မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 11 August 2012

ဟိုဖက်အိမ်ကကောင်လေး(အပိုင်း၂).....



“အနော်ပြောသားပဲ… ကိုယ့်အိမ်ကိုပြန်တာပါလို့…မကြီးနောက်ကိုလိုက်တာမဟုတ်ပါဘူးလို့”

“စောစောကတည်းက ကိုယ့်ကိုပြောထားတာမဟုတ်ဘူး…”

“ကြိုပြောထားရင် မကြီးကိုဘယ်နောက်လို့ရတော့မလဲ… မောင်ဘုန်းကိုတောင်နှုတ်ပိတ်ထားတာဗျ”

“အော် ဒင်းကပါကြံရာပါပေါ့… ကဲပါထားပါတော့ ခုသိသွားပြီပဲ… ချာတိတ်ရေ ကိုယ်တော့ပင်ပန်းလို့ ရေချိုးချင်လှပြီ အပေါ်တက်တော့မယ်နော်…”

“ဟုတ်ကဲ့…ပေးမကြီးလက်ထဲက ဖိုင်တွေကူသယ်ပေးမယ်….”

“ရတယ် ရတယ် မသယ်နဲ့ ကိုယ်က သုံးလွှာထိတက်ရမှာ မင်းဖွားမေနဲ့နေခဲ့တော့လေ…”

“ရတယ်မလုပ်နဲ့ ပေးပေး…”

သူမလက်ထဲက ပစ္စည်းတွေကို ဇွတ်အတင်းလုယူပြီး လှေကားပေါ်အပြေးလေးတက်သွားတယ်…။ သူမ ပါးစပ်က ပွစိပွစိလုပ်ပြီး သူ့ကိုမျက်စောင်းထိုးရုံကလွှဲပြီးဘာမှမတတ်နိုင်တော့…။

သုံးလွှာဆိုပေမယ့် အလုပ်ကပင်ပင်ပန်းပန်းပြန်လာတိုင်း တက်ရတာ မောတာပါပဲ…။

အခန်းရှေ့ရောက်တော့ သူက ကြွပါခင်ဗျာဆိုတဲ့ ဧည့်ကြိုတွေလုပ်နေကျဟန်မျိုးနဲ့ ဦးညွှတ်ပြီးလုပ်ပြတော့ သူမ မပြုံးဘဲမနေနိုင်တော့…။

“မင်းကတော့လေ တကယ်ပဲ…ပြောမနိုင်ဆိုမနိုင်ကောင်လေး…ကဲလက်ထဲကဖိုင်တွေပေးတော့ မင်းလဲရေပြန်ချိုးတော့ ရပြီ..ဒီလောက်ဆို ကျေးဇူးပဲ..”

“ဟုတ်…. Welcome ပါခင်ဗျ… တာ့တာနော် ပြန်ရမှာက အရမ်းဝေးလို့ နှုတ်ဆက်ပါတယ် ကောင်းသောညခင်းလေးပါ မမချောချောရေ…”

သူမ သူ့ကိုမျက်စောင်းထိုးပြီး ပြုံးမိပါတော့တယ် ဒီကောင်လေးကြည့်တော့ ရုပ်တည်နဲ့တော်တော့်ကို ရွှတ်နောက်နောက်နိုင်တဲ့သူ…လို့ သူမစိတ်ထဲ မှတ်ချက်ချလိုက်မိတယ်…။

သူကအခန်းတံခါးဖွင့်ပြီးအထဲဝင် သော့ပြန်ပိတ်တဲ့ထိ သူက ရပ်နေတုန်း…

“ရပြီလေ ဆင်းလို့ရပြီ ကိုယ်တံခါးပိတ်တော့မှာ…”

“ဟုတ်သိပါတယ် စိတ်မချလို့… အနော်က ပြန်ရမှာက ဟိုဖက်ခန်းလေးပဲလေ အရမ်းဝေးလို့ ခုထိကိုမရောက်နိုင်သေးဘူး…”

သူက သူမရှေ့မျက်နှာချင်းဆိုင်က အခန်းလေးကို လက်မလေးနဲ့ထိုးပြပြီး မျက်နှာလေးကို မဲ့ပြရသေးတယ်…။

“ဟောတော်…တကယ်… လာမနောက်နဲ့နော် ဒီအခန်းကအိမ်ရှင်မရှိလို့ပိတ်ထားတာကြာနေပြီ..”

