မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 26 April 2012

အမှာစာ.....



သင်္ကြန်မတိုင်ခင်က စကာင်္ပူကနေ မချစ်(ချစ်ကြည်အေး)တို့လင်မယားအလည်ပြန်လာခဲ့ကြတယ်.....။ မချစ်က သူနဲ့ခင်မင်ရင်းနှီးတဲ့ ဘလော့ဂါတွေနဲ့ဆုံဖို့ အေးဆေးပြီး အစားအသောက်ကောင်းတဲ့ ဆိုင်နေရာလေးရှာပေးဖို့ ပြောလာတယ်...။နောက်ဆုံး ကျမတို့ ဗဟန်း ကိုယ့်မင်းကိုယ့်ချင်းလမ်းပေါ်က “ရွှေကောင်း ဟော့ပေါ့”ဆိုင်လေးကို ရွေးလိုက်ကြတယ်....။ မချစ်ပြန်မရောက်ခင်နှစ်ရက်အလိုမှာ ကျွန်မလှမ်းပြီး ရီဆာ့ဗ်လုပ်ထားလိုက်တယ်....။ မချစ်ဖိတ်ထားတဲ့ လူဦးရေက နှစ်ဆယ်နီးပါးဆိုတော့ အယောက်နှစ်ဆယ်ခန်းမရှိဘူး ဆယ်ခန်းကို ကပ်ရပ်နှစ်ခန်းပေါင်းယူလိုက် ကာထားတဲ့ ပါတေးရှင်းဖြုတ်ပေးမယ်။ အိုခေဆိုတာနဲ့ ကျွန်မတို့ ရို့စ်နဲ့ချယ်ရီ အခန်းနှစ်ခန်းကိုတွဲယူလိုက်တယ်....။

တကယ့်နေ့ကျတော့ ကိုယ်မှန်းထားတဲ့ လူဦးရေထက်လာတဲ့သူကနည်းနေတယ်....။ ဆယ့်လေးယောက်ပဲလားလို့ နေဦး ပြန်တွက်ကြည့်ဦးမယ်...။ မချစ်တို့လင်မယား၊ မမြသွေးနီလင်မယား၊ မမြသွေးနဲ့လိုက်လာတဲ့ The Lady ဂျာနယ်ရဲ့ အယ်ဒီတာ မမြတ်စုလွင်၊ မ၀ါဝါခိုင်မင်းနဲ့သမီးလေး၊ သက်တန့်ချို ၊ မောင်ဘကြိုင်၊ ကိုကြီး(save the age)၊ ညလင်းအိမ်၊ ကြည်ကြည်(ကြည်ကြည်၏ဒိုင်ယာရီ)နဲ့ မိုးငွေ့ အားလုံးမှ ဆယ့်သုံးယောက်တည်း မလာကြတာက ဏီဏီ(ဏီလင်းညို)နဲ့ သူရဿဝါ ....။ ထူးဆန်းဖို့တော့ကောင်းတယ်နော် ကျွန်မတို့ဘလော့မောင်နှတွေက အပြင်မှတခါမှမမြင်ဖူးကြလဲ ....တကယ်အပြင်မှာတွေ့တော့ ဟိုးးး အရင့်အရင်ကတည်းက ပေါင်းလာတဲ့ မိတ်ဆွေတွေလိုပဲ ခင်မင်ရင်းနှီးလိုက်ကြတာ...။ ဒါဟာ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုတာလေးပါမှာပါ..။ တစ်ယောက်တစ်ယောက်စကားပြောမ၀လို့ အစားတောင် သိပ်မစားချင်တော့ဘူး... သဲကြီးမဲကြီးပြောနေကြတာလေ...။

