ကားဘယ်လောက်မောင်းမောင်း ဘယ်လောက်ယိမ်းယိုင်ယိုင် သူကတော့ စတီးတိုင်လေးကိုဖက်ထားပြီး စာအုပ်ကို ရအောင်ဖတ်နေတော့တယ်…။ သူမကြည့်ပြီး ပြုံးမိသွားတယ်…။ ဘယ်လိုလူငယ်လေးလဲ…။

ကားစပယ်ယာက မှတ်တိုင်အော်တော့မှာ သူမကိုယ်ဆင်းရမယ့်မှတ်တိုင်ရောက်ခါနီးပြီးဆိုပြီး အပေါက်ဝဆီကို တိုးဝှေ့ထွက်ထားလိုက်တယ်…..။ သူမဆင်းလိုက်တော့မှပဲ..စောစောက လူငယ်လေးကိုသတိရမိသွားတယ်….။ သူလှည့်ကြည့်တော့ သူကစာအုပ်တစ်ဖက် လွယ်အိတ်တစ်ဖက်နဲ့ ကပြာကသီပြေးလိုက်လာနေတယ်…။

“မကြီး…နေပါဦးဗျ….ကျနော် မနက်စာမစားရသေးဘူး ..ဟိုလေ ကော်ဖီလေးတစ်ခွက်လောက်မတိုက်ချင်ဘူးလား”

“ဒါကဘယ်လိုဖြစ်တာလဲ ဘာကိစ္စကိုယ့်နောက်လိုက်နေရတာလဲ… ကိုယ်သွားတော့မယ် အလုပ်ချိန်ကနီးနေပြီကွယ့်”

“အဲဗျာ…ဆက်ဆံရေးကကျဲလှချေလား…..အနော်က ကိုယ့်အမကိုတွေ့လို့ဝမ်းသာအားရလာနှုတ်ဆက်တာကို…ရပါတယ် ကော်ဖီမတိုက်လဲနေပါဗျာ…သွားပြီ…”

တကယ်ပဲ သူက လွယ်အိတ်ကိုနောက်ပစ်ပြီး လှည့်ထွက်သွားဟန်ပြုတော့ …

“နေဦး ဒါကဘယ်လဲ… ဒီထိလိုက်လာမှတော့မထူးပါဘူး ရုံးမှာလိုက်သောက် ကိုယ်ဖျော်တိုက်မယ်…”

“အဟီးး..နေပါစေတော့ ကျနော်လဲ သင်တန်းနောက်ကျနေပြီး သင်တန်းက ဟိုဖက်လမ်းမှာပဲလေ…တာ့တာ ”

သူမကိုပြုံးရွှင်စွာ လက်ပြပြီး သူထွက်သွားတယ်….။ သူမကတော့ ဖိုင်လေးပိုက်ပြီးကျန်ရစ်နေတော့တယ်…။ သူမလည်း ရုံးရှိရာ လမ်းထဲကိုဝင်တော့ လမ်းထိပ်ကမှာ မောင်ဘုန်းနဲ့တိုးတော့တယ်…။

“မောင်ဘုန်း နင်ခုမှရုံးသွားမှာလား ဘယ်မလဲ မနေ့က အမလုပ်ခိုင်းထားတာအဆင်သင့်ပဲလား….အဲဒီစီဒီကို ဆယ်နာရီခွဲရင် ရုပ်သံကိုပို့ရမှာနော်..”

“မစုရယ် ဘာမှမပူနဲ့ ကျနော်အကုန်လုပ်လာပြီးသား ရုံးရောက်တာနဲ့ ဘန်းလိုက်ရုံပဲ…ဒါနဲ့ မစု ညနေရုံးဆင်းရင် ဆူးလေဘက်သွားမယ် လိုက်ဦးမလား…”

“ဘာလုပ်ဖို့တုန်း”

“အော် ခွေတွေသွားရှာမလို့ပါ…ညဘက်အပျင်းပြေကြည့်ဖို့”

“ဘာလဲ ဟိုခွေတွေလား…..”