“တကယ်ပေါ့ စုကလဲ….ဒါဖွားမေရဲ့အခန်းပဲလေ ငှားမယ့်သူမရှိလို့ အနော့်ကိုပေးနေထားတာ…ညတုန်းကတည်းက အဲမှာအိပ်တာလေ မူးနေလို့မသိတာမလား…ဟဟ..”

သူက ခပ်တည်တည်နဲ့ သူမကို“စု”လို့တစ်လုံးတည်းခေါ်လိုက်တာကို သူမချက်ချင်းသတိထားမိသွားလိုက်ပြီး တံခါးသော့ခတ်နေရင်းက အထုပ်တွေမချနိုင်သေးဘဲ သူ့ကို ပြန်စွာဖို့ ပြင်လိုက်မိတယ်…။

“ဒီမှာချာတိတ် မင်းက ကိုယ့်ထက်အများကြီးငယ်တာနော် ကိုယ့်ကို စုလို့ခေါ်တာ ကိုယ်နဲ့ရွယ်တူသူငယ်ချင်းတွေပဲရှိတယ် မင်းငရဲကြီးမှာ မကြောက်ဘူးလား…”

“မသိဘူးဗျာ…အနော့်စိတ်ထဲမှာတော့ မကြီးက အနော်နဲ့ရွယ်တူကောင်မလေးပဲ ဟုတ်တယ် အဲလိုပဲမြင်တယ်… ဟဲဟဲ… စိတ်မတိုပါနဲ့ ပင်ပန်းနေပြီ ရေမိုးချိုးတော့ တံခါးပိတ်လိုက်တော့နော်…”

ပြီးတော့ သူမဟုတ်သလို ဒီဖက်ကိုတချက်မှလှည့်မကြည့်တော့ဘဲ အခန်းတံခါးဖွင့်ပြီးဝင်သွားတော့တယ်…။


+++++++++++++++

Align Centre

ညကောင်းကင်က ကြယ်မှုန်ကြာမွှားတွေနဲ့ လှချင်တိုင်းလှနေတော့တယ်….။ ဒီပတ်ဝန်းကျင်က လျှပ်စစ်မီးရောင်နည်းလို့ထင်ရဲ့ ကောင်းကင်က အလင်းရောင်အားပိုသာနေတယ်…။ ဆန်းသစ်စလခြမ်းကွေးလေးက ပြုံးစစနဲ့….။ လတ်ဆတ်အေးမြတဲ့လေအေးကိုသူမတ၀ရှူလိုက်တယ်…။ ဗိုက်ဆာဆာနဲ့ ညစာစားတာနဲနဲများသွားတယ်။ ဗိုက်ချောင်အောင် ၀ရံတာမှာလေညင်းခံရင်း နံရံမှီပြီး မတ်မတ်ရပ်နေလိုက်တယ်…။

“မတ်တပ်ကြီးတရားမှတ်နေတာလားဗျ”

အသံကိုပဲကြားပြီးလူမမြင်ရ…..။ သူ ဟိုဘက်ဝရံတာကနေလှမ်းပြောနေတာပါ…။

“စားပြီးပြီလား ချာတိတ်….ကိုယ်တော့ ဗိုက်တင်းလို့ မတ်မတ်နေနေတာ…”

“ဘာလဲ ဗိုက်ခေါက်ထွက်ပြီး မလှတော့မှာစိုးလို့လား… ကျနော့်စုက လှပြီးသားပါ….”

