မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 1 May 2012

ကြယ်တွေစုံတဲ့ည.....



ဒီနေရာ ဒီလမ်းတွေက တစ်ချိန်တုန်းက ကျောင်းသားဘ၀တုန်းက ကိုယ့်ကျောင်းကိုယ့်နယ်မြေ မဟုတ်ပေမယ့် ခဏခဏ အလည်ရောက်ဖူးတဲ့ နေရာ တက္ကသိုလ်တက်သူတိုင်းမရောက်ဖူးဘဲမနေတဲ့ နေရာလေးပေါ့....။ ခုတော့လဲ သူ့အတိတ်ဘ၀လေးကို ဇာတ်မြှုပ်လို့.... အထက်တန်းကျောင်းလေးဘ၀မှာ ကုပ်ကုပ်ကလေးရပ်တည်နေလေရဲ့......။ အင်းလျားလေးကန်ကလည်း အရင်လို မစိုပြေတော့သလိုလို....။ ဖြတ်လျှောက်လာမိတဲ့ ပတ်ဝန်းကျင်လေးကို ကြည့်ရင်း ကျောင်းသားဘ၀တုန်းက အချိန်တွေကို လွမ်းတမိပါရဲ့......။
အဲဒီကျောင်းရဲ့ အနောက်ကျောဖက်က ဆရာများအဆောင်မှာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ခန့်က အလှဓါတ်ပုံလေးလာရိုက်ဖူးတာ အမှတ်ရမိသေးတယ်.....။ အခုအဲဒီအဆောင်ရဲ့ အရှေ့ဖက်ခြမ်းက ၀င်းအကျယ်ကြီးကတော့ ယနေ့မြန်မာဗီဒီယိုတွေမှာ သရုပ်ဆောင် မင်းသားမင်းသမီးတွေ သင်တန်းကျောင်းလုပ်လိုက် တက္ကသိုလ်လုပ်လိုက်နဲ့ မကြာခဏ ရိုက်ကွင်းဖြစ်နေတဲ့ ကျောင်းဝင်းကြီးပါ......။

တကယ်ဆို ကိုယ်ဒီနေရာလေးကို မလာမဖြစ်ရောက်လာခဲ့ရတာမဟုတ်ပါဘူး....။ ကိုယ်မလာလဲဖြစ်တယ်... ။ ဒါပေမယ့် ကိုယ့်ကိုရောက်လာဖြစ်အောင်တွန်းအားပေးနေတာလဲ ကိုယ့်ရဲ့စိတ်ပါပဲ....။ ကိုယ်တို့ရုံးက IT ကိစ္စလေးတစ်ခုအတွက် ကုမ္ပဏီတစ်ခုမှာ စာချုပ်ချုပ်ထားတယ်... အဲဒီအတွက် သက်တမ်းလာတိုးတာဆိုပါစို့...။
အဲဒီဝင်းထဲမှာ အိုင်တီနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ၀န်ဆောင်မှုလုပ်ငန်းတွေက အခန်းအသီးသီးမှာ ရုံးခန်းငှားဖွင့်ထားကြတာပါ.......။