အဲနေ့ညက မမြသွေးက သူ့စာအုပ်လေးကို လက်ဆောင်တစ်ယောက်တစ်အုပ်စီဝေပေးတယ်......။ အိမ်ရောက်တော့ ဖတ်ကြည့်တော့မှပဲ မမြသွေးနဲ့ကျွန်မက ဆရာကြီးလူထုဦးစိန်ဝင်းရဲ့ တပည့်တွေဖြစ်နေကြတယ်....။ အစ်မရဲ့ အင်္ဂလိပ်နာမည်က ယိုလန်ဒါတဲ့... ။ အစ်မက ကျွန်မထက် အများကြီးစီနီယာကျပါတယ်..။ ကျွန်မအဲဒီသင်တန်းရောက်တော့ ၁၉၉၅ ခုနှစ်...။ အစ်မက ကျွန်မထက်ငါးနှစ်စောရောက်တယ်.....။ အစ်မရဲ့ အိပ်မက်ကောက်ကြောင်းစာအုပ်ထဲက ၀တ္ထုတိုတွေအကုန်လုံးက ဘလော့မှာဖတ်ပြီးသားတွေပါ.....။ အဲ...မှာ ကျွန်မစိတ်အ၀င်စားဆုံးက ဆရာကြီးလူထုစိန်ဝင်းကိုယ်တိုင် အမှာစာရေးပေးထားတာကိုပဲ.......။ အဲဒီအမှာစာလေးကို ကျွန်မပြန်မျှဝေချင်ပါတယ်........။ဆရာကြီးဆီကို မရောက်ဖြစ်တာ ဆယ်နှစ်ကျော်နေပြီ ဆရာကြီးရေးတဲ့အမှာစာကိုဖတ်ပြီး ဆရာကြီးကိုသွားကန်တော့ဦးမှပါလို့ စိတ်ကူးမိသွားတယ် လာမယ့် သြဂုတ် ၁၃ ရက်နေ့က ဆရာကြီးမွေးနေ့လေ .....။ ကျွန်မတို့ သင်တန်းတက်စဉ်တုန်းက ဆရာကြီးကိုနှစ်တိုင်းမွေးနေ့ လုပ်ပေးလေ့ရှိတယ်.....။ အဲတုန်းက ဆရာကြီးအသက်က ငါးဆယ်ကျော်ရှိသေးတာ..။ ခုဆို ခုနှစ်ဆယ်နားတောင်နီးလောက်ရောပေါ့....။ ပြီးတော့ ဆရာကြီးက အဆုတ်မကာင်းတော့လို့ အောက်ဆီဂျင်ဗူးနဲ့ အသက်ရှူနေရတဲ့ဘ၀.....။ ဒီလိုကျန်းမာရေးမကောင်းတဲ့ကြားက စာတွေဆက်တိုက်ရေးနေတာ...။


လူထုစိန်ဝင်း အမှာစာ


တစ်ရက်မှာ မိန်းကလေးတစ်ဦးရောက်လာပြီး နှုတ်ဆက်ရင်း “ကျွန်မကို မှတ်မိလား”လို့ မေးတယ်...။ ရုတ်တရက် အံ့အားသင့်ပြီး သူ့မျက်နှာကို စိုက်ကြည့်နေမိတယ်...။ မမှတ်မိလို့ မဟုတ်ဘူး...။ ဘယ်လိုမှ မထင်မှတ်ဘဲ ရုတ်တရက်ကြီးတွေ့လိုက်ရလို့ ငေးကြည့်နေမိတာဖြစ်တယ်...။ခဏနေမှ “မှတ်မိတာပေါ့... မင်း... ရိုလန်ဒါပဲ”လို့ ဖြေလိုက်တော့ သူ့မျက်နှာက ချက်ချင်းပြုံးသွားတယ်...။ ဒါလောက် နှစ်တွေအကြာကြီး မတွေ့ကြပေမယ့် ကိုယ်တိုင်ပေးထားတဲ့ ကျောင်းနာမည်နဲ့ ခေါ်လိုက်တာ ကြားရတော့ သူသိပ်ကို ၀မ်းသာသွားပုံရတယ်...။ သူ့နာမည်က “၀ိုင်”နဲ့စတာကြောင့် ရိုလန်ဒါ(Yolanda)လို့ မှည့်ပေးခဲ့တာပါ...။

“နှစ်တွေဒါလောက်ကြာတာတောင် ဒီနာမည်ကို ဆရာမှတ်မိနေသေးတယ်နော်” မရှိဘူးဆိုတောင် နှစ်ပေါင်း နှစ်ဆယ် အစိတ်တော့ရှိပြီ။ အရင်က ပိန်ပါးပါး တက္ကသိုလ်ကျောင်းသူလေးတောင် အခုတော့ လူကြီးတစ်ယောက်ပုံပေါက်နေပြီ အိမ်ထောင်ကျပြီးလို့ သားတောင် အတန်းတော်တော်ရနေပြီတဲ့...။

“ရန်ကုန်မှာပဲ နေပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ်မို့ မရောက်ဖြစ်ဘူး စာတွေအမြဲဖတ်နေလို့ ဆရာ့ကျန်းမာရေးသတင်းတွေတော့ ကြားနရပါတယ် ဒီနေ့တော့ ဘာကြောင့်မှန်းမသိ ဆရာ့ကို သိပ်သတိရတာနဲ့ ၀င်လာလိုက်တာ၊ ဒီနားမှာ ရုံးကိစ္စတစ်ခုလည်းရှိလို့ လာရင်းနဲ့လေ” လို့ သူက တစ်ဆက်တည်းပြောပြတယ်...။