အသံကြားပြီး လူကမတွေ့ရ…။ သူမစိတ်တိုတိုနဲ့ သူ့အခန်းဝရံတာဖက်ကိုကိုယ်ကိုင်းပြီး လှမ်းကြည့်လိုက်တယ်..။ ကိုယ်တော်က ၀ရံတာသံပန်းကိုမှီပြီးအပြင်မြင်ကွင်းကိုကျောခိုင်းပြီး ကျကျနနထိုင်နေတာ။

“ဘာကျနော့်စုလဲ… မင်းနော် ပိုင်စိုးပိုင်နင်းနဲ့ ခုမှသိတာကို…”

သူမပြောတာကို သူကမော့ပင်မကြည့်မဘဲ လက်ထဲကတစ်ခုခုနဲ့အလုပ်ရှုပ်နေတယ်…။

“အဲဒါဘာလုပ်နေတာလဲ…..”

ဒီတော့မှ ထိုင်ရာကထလာပြီး သူမကိုမျက်နှာချင်းဆိုင်လိုက်တယ်…။ သူနဲ့သူမကြား အုတ်တိုင်လေးပဲခြားတာ ၀ရံတာချင်းကဆက်နေတာကိုး..။ သူ့မျက်နှာကပ်လာလို့သူမ မျက်မှောင်ကျုံ့ပြီး နောက်ဆုတ်လိုက်တယ်…။

“အဟဲ…ကြယ်ကလေးတွေခေါက်နေတာလေ …အပျင်းပြေပါ…ကြယ်ရောင်စုံလေးတွေခေါက်ခေါက်ပြီး ဟော

ဒီဖန်ပုလင်းထဲဖြည့်ထားတာ…ပေးစရာရည်းစားလဲမရှိပါဘူး…. စုရော ဒီကြယ်လေးတွေကိုကြိုက်လား ခုနကတော့ ကောင်းကင်ကြီးကိုကြည့်ပြီး ကြယ်တွေကိုပြုံးပြနေတာတွေ့လိုက်တယ်…။

“ကြိုက်ပါဘူး ကလေးကစားစရာတွေ… ပြီးတော့…ကိုယ့်ကို စု စုလို့မခေါ်နဲ့…”

“ဟုတ်ကဲ့ပါ… စုမကြိုက်ရင်မခေါ်တော့ပါဘူး နော် စု…အော်….မစု..

ဘယ်သူပြောလဲဗျာ ဒီကြယ်လေးတွေကို ကလေးကစားစရာလို့…မစုကလဲ…အသက်ကဖြင့် ဘယ်လောက်မှမကြီးသေးဘဲနဲ့ ကိုယ့်ကိုယ်ကို တကယ့်မိန်းမကြီးလုပ်နေတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းထက်တော့ ကိုယ်အသက်အများကြီးကြီးတယ်…..”

“ဟုတ်ပါပြီဗျာ… ကျနော်မျိုးအရှုံးပေးပါပြီ… မစု လက်ဖက်စားမလား…ဖွားမေလာပေးသွားတာ”

“ကျေးဇူး…ကိုယ်ညအိပ်မပျော်မှာစိုးလို့ မနက်ကျစောစောထရမှာ… ခနနေကျ ဘုရားရှိခိုးပြီး အိပ်တော့မှာ…”

“ဒါဆိုမနှောက်ယှက်တော့ပါဘူး….ကျနော့်ရဲ့ နတ်သမီးလေး အိပ်မက်လှလှမက်ပါစေနော်…အထဲဝင်တော့မယ်…”


တွေ့လားသူက အဲလိုလေးနဲနဲကလိလိုက်ရမှစားဝင်အိပ်ပျော်တယ်ထင်တယ်….။ သူကသာနှုတ်ဆက်ပြီးဝင်သွားတာ အိပ်တော့မယ်ဆိုတဲ့ သူမကတော့ဝရံတာမှာ ရပ်နေဆဲ….။ ကြယ်တွေမှုန်မွှားလင်းလက်နေတဲ့ ကောင်းကင်ပြင်ကြီးကို ငေးမောရတာ သူမသဘောကျလို့ပါ….။ စိတ်ထဲရှိတဲ့ အပူအပင်ဆင်းရဲမှုတွေကိုလည်း အဝေးကိုယူဆောင်ပေးသွားတယ်လို့ခံယူမိတယ်….။ သူမတတ်နိုင်သမျှ စိတ်ရှုပ်စရာတွေကို ဘေးဖယ်ပြီး ကောင်းကင်ကြီးကို လက်ပိုက်မော့ကြည့်ရတဲ့အရသာကို မက်မောမဆုံးတော့ပြီ…။


“ဟိတ်….အထဲဝင်တော့လေ လေစိမ်းတိုက်ပြီးအအေးပတ်မယ်….”