ကိုယ်နဲ့ပါလာတဲ့ ရုံးကညီမက အဲရုံးခန်းမှာ လုပ်စရာရှိတာဝင်လုပ်ပြီး.....(ကိုယ်က ကားမောင်းပေးရုံသက်သက် လိုက်ပါလာသူလေ)...။ ကိုယ်ဧည့်ခန်းမှာ ထိုင်မစောင့်ဘဲ... အပြင်ဖက်က အခန်းတွေကို နဲနဲစပ်စုပြီးလိုက်ကြည့်မိတယ်....။ ကိုယ့်ရည်ရွယ်ချက်ကဘာလဲလို့ မမေးကြေးနော်.......။ အခန်းဝနားကို ကိုယ်မချင့်မရဲရောက်သွားခဲ့တယ်....။ ခုချိန်မှာ အထဲက တစ်စုံတစ်ယောက်ကိုယ့်ကိုမြင်သွားပြီး ဘာကိစ္စလဲလို့လာမေးရင် ကိုယ်ဘယ်လိုဖြေရပါ့မလဲ...။ ဟိုကြည့်ဒီကြည့်နဲ့ အဲအခန်းထဲကို ကိုယ်လှမ်းကြည့်လိုက်တော့ ...ကွန်ရှေ့မှာ ကိုယ့်ရဲ့ အဖြူရောင်လေး တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတာကို တွေ့လိုက်တယ်....။ မှန်တံခါးလေးပေါ်လက်ထောက်ရင်း မင်းကို ကိုယ်ငေးကြည့်နေမိသေးတယ်.....။ ကိုယ်နှုတ်မဆက်တော့ပါဘူးကွယ်.....။ ကိုယ်လာခဲ့မယ်နော်လို့ ပြောတိုင်း မင်းဘယ်တုန်းကမှ မဖိတ်ခေါ်ခဲ့ဘူးလေ...။ ဒါကြောင့် ကိုယ့်ကိုမင်း ရုတ်တရက်တွေ့သွားရင် မင်းကိုဆန့်ကျင်ပြီး ဒီနေရာထိရောက်အောင်လာခဲ့ရသလားလို့ မင်းစိတ်ကွက်သွားမှာလဲ စိုးသကွယ်....။


ဂွတ်ဘိုင်!!! အိန်ဂျယ်.....
ယောင်ယမ်းပြီး လက်ပြနှုတ်ဆက်... အဲဒီအခန်းရှေ့က ကိုယ်ထွက်ခဲ့တယ်....။

ကိုယ့်ခြေလှမ်းတွေက တစ်လှမ်းချင်း တစ်လှမ်းချင်း.... ရုပ်ရှင်ထဲက အနှေးပြကွက်လေး တစ်ကွက်လိုပါပဲ...။
ကိုယ့်ခြေလှမ်း ဆယ်လှမ်းလောက်မပြည့်ခင်မှာပဲ အနောက်ဆီက တံခါးဖွင့်သံနဲ့ ခြေသံသဲ့သဲ့ကို ကြားလိုက်ရတယ်...။

“မကြီး......ဘယ်ကိုလာတာလဲ”
..တဲ့


ခြေလှမ်းတွေကို ခဲဆွဲခံထားရသလို..... ရင်ဘတ်ထဲမှာလဲ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ကုလားဘုရားလှည့်နေတယ်......။
ရှင်တို့စဉ်းစားကြည့် ဒီလိုခန်းဆို ရုပ်ရှင်ထဲမှာ မင်းသမီးက ခြေစုံရပ်ပြီး နောက်လဲလှည့်မကြည့်ရဲ လက်ထဲပါလာတဲ့ လက်ကိုင်ပုဝါကိုပဲ လက်နှစ်ဖက်နဲ့ ချေမွနေမိမှာသေချာပေမယ့် ... ကိုယ့်လက်ထဲမတော့ ဘာမှချေစရာပါမလာဘူး...။ ဇာတ်ဝင်ခန်းထဲကလို နောက်ကျောမလုံစွာနဲ့ ခြေစုံရပ်မနေတော့ဘူး...။ အသံလာရာကို ကိုယ်လှည့်ကြည့်လိုက်တယ်...။ အစိမ်းရောင်ပုဆိုးကွက်စိပ်လေးနဲ့ အဖြူရောင်ရှပ်အကျီင်္လေးကို သပ်သပ်ရပ်ရပ်ကလေးဝတ်ထားတဲ့ မြန်မာဆန်သော လူငယ်ကလေးတစ်ယောက်....။ ကိုယ်သိပ်မြတ်နိုးတဲ့ အသွင်ပြင်ကလေးနဲ့ အမြဲကြည်စင်နေတတ်သော လူငယ်ကလေးတစ်ယောက်.....။