“အဟီးး မစုကြည့်ချင်လို့လား…”

“ခွေးကောင်လေး နင့်ဘာသာနင်ကြည့်…”

သူမအလုပ်က မီဒီယာကြော်ငြာကုမ္ပဏီတစ်ခု… ။ စီးပွားရေးလုပ်ငန်းရှင်တွေစီက ကုန်ပစ္စည်းတွေကို ကြော်ငြာရိုက်ပေးတယ် ပရိုဂရမ်ဆွဲပေးတယ် ရုပ်သံကနေလွှင့်ပေးတဲ့အထိ တာဝန်ယူဆောင်ရွက်ပေးရတာမျိုး….။ သူမအပိုင်းက ကြော်ငြာရိုက်တဲ့အခါ ကြီးကြပ်ပေးရတာ တခါတလေလဲ အိုင်ဒီယာဝင်ပေး ဒါရိုက်တာအကြံပေး… ရှုတင်မန်နေဂျာလဲဖြစ်လိုဖြစ်ပေါ့…စုံပလုံစိ… သူဌေးက..ကြုံသလိုခိုင်း သူမကလဲတတ်နိုင်သလောက်လုပ်ပေးတယ်…။ ဒီလိုပဲ တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာ အချိန်ကုန်ချင်ကုန် မဟုတ်ရင် ဟိုရိုက်ကွင်း ဒီရိုက်ကွင်းပြေးဟယ်လွှားဟယ်နဲ့ပေါ့…။ သူမကလဲ ၀ါသနာပါတော့ ပင်ပန်းတယ်လို့ကိုစိတ်ထဲမမှတ်ဖူးဘူး…။


++++++++++++++++++++++


“သားလေး စားစား ၀အောင်စားနော်…မမနေ့တိုင်းဝယ်ကျွေးမှာသိလား..ရော့ရော့စား…”

အညိုနုရောင် အမွှေးဖွားဖွားနဲ့ ခွေးပုကလေးက သူမလက်ထဲက အသားလုံးလေးကို မြိန်ယှက်စွာစားနေတယ်…။ ၀ါးတံလေးက အသားလုံးလေးတွေကို တစ်လုံးပြီးတစ်လုံးချွေပြီး ခွေးလေးပါးစပ်ထဲကိုထည့်ပေးနေမိတယ်…။

“ခွေးနာမည်ကဘယ်လိုခေါ်လဲမကြီး……”

ခွေးလေးကိုအစာကျွေးနေရင်း အနောက်ဖက်ကအသံလာရာဆီ သူမလှည့်ကြည့်လိုက်တယ်…။ လွယ်အိတ်ကြီးကြီးကို စလွယ်သိုင်းတဲ့ ဟိုကောင်လေး….။

“မင်း ကိုယ့်နောက်ကိုလိုက်လာပြန်ပြီလား…”

“ခင်ဗျာ……”

သူက မျက်လုံးလေးအပြူးသားနဲ့ သူမကိုကြည့်ပြီး ခနနေတော့ ပြုံးစစလေးနဲ့….

“ဟုတ်တယ်ဗျ…မမချောချောလှလှကို စိတ်မချလို့လေ…”

“ကိုယ့်ကိုလာနောက်မနေနဲ့နော်…”

“ခွေးကို မကြီးဘာနာမည်ပေးထားလဲ”

သူက သူမပြောနေတာကို မသိချင်ဟန်ဆောင်ပြီး သူမနားထိုင်ချလိုက်ပြီး လက်ထဲက အသားလုံးကိုလဲယူပြီး ခွေးကလေးကို ကျွေးနေလိုက်သေးတယ်…။

“ခွေးက ပိုင်ရှင်မရှိဘူး လမ်းပျောက်လာတယ်လို့ထင်တာပဲ ကိုယ်သူ့ကိုအစာကျွေးနေတာ ဒီနေ့နဲ့ဆိုတစ်ပတ်ရှိပြီ….”

“ပိုင်ရှင်မရှိဘူးဆိုပေမယ့်လဲ မကြီးကသူ့ကိုနေ့တိုင်းအစာကျွေးနေတော့သူက မကြီးကိုသူ့သခင်လို့မှတ်မှာပဲလေ…. နာမည်လေးတစ်ခုတော့ပေးထားသင့်တယ်…”

“မင်းတော်တော်လျှာရှည်တဲ့ကလေးပဲ… သင်တန်းကဆင်းပြီး ကိုယ်အိမ်ကိုယ်မပြန်ဘူး…”

သူက သူ့အိတ်ထဲ စက္ကူလက်ကိုင်ပုဝါ နှစ်ရွက်ထုတ်ပြီး ပေနေတဲ့ သူမလက်ကိုသုတ်ပေးမယ်လုပ်တော့..