ရုတ်တရက် သူ့ခေါင်းလေးထွက်လာပြီးပြောတော့ သူမငေးမောနေရာက လန့်ဖျတ်သွားတယ်…။

“ခုပဲဝင်တော့မှာပါ….ဂွတ်နိုက်…”

သူမကို တော်တော်လေးစပ်စုနေတတ်တဲ့ ကောင်လေးအကြောင်းကို ဒီညတော့ သူမအတွေးထဲခေါ်သွားမိတော့မယ်…။


+++++++++++++++


“ဒုန်း….ဒုန်းး….ဒုန်းး”

တဒုန်းဒုန်းထုထောင်းသံက သူ့နားထဲကို ဘယ်လိုမှမခံမရပ်နိုင်အောင်တိုးတိုးဝင်လာတယ်…။ ပထမတော့ အိပ်ချင်မူးတူးနဲ့ ခေါင်းအုံးကိုနားဖိအိပ်သေးတယ် ..မရဘူး…မရဘူး…. သူထမှဖြစ်တော့မယ် အသံလာရာကိုသူ သေချာသွားနားထောင်ကြည့်နေတယ်…။

“တီ…တီ…ဂီ…”

တံခါးဘဲလ်သံကြောင့်သူမမီးဖိုကနေအပြေးထွက်လာတယ် မနက်စောစောဘယ်သူမှား တံခါးလာခေါက်ပါလိမ့်…။

“ဟင်…ချာတိတ် ခေါင်းတွေလဲပွလို့ ဘယ်လိုဖြစ်နေတာလဲ ည၀တ်စုံကြီးနဲ့ …”

“ဟာဗျာ….အိပ်လို့မရတော့ဘူးလေ မစု ထုထောင်းသံကြီးက အနားနားလာထုနေသလိုပဲ…”

သူရဲ့ မျက်လုံးမပွင့်တပွင့် အိပ်မှုန်စုံမွှားရုပ်ကိုကြည့်ပြီးသူမ ဟက်ဟက်ပက်ပက်ရယ်နေမိတော့တယ်…။

“ဟာ ဘာသဘောကျတာလဲ ဒါပဲ ကျနော်အိပ်ရေးပျက်သွားလို့ ဒီမနက်စာကို မစုကျွေးရမယ်…”

“အေးပါဟာ…ကဲမထူးတော့ဘူးခုပဲရေမိုးသွားချိုးချေတော့ ပြီးရင် သင်တန်းသွားဖို့တခါတည်းပြင်ဆင်ပြီးရင် ဒီဖက်ကူးခဲ့ မနက်စာကျွေးမယ် ဟုတ်ပြီလား… ဆောရီး ဆောရီး..ခါတိုင်းက အဲဖက်ခန်းမှာလူမနေတော့ကိုယ်က စိတ်ကြိုက်ထုထောင်းနေတာ ဟဟ…”

သူမ ဘုန်းကြီးဆွမ်းအတွက်ရော ထမင်းဗူးအတွက်ပါ ကြက်သားဟင်းကိုပိုပိုသာသာချက်လိုက်တယ်….။


ကြက်သားဆီပြန်ဟင်းကိုချက်မစားဖြစ်တာကြာနေပြီ… ကင်မွန်းချဉ်ဟင်းရည်ချဉ်ချဉ်လေးနဲ့ ငါးပိငရုတ်သီးစပ်စပ်နဲ့ ထောင်းလိုက်တယ်…။ တစ်နာရီအတွင်း သူမအကုန်ချက်ပြီးဆေးကြောပြီး ရေမိုးချိုး ပြင်ဆင်လိုက်တော့ မနက် ရှစ်နာရီထိုးပြီ…။ သူလဲ တံခါးလာခေါက် ကွက်တိပဲ…။