မင်းကို တွေ့လိုက်ရတဲ့ ၀မ်းသာကြည်နူးပီတိဖြစ်မှုအရည်ကြည်တချို့ မျက်ဝန်းအိမ်ကစီးကျလာကြတယ်....။ ဒုက္ခပါပဲ ကိုယ့်မှာ စက္ကူလက်ကိုင်ပုဝါလေးတစ်စတောင် လက်ထဲပါမလာခဲ့ဘူး....။ ကိုယ့်လက်ထဲမှာ ကားသော့တွဲလေးပဲရှိတယ်....။ ကိုယ်လက်ဖနောင့်နဲ့ ခပ်ကြမ်းကြမ်းလေး သုတ်မပစ်ခင်ကလေးမှာပဲ မင်းက ကိုယ့်ရှေ့ကို ခပ်သွက်သွက်ကလေးလျှောက်လာပြီး မင်းအိတ်ထဲက ဖြူလွလွ စက္ကူလက်ကိုင်ပုဝါလေးတစ်ခု ထုတ်ပေးတယ်..။

“မကြီးကလဲ ကျွန်တော့်ကိုတွေ့တိုင်း အဲလိုမျက်ရည်မကျပါနဲ့...”

“ဘာမှ မဟုတ်ပါဘူး အိန်ဂျယ်ရယ်.....မျက်လုံးထဲဖုန်ဝင်သွားလို့ပါ.... ကိုယ်သွားတော့မယ်နော်...”


မင်းမတားလိုက်ခင်မှာ ကိုယ်ခြေလှမ်းခပ်သွက်သွက်နဲ့ ထွက်လာခဲ့လိုက်တယ်.....။ ကိုယ်မင်းရှေ့မှာ ဘယ်လိုမှ ဟန်မဆောင်ချင်တော့လို့ပါ...။


“ကျွန်တော်ညကျရင် အွန်လိုင်းလာခဲ့မယ်နော် စောင့်နေပါ”...တဲ့..။

သေချာပါတယ်....ကိုယ်ဒီည အွန်လိုင်းပေါ်လာချင်တဲ့စိတ်ကို ချိုးနှိမ်ထားရလိမ့်မယ်.......။ ကိုယ်...မင်းနဲ့စကားတွေအများကြီးပြောချင်တယ်....အိန်ဂျယ်..။ ဒါပေမယ့် မင်းရဲ့ မေးခွန်းတွေကို ကိုယ်ဖြေရမှာ ကြောက်နေမိတယ်.....။


တကယ်တမ်း အချိန်ကျလာတော့လဲ လူက ကွန်ရှေ့ကို မနေနိုင်မထိုင်နိုင်ရောက်ရတာပါပဲ......။ ယူဆာနိမ်းရိုက်ထည့် ပစ၀ရိုက်ထည့်ပြီး တန်းစီပြီးတက်လာမယ့် မီးနီ မီးစိမ်းတွေကို ရင်တထိတ်ထိတ်နဲ့ မျှော်နေမိတယ်.....။ ဒီညတော့လွယ်လင့်တကူပဲ လိုင်းကချက်ချင်းတက်လာတယ်... မီးနီတဲ့သူ စိမ်းတဲ့သူ ၀ါတဲ့သူတွေကြားမှာ....မင်းရှိမနေပါဘူး.....။ အင်းလေ....မင်းက အမြဲကိုယ်ယောင်ဖျောက်နေတတ်သူဆိုတာ ကိုယ်မမေ့ပါဘူး.....။ ထုံးစံအတိုင်း နစ်မှာ ကိုယ်တစ်ခုခုရေးတင်ထားရမယ်လေ....။ “သတိရသေးရင် နှုတ်ဆက်ပါ” တို့......“ဂီတာတစ်လက်ယူခဲ့ပါ ကိုယ်တို့သီချင်းအတူဆိုရအောင်”တို့လို စာသားမျိုးပေါ့......။ ဒီတစ်ခါတော့ ကိုယ်က အဲလိုစာသားမျိုးတွေမတင်တော့ဘူး...။ “ကိုယ့်ကို အပြစ်ပေးပါ အိန်ဂျယ်...” ဆိုတဲ့စာသားလေးနဲ့ပါ.....။ ကိုယ်တင်ပြီး စက္ကန့်ပိုင်းလေးမှာပဲ....မီးမလင်းတဲ့ မင်းနာမည်လေး တုံခနဲမြည်ပြီး တက်လာတယ်...။