“ရတယ် ကိုယ့်ဘာသာကိုယ်သုတ်ပါ့မယ်…မင်းပြန်တော့လေ ဘာလုပ်နေလဲ”

“ဟာဗျာ နှင်နေတော့တာပဲ လူတွေ့တာနဲ့…ခုအနော်က အိမ်ပြန်လာတာပဲလေ…”

“ကဲမင်းဘာသာမင်း ပြန်ချင်ပြန်မပြန်ချင်နေတော့ ကိုယ်တော့ဗိုက်ဆာလို့ လစ်ပြီ..”

သူက လက်သုတ်ပြီး အနားက အမှိုက်ပုံးထဲ စက္ကူကိုလုံးချေပစ်လိုက်ရင်း ထွက်လာခဲ့တော့တယ်…။ သူတစ်ချက်ပြုံးလိုက်ရင်း သူမကိုစနောက်ချင်စိတ်ကတဖွားဖွားပေါ်လာတာနဲ့ သူမနောက်ကို ထပ်ကျပ်မကွာလိုက်ပါလာခဲ့တယ်…။

“အဲ… ဒီကလေးလေး ကိုယ်ပြောတဲ့စကားကိုနားမလည်ဘူးလား..အိမ်ပြန်တော့ဆို…”

“အင်း ကျနော်ခုအိမ်ပြန်နေတာပဲလေ…..”

“ကိုယ့်နောက်ကိုတကောက်ကောက်လိုက်လာတာ မင်းအိမ်ပြန်တဲ့လမ်းနဲ့ ကိုယ်နဲ့တူလို့လား..”

“မပြောပြဘူး…”

သူက ခပ်ရွှင်ရွှင်လေသံနဲ့ မြှောက်ကြွကြွလျှောက်ရင်း လိုက်ပါလာခဲ့တယ်…။ သူမက ဘာမှဆက်ပြောချင်စိတ် မရှိတော့တဲ့ဟန်နဲ့ နှုတ်က ကျွတ်ခနဲညည်းရင်း သူ့ကိုလည်းမျက်စောင်းထိုး ခြေလှမ်းကိုသွက်ပြီး လျှောက်လာတော့တယ်…။

သူမအခန်းအောက်ထပ်ရောက်တဲ့အထိ သူက ပါလာတုန်း….။

“ကြီးမေ…ဒီနေ့ရောင်းကောင်းလား….”

“ပုံမှန်ပါပဲသမီးရယ်……. အော်…မြေးလေးလဲ တခါတည်းလိုက်ပြန်လာတာကိုးး..”

ဖွားမေပြောတော့မှာ သူမအနောက်ကိုလှည့်ကြည့်လိုက်တယ်….။ ပခုံးပေါ်ကလွယ်အိတ်ကြိုးကိုလက်နှစ်ဖက်နဲ့ကိုင်ရင်း ပြုံးနေတဲ့ လူငယ်ကလေး……။

“ဟုတ်ဖွားမေ….. ဒီမမနဲ့ သားသင်တန်းကလမ်းကြောတူတော့ အတူပြန်လာကြတာ..”

“ဟင်..” သူမ အံ့အားသင့်စွာ မျက်ခုံးလေးပင့်မိသွားတယ်…။

“သူက…” သူမက ဖွားမေကိုတစ်ချက်ကြည့်ပြီး သူ့ကိုလက်ညိုးထိုးလိုက်တယ်..။

“ကြီးမေရဲ့ မြေးလေးလေ သမီးရဲ့… နယ်ကနေသင်တန်းလာတက်တာ……”

“အော……” သူမက လက်ညိုးလေးထောင်ပြီး သူ့ကိုရမ်းပြတော့..

“အနော်ပြောသားပဲ… ကိုယ့်အိမ်ကိုပြန်တာပါလို့…မကြီးနောက်ကိုလိုက်တာမဟုတ်ပါဘူးလို့”


ဆက်ပါဦးမည်.....


မိုးငွေ့

2 comments:

သိင်္ဂါကျော် said...

မမ နဲ့ မောင်လေး တော့ ဇာတ်လမ်း စတော့မယ်...

Happy Ending လေး လုပ်နော်.. :)

san htun said...

မျော့နေသည် ခင်ည.