“မွှေးနေတာပဲဗျာ ဗိုက်တောင်ပိုဆာလာပြီ…”

သူမထမင်းစားပွဲမှာ သူက ဇွန်းခရင်းလေးအသင့်ကိုင်ပြီး စားဖို့ပြင်နေပြီ....။ သူမပြင်ပေးတဲ့ ဟင်းပွဲကို မြိန်ရေယှက်ရေနဲ့စားနေတော့တယ်....။

“မကြီး ဟင်းတွေက စားကောင်းလိုက်တာ... ဒီလိုလက်ရာမျိုးကို ကျနော်စားဖူးနေတယ်ဗျ ဘယ်သူချက်တာနဲ့တူသလဲနော်...အင်း...”

သူက တအင်းအင်းနဲ့ စဉ်းစားဟန်ပြုနေတော့ သူမက သူပြောမယ့် စကားကို စိတ်ဝင်တစားစောင့်နားထောင်နေတယ်...။

“ဘယ်သူ့လက်ရာနဲ့တူလို့လဲ ချာတိတ်”

“ဟိုလေဗျာ.... မေမေ့လက်ရာနဲ့တထပ်ထဲပဲ....”

သူ့စကားကြောင့် သူမမျက်နှာမအီမသာဖြစ်သွားတယ်...။

“အရမ်းကောင်းတယ် စားလို့ကောင်းတယ် သိလားမကြီး...နောက်တခါ မေမေ့ဟင်းတွေကို သတိရတဲ့အခါကျရင် မကြီးကိုလာချက်ကျွေးခိုင်းမယ်...”

“ဟွန်း... ဘာလို့ချက်ကျွေးရမလဲ ကိုယ်ကမင်းအမေမှမဟုတ်ဘဲ”

“ဟဟ မကြီးကရီရယ်... စလို့သိပ်ကောင်းတယ်... မကြီးတံခါးဘဲလ်တီးသံကြားရတယ် ဘယ်သူလဲမသိဘူး”

“နေနေ...ကိုယ်သွားဖွင့်လိုက်မယ်....”

သူက ထမင်းပန်းကန်ကို လက်စသတ်လိုက်တယ်....။

“မောင်ဘုန်း....ဘယ်နှယ့်အိမ်ထိရောက်လာသတုန်း ခနနေရုံးမှာတွေ့မယ့်ဟာ...”

“မဟုတ်ဘူး ဒီနားလာရင်းနဲ့ မစု Event တစ်ခုမှာသုံးမယ့် သီချင်းလေးကျနော်ရွေးထားတာ အဲစီဒီကိုလာပေးတာပါ..”

မောင်ဘုန်းက ထမင်းစားခန်းထဲကထွက်လာတဲ့ သူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်နေတယ်...။

“ဘာကြည့်တာလဲကွ ဒီနေ့ဖွားမေမရှိလို့ မနက်စာကို မစုဆီလာတောင်းစားတာ...”

မောင်ဘုန်းရဲ့ အကြည့်တွေက သူ့ကို တစ်စုံတစ်ခုမကျေနပ်စရာတွေပျော်ဝင်နေတယ်.......။ ပြီးတော့ သူ့ကိုစကားတခွန်းမှမပြောဘဲ လှည့်ထွက်သွားတယ်....။

++++++++++++++++++++

သူမ...ဒီနေ့နေ့တစ်ဝက်ခွင့်ယူထားတယ်....။ အချစ်ဆုံးသူငယ်ချင်း သဲတစ်ယောက် မင်္ဂလာဆောင်အတွက် ၀တ်စုံသွားဝတ်ကြည့်ဖို့ သူမကိုခေါ်ထားတယ်...။