“မကြီးမှာဘာအပြစ်ရှိလို့ ကျွန်တော်က အပြစ်ပေးရမှာလဲ”
တဲ့.....။


ဟင့်အင်းး..... မင်းက မသိချင်ယောင်ဆောင်နိုင်ပေမယ့် ကိုယ်ကတော့ ကိုယ့်ကိုယ့်ကို အပြစ်ကြီးကြီးနဲ့လူလို့ပဲ အမြဲသတ်မှတ်ထားတာ.....။ မင်းအဲလိုကြီးပြောလာတော့ ကိုယ်ဘာပြန်ပြောရမှန်းမသိ တနင့်နင့်နဲ့ ၀မ်းနည်းနေတာပဲသိတယ်......။


“မငိုပါနဲ့ မကြီးရယ်..... ကျွန်တော်တို့ ဒီည စကားတွေအများကြီးပြောရအောင်နော်”


မင်းကို ပြန်ပြောဖို့ ကီးဘုတ်ပေါ်က အမြဲသွက်လက်နေကျ လက်ချောင်းတွေက တုန်ရင်နှေးကွေးနေကြတယ်...။ မင်းက မငိုပါနဲ့ပြောခါမှ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလို့ ကိုယ့်ရှိုက်သံတောင်မင်းကြားသွားမှာ စိုးရိမ်မိတယ်...။

“မကြီး ပါးပြင်ပေါ်က မျက်ရည်တွေကို ကျွန်တော်လက်ကိုင်ပုဝါလေးနဲ့သုတ်ပေးလိုက်ပြီနော်... မငိုနဲ့တော့”

ကိုယ်တို့ ဆင်တူဝယ်ထားဖူးတဲ့ အဖြူရောင်ဆွတ်ဆွတ် မွေးပွလက်ကိုင်ပုဝါလေးကို ကိုယ်ချက်ချင်းမြင်ယောင် မိသွားတယ်...။


“ကျေးဇူး အိန်ဂျယ်....း) ”

“အဲလိုလေး ပြုံးပါ......”
“ကိုယ့်ကို စိတ်မဆိုးဘူးလား.....ကိုယ့်ကိုတစ်ခုခုပြောပါလား အပြစ်တင်စကားတစ်ခုခုလေ” “ဘာလို့ပြောရမလဲ.....မကြီးမှာဘာအပြစ်မှမရှိတာကို....ကျွန်တော်စိတ်ထင်ရာလျှောက်ရေးထားတဲ့ စာတစ်ကြောင်းအတွက် မကြီးဆီက ဖြေရှင်းချက်ရထားပြီးပြီပဲ...”
“ဒါပေမယ့်....ဒါ.....”
ကိုယ့်ပြောလို့မဆုံးခင်မှာပဲ မင်းက ချက်ချင်းဖြတ်ပြောတယ်...။
“နိုးး...မကြီးဘာမှမပြောတော့နဲ့... အမှန်တော့ မကြီးကို အဆက်အသွယ်မလုပ်ဘဲ အကြာကြီးပစ်ထားတဲ့ ကျွန်တော့်အပြစ်လဲ မကင်းပါဘူး.....။ ကျွန်တော်အခြေအနေအားလုံးကို နားလည်သဘောပေါက်ပါတယ်... အဲဒါတွေထားလိုက်ပါ...... ဒီည ကျွန်တော့်ကို ကော်ဖီတစ်ခွက်ဖျော်မတိုက်ချင်ဘူးလား.... မကြီးလက်ရာ မသောက်ရတာတော်တော်ကြာနေပြီနော်...”
“ကိုယ်က အမြဲဖျော်တိုက်ချင်တာပါ မင်းက ကိုယ့်ကို အမြဲပုန်းနေတာကိုးး”