သူမရောက်သွားတော့ သဲကရောက်နှင့်နေပြီ....။ သူမတို့နှစ်ယောက်တည်း စိတ်ကြိုက်ဝတ်စုံကို တစ်စုံပြီးတစ်စုံရွေးဝတ်ကြည့်လိုက် မှန်ကြည့်လိုက်နဲ့ ဝေနဲ့ဂျာရစ်မနှစ်ယောက်တော့ရောက်မလာကြသေး....။

“ဘယ်လိုလဲသတိုးသမီး ဘာလို့မျက်နှာကအဲလိုဖြစ်နေတာတုန်း”

အဖြူရောင်ဂါဝန်နဲ့မှန်ထဲက သဲ မျက်နှာက မှုန်သုန်သုန်ဖြစ်နေတယ်...။

“ငါစိတ်ရှုပ်နေတယ် စု.... တစ်ခုခုကိုကြောက်နေသလိုပဲ”

“ဘာကြောက်နေတာလဲဟာ နောက်တစ်ပတ်ထဲမှာပဲမင်္ဂလာဆောင်ရမယ့်သူက”

“ငါကြောက်တာက ဆောင်ပြီးသွားရင် အရာရာအရင်လိုပြန်မဖြစ်တော့မှာကိုလေ... မင်္ဂလာဆောင်တယ်ဆိုတာ ဘ၀တစ်ခုလုံးပြောင်းပစ်လိုက်ရတာနဲ့အတူတူပဲဟ... ပထမတော့ ငါသိပ်လန့်မိမှာပဲသိလား ညအိပ်လို့တရေးနိုးလာရင် ကိုယ့်ဘေးမှာ သူစိမ်းယောကျာင်္းတစ်ယောက်ကိုတွေ့ရမှာ...”

“ဟဲ့....ဒါက မင်္ဂလာဆောင်ရင်ကြုံရမှာပဲလေ...”

“မဟုတ်ဘူးလေဟာ...ခုက တစ်သက်လုံးလေ..”

“နင်ကလဲဟာ ခုက နင့်ချစ်သူပဲလေ.... သူက နင့်တန်ဖိုးကိုသိလို့ နင့်ကို လက်ထပ်ယူတာ နင်ကံကောင်းပါတယ်ဟာ သူက သူ့ကလေးရဲ့ မိခင်အဖြစ်နင့်ကိုရွေးချယ်လိုက်တာလေ... တချို့ဆိုဒီလိုအခွင့်ရေးမျိုးတောင်မရဘူး...” သူမပြောရင်းမှာ ကိုယ့်စကားကိုယ့်ပြန်ထိသလိုဖြစ်သွားတယ်...။

“ဘာမှသိပ်မစဉ်းစားနဲ့တော်ပြီနော်...အဆင်ပြောသွားမှာပါ...အပြင်မှာ ဟိုမိန်းမနှစ်ယောက်ရောက်နေပြီထင်တယ်အသံကြားတယ် လာသွားကြည့်ရအောင်”

“ကျေးဇူးပဲစု ငါ့ကိုအားပေးတဲ့အတွက်...” သူမက ခေါင်းလေးညိတ်ပြပြီး သဲပခုံးကိုခပ်ဖွဖွဆုတ်ကိုင်အားပေးလိုက်တယ်...။

သူမတို့နှစ်ယောက်အ၀တ်လဲခန်းကနေထွက်လာတော့ ဧည့်ခန်းဆိုဖာမှာ ဂျာရစ်မနဲ့ ဝေက ခေါင်းချင်းဆိုင်ဖုန်းကိုကြည့်ပြီး ကျွတ်ကျွတ် ကျွတ်ကျွတ်လုပ်နေကြတယ်....။

“နင်တို့နှစ်ယောက်ဘာလုပ်နေတာလဲ ငါအ၀တ်လဲတာတောင်လာမကြည့်နိုင်ရလောက်အောင် ဟင်...”

“ဟဲ့...သဲ..လာလာလာ ဒီမှာလာကြည့်စမ်း နင့်ကောင်လေးအကြည့်ကိုလာကြည်းစမ်းပါဟာ...”

ဂျာရစ်မပြတဲ့ ဟမ်းဖုန်းထဲက ဗီဒီယိုလေးက ဟိုနေ့ည သူမမွေးနေ့တုန်းက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးပါ...။

“ကောင်လေးကိုကြည့်စမ်း စု....... နင့်ကို သူကြည့်နေပုံလေးကတမျိုးနော်....ရုပ်ကလေးသနားကမားနဲ့... နင်သူ့ကိုစိတ်မ၀င်စားဘူးလား...ဘာဖြစ်လဲ တွဲကြည့်ပေါ့...နင့်ရဲ့ ဟို လေယာဉ်မှူးက ခုနှစ်နှစ်လောက်တွဲပြီးပြီး ပျင်းစရာကောင်းနေပါပြီဟာ ခေါက်လိုက်တော့...”

“မိန်းမတွေ နင်တို့ အာချောင်မနေနဲ့ ငါက ကလေးမကြိုက်ဘူး...ဟွန်းး..”

+++++++++++++++++++

“ကြီးမေရေ... ဒီနေ့သီးခေါက်ဆွဲကြော်တယ် ထုံးစံအတိုင်းလာပေးတာ”

“ဘယ်လိုဖြစ်လို့ သုံးဘူးဖြစ်နေလဲ သမီးရဲ့”

“အော် တစ်ဗူးက မင်းမင်းအတွက်လေ... သမီးသွားပြီနော်...”

ဒီနေ့မနက်နဲနဲစောလို့ထင်ရဲ့ ကားကခါတိုင်းလောက် သိပ်မကြပ်ဘူးထင်ရတယ်...။ သူမက ပြူတင်းပေါက်နေရာမှာဝင်ထိုင်လိုက်တယ်...။ ဒီနေ့လုပ်ရမယ့် အလုပ်တွေကို မှတ်စုစာအုပ်ထဲကနေ ပြန်ဖတ်ကြည့်နေတုန်း သူမရှေ့ကို ပလတ်စတစ်အိတ်အကြည်လေးနဲ့ထည့်ထားတဲ့ ဘူးလေး တွဲလောင်းကျလာတယ်...။

မော့ကြည့်လိုက်တော့ ...ပြုံးစေ့စေ့လေးနဲ့သူ...။သူမဘေးကိုထိုင်ချလိုက်တယ်...။

“ခေါက်ဆွဲကြော်နံ့လေးက မွှေးနေတာပဲဗျာ ဗိုက်ဆာလိုက်တာ စားမယ်နော် မကြီး...”

“ကားထဲမှာစားမယ် အနံ့ထွက်တယ် မစားနဲ့ ရူးနေလား ပြန်သိမ်းထား...မစားနဲ့”

သူမက တခြားခရီးသည်တွေမကြားအောင်အသံကိုနှိမ့်ပြီး သူ့ကိုပြောလိုက်တယ်...။

“မကြီးကလဲလူတွေ့ရင် ဟောက်စားပဲလုပ်နေတော့တာပဲ...

စောနေသေးတာနဲ့ သူတို့နှစ်ယောက်လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာအတူထိုင်ဖြစ်တယ်...။ တကယ်တော့ သူ့ကိုခေါက်ဆွဲကြော်လေးစားစေချင်တဲ့စိတ်နဲ့သူမက တမင်ဝင်ထိုင်လိုက်တာပါ...။ သူမကတော့စားခဲ့ပြီးပြီမို့ ကော်ဖီတစ်ခွက်ပဲမှာလိုက်တယ်...။

“မကြီးက ကျနော့်ကိုသတိရသွားလို့ပေါ့ ဟုတ်လား ကျနော့်အတွက်တစ်ဘူးထည့်လာပေးတယ်ဆိုတော့”

“ဘာကိစ္စသတိရရမလဲ... ခေါက်ဆွဲကြော်တွေများနေတာနဲ့ ပိုထည့်လာလိုက်တာ...”