“မကြီးက နတ်သမီးပဲလေ... ကျွန်တော်ပုန်းနေတာကို ရှာတွေ့ရမှာပေါ့”
“ ဟ ဟ မင်းက စကားကို ကပ်ပြောတယ်ပေါ့.... မေ့နေပြီလား အိန်ဂျယ်... ကိုယ်က သေမင်းရဲ့တမန်တော်လေ မင်းနဲ့ဆန့်ကျင်ဖက် မင်းက ဘုရားသခင်ရဲ့ တမန်တော်”

“ဒါဆို မကြီးကအခု ငွေရောင်ဆံပင်ဖားဖား မျက်လုံးအစိမ်းရောင်နဲ့ ကြောက်စရာအရုပ်နဲ့ပေါ့ ဟုတ်လား.... မကြီးကသာ ကိုယ့်ကိုယ်ကို အဲလိုသတ်မှတ်ထားတာ.....ကျွန်တော့်အတွက်တော့ မကြီးက နတ်သမီးတစ်ပါးပါ...”


ဘုရားရေ..... ကိုယ့်ကို အိန်ဂျယ်...ဒါမျိုးနူးညံ့တဲ့စကား တစ်ခါမှမပြောဖူးပါဘူး.......။ ခုကိုယ်နဲ့ပြောနေတာ အိန်ဂျယ်မှဟုတ်ရဲ့လား......။


“ဘာလို့ ငြိမ်သွားတာလဲ.......ကျွန်တော်က မကြီးရဲ့ အိန်ဂျယ်အစစ်ပါဗျ....”
“မဟုတ်ပါဘူး စကားလုံးအထူးအဆန်းတွေမို့ နဲနဲတွေဝေသွားတာပါ.....”

“မတွေဝေနဲ့....အိန်ဂျယ်....အိန်ဂျယ်မှ အိန်ဂျယ်စစ်စစ်.... ခုချက်ချင်းကိုယ်ယောင်ထင်ပြရမလား...ဟဲ ဟဲ.... အစကတော့ မကြီး အဲလိုခေါ်တာ ကျွန်တော်နဲ့ သိပ်မလိုက်ဖက်ဘူးလို့ပဲထင်နေမိတာ..... နောက်တော့ မကြီးအမြဲခေါ်ခေါ်နေတဲ့ အဲဒီနာမ်စားလေးကို ကျွန်တော့်မသိစိတ်နဲ့ စွဲလန်းနေခဲ့မိတာတော်တော်ကြာမှ သိလိုက်ရတယ်....။ တခါက ဖဘမှာ မကြီး ကျွန်တော့်နာမည်အပြည့်အစုံနဲ့လာနှုတ်ဆက်တော့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်.... ကိုယ့်နာမည်အရင်းနဲ့ အခေါ်ခံရတာတောင် မကြီးခေါ်လို့လားမသိဘူး စိတ်ထဲ စိမ်းနေသလိုလိုပဲ.....အမြဲတမ်း အိန်ဂျယ်လို့ခေါ်ခံလာရပြီး ခုမှအဲလိုပြောင်းခေါ်တော့ မကြီး ကျွန်တော့်အပေါ်ပြောင်းလဲသွားပြီလို့ ထင်ပြီး ၀မ်းနည်းသွားမိသေးတယ်”


ဖြစ်ရလေ... အိန်ဂျယ်ရယ်........။ အဲဒါတွေဟာ ပွင့်လင်းမှုမရှိကြတဲ့ ကိုယ်တို့နှစ်ယောက်လုံးရဲ့ အပြစ်တွေပါ.....။ ဒီညလေးဟာ ကြယ်တွေစုံလင်လို့ လေပြေအေးတွေတိုက်ခတ်လို့ မကြားရပေမယ့် သံစဉ်တေးသွားလေးတွေ ညိမ့်ညိမ့်ညောင်းညောင်းရှိနေမယ့် သိပ်ကို သာယာလှပတဲ့ ညကလေးတစ်ညပေါ့..။