“ဒါဆို မကြီးဘဲကြီးကို အဲလိုပဲဟင်းတွေချက်ကျွေးနေကျပေါ့...”

သူ့မေးခွန်းကြောင့်...သူမမျက်နှာသုန်မှုန်သွားပြီး ကော်ဖီကိုဆက်သောက်နေလိုက်တော့တယ်...။

“အိုကေ အိုကေ တခြားအကြောင်းပဲမေးတော့မယ်”

“အေးကောင်းတယ်”

“ဒါဆို မကြီး ချစ်သူအသစ်ထားဖို့မစဉ်းစားတော့ဘူးလား”

“ပြောတော့ တခြားကြောင်းပြောမယ်ဆို...”

“ဟုတ်တယ်လေ...ခုနက အတိတ်အကြောင်းအရာ ခုပြောတာက ပစ္စုပ္ပန်အကြောင်း...”

“မသိဘူးလေ... ထားဖို့အစီစဉ်မရှိတော့ဘူးထင်ရဲ့...လူတစ်ယောက်နဲ့အိပ်မက်တူဖို့ဆိုတာ အချိန်အများကြီးရင်းနှီးရတယ် ချာတိတ်ရဲ့ တစ်ရက်နှစ်ရက်နဲ့ပြီးတာမဟုတ်ဘူး...“

“ကျနော်ပြောမယ် မစု လူတစ်ယောက်နဲ့ဘ၀သစ်စဖို့ဆိုတာ အဆန်းတကြယ်ကိစ္စတစ်ခုတော့မဟုတ်ပါဘူး.... ကျနော်တို့ ချစ်သူဖြစ်ကြရအောင်နော် မစု...”

သူအဲလိုပြောချလိုက်တော့သူမ သူ့ကိုကြည့်ပြီး ဘာပြန်ပြောရမှန်းမသိ ...အိုးတိုးအန်းတန်းဖြစ်ရလောက်တဲ့အရွယ်လဲ မဟုတ်တော့...။

“ဒီမယ်... မင်းမနက်စောစောစီးစီး ဦးနှောက်ပျက်လာတာလား...ဟင်....။ ကောင်လေးရယ်.... မင်းကိုကိုယ်က မောင်လေးတစ်ယောက်လိုပဲသဘောထားတာ...ဘယ်လိုလုပ် ချစ်သူဖြစ်နိုင်မလဲ...ကဲနောက်ကျနေပြီ ကိုယ်သွားတော့မယ် အစည်းအဝေးရှိသေးတယ်...”

လက်ဖက်ရည်ဆိုင်ထဲမှာ....သူနားလည်စွာ သူမကိုငေးမောကျန်ရစ်ခဲ့တော့တယ်....။

ဆက်ပါဦးမည်


မှတ်ချက်။ ။ ကြည့်ခဲ့ဖူးတဲ့ ထိုင်းအချစ်ဇာတ်ကားလေးကို သင့်လျော်သလို ပြန်လည်ရေးသားထားခြင်းသာဖြစ်ပါသည်....။


မိုးငွေ့

4 comments:

. said...

အင်း . . သူလည်း ကိုရီယားကား လုပ်ပြန်ပြီး ဖတ်ရတာ ဆန့်တငန့်ငန့်နဲ့ . . .

စီးဗုံးဘယ်နား သွားထား ထားလဲ မမိုးကြီး . . မတွေ့ပါ . .း)

ပျိုးယုဝသုန် said...

မြန်မြန်ရေးပါ မိုးငွေ့ရယ် .. ဖတ်ရတာ ကောင်းခန်းရောက်မှ ပြတ်ပြတ် သွားတယ် .. အဲ့လို လုပ်ရဘူးနော် .. ငရဲကြီးတတ်တယ် .. ခိခိ

ပျိုးယုဝသုန် said...

အေ ..မိုးငွေ့ .. ဆက်ရေးလေကွယ် ...တတိယပိုင်းကို လာလာရှာရာမောထှာ

san htun said...

မျှော့နေပါတယ် ခင်ည