ကိုယ်ဖြစ်ချင်တဲ့ အရာကို အိပ်မက်ထဲထည့်မက် ခပ်ပြုံးပြုံးကလေးနဲ့ လန့်နိုးလာမယ့် အိပ်မက်တစ်ခု။ မြန်မာဗီဒီယိုတွေထဲကလို ဇာတ်ကိုရှောချလိုက်တာမျိုး ပရိတ်သတ်ဆီက ဟင်ခနဲ ဟာခနဲ အပြစ်တင်သံတွေနဲ့ ညံစီနေမယ့် စာတစ်ပုဒ်ကို ကိုယ်ဖန်တီးလိုက်မိပြန်ပြီ... အိန်ဂျယ်....။


Happy Birthday အိန်ဂျယ်... ဒါကိုယ့်ရဲ့မွေးနေ့လက်ဆောင်ပို့စ်လေးပေါ့.....း))

မိုးငွေ့



8 comments:

လွင်ပြင်လှိုင်းငယ် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ အိန်ဂျယ်
အိန်ဂျယ်ရဲ့ သခင်မလေးလဲ ပျော်ရွှင်စွာပါစေနော်

စံပယ်ချို said...

အိန်ဂျယ်လေးရဲ့မွေးနေ့မှာပျော်ရွှင်မှုတွေ
ပြည့်ဝပြီး ဘ၀နဲ့ ဆန္ဒတွေလဲ တထပ်တည်းကျရောက်ပါစေ

ရင်ဆူး said...

မကြီးမိုးငွေ့ရဲ့ အိန်ဂျယ်လေးမွေးနေ့မှာ မျက်ရည်တွေကျနေတုန်းဘဲလား မကြီးရေ...အိန်ဂျယ်လေးနဲ့မကြီးတို့ ၂ ယောက်လုံး မျက်ရည်တွေနဲ့ ဝေးပြီး ပျော်ရွှင်မှု့တွေ ရရှိကြပါစေနော်....

ညိမ်းနိုင် said...

သိပ်ဖတ်လို့ကောင်းတယ်မမိုး...အရင်လို စနောက်စရာ
စကားလုံးတွေရှာမရအောင်ကိုကောင်းနေလေရဲ့....။

ပျိုးယုဝသုန် said...

ခေါင်းစဉ်လေးမြင်ပြီး ထူအိမ်သင်ရဲ့သီချင်းလေးကို သတိရသွားတယ်။ ကြယ်တွေစုံတဲ့ည ..ကို်ယ့်အိပ်မက်လေးရယ်......


ကြယ်တွေကိုကြည့်ရင်း လွမ်းသွားတဲ့
မမဝသုန်

မိုးသက် said...

ဟွန်း.. အဆင်ပြေနေတဲ့သူတွေဆိုရင်.သိပ်ကြည့်လို့မျ ဘူးနော်.။ အညင်ကတ်နေတယ်.။ အဟမ်း အဟမ်း.။

san htun said...

မွေးနေ့ ရှင် အိန်ဂျယ်လည်း ပျော်ရွှင်ပါစေ..အိန်ဂျယ်ရဲ့  မကြီးလည်း ပျော်ရွှင်ပါစေ...

မဒမ်ကိုး said...

စိတ်နာဒယ်အိန်ကျယ်

စိတ်နာတယ်မမမိုးငွက်

ဘာလို့ဆိုတော့ သများကဖတ်ပီးပျော်လာတာ တူပျော်နေဘီဆိုပီး
ခုတော့ တူက ဖန်တီးဒါတဲ့ အပျိုကြီးဖစ်ပါစေ ဟိဟိ

ချစ်တဲ့

ဂျရစ်