စကားတွေပြောရင်း ပြုံးလိုက်တော့ ငယ်ရုပ်က ပိုပေါ်လာတယ်..။ လူကြောက်တတ်တဲ့ မြန်မာမလေးတစ်ယောက်ရဲ့ သဏ္ဍန်ကို မျက်စိထဲမြင်လာတယ်...။ လူကြောက်တတ်ပြီင်္း လူတောမတိုးရဲလို့ လူတွေဲကြားနေတတ်အောင်ဆိုပြီး သူ့ဦးလေးက ခေါ်လာတာ...။ ကျောင်းရောက်ပြီး သုံးလေးလကြာလို့ ပဲခူးတို့ ချောင်းသာတို့ သွားကြတော့တောင် တစ်ယောက်တည်း မလိုက်ရဲလို့ သူ့မောင်လေးကို လက်ဆွဲခေါ်လာခဲ့တာ...။ “မင်း အဖိုးအဖွားတွေက တကယ့် သတ္တိခဲတွေ မင်းကျမှ ကြောက်နေရလား”ဆိုပြီး သူ့ကို လူမကြောက်အောင် တော်တော်လေ့ကျင့်ပေးရတယ်...။

သူ့အဖိုးအဖွားတွေက ရန်ကုန်ဘဆွေနဲ့ ဒေါ်မြသွေးလေ...။ သူ့ဦးလေးက ရန်ကုန်ဘဆွေရဲ့သား... သူ့အမေက သမီး သူ့ဦးလေးက ပန်းချီဆရာ လူအေး စကားနည်းတယ်။ အခုစာထိုင်ရေးနေတဲ့ စားပွဲထိပ်မှာ ချိတ်ထားတဲ့ စိတ်ပန်းပြာတွေဝေနေတဲ့ ပန်းချီးကားက သူ့ဦးလေးရဲ့ လက်ရာပေါ့...။ ဇနီးနဲ့ သားသမီးတွေရှိတဲ့ တောင်ကြီးအိမ်ကို အလွမ်းပြေကြည့်ရအောင်ဆိုပြီး ဆွဲပေးထားတာ...။ ဧည့်ခန်းဘက်ကို မျက်နှာမူပြီး ချိတ်ထားတဲ့ ချောင်းသာနောက်ခံ ပုံတူပန်းချီကလည်း သူ့လက်ရာပဲ...။ ချောင်းသာကို အတူသွားကြတာကို အမှတ်တရဆွဲထားတာ...။ ဒီပန်းချီကားတွေအကြောင်း ဟိုလူဒီလူမေးကြတိုင်း သူ့ဦးလေးလက်ရာ ဖြစ်ကြောင်း ပြောပြနေကျဆိုတော့ မကြာခဏ သတိရတယ်...။ အခုတော့ အဆက်ပြတ်နေတာကြာပြီ။ ဘယ်ရောက်နေမှန်းတောင်မသိရတော့ဘူး...။ ရိုလန်ဒါနဲ့ ပြန်ဆုံမှာပဲ သူနိုင်ငံခြားမှာရှိကြောင်းသိရတယ်..။

ပထမတစ်ခေါက်လမ်းပေါက်ပြီးတဲ့နောက်တော့ ဒီမိန်းကလေးက မကြာမကြာရောက်လာတယ်...။ အင်္ဂလိပ်စာဝါသနာပါတဲ့ သားလေးကိုလည်းခေါ်လာတတ်တယ်...။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်းနဲ့ စာအကြောင်းပေအကြောင်းတွေရောက်သွားတော့ အွန်လိုင်းမှာ သူ စာတိုပေစလေးတွေ ရေးဖြစ်နေတဲ့အကြောင်း ပြောပြတယ်..။ သူ့စာဖတ်တဲ့ အွန်လိုင်းပရိတ်သတ်လည်း အတော်အသင့်ရနေပြီတဲ့..။ “ကောင်းတယ်၊ ဒါမှ စာပေမျိုးဆက်ပြတ်မသွားမှာပေါ့”လို့ အားပေးရင်း မြန်မာပြည်ထဲက စာဖတ်ပရိတ်သတ်တွေပါ ဖတ်ရအောင် ဒီမှာထုတ်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာပါ ရေးပါလို့ တိုက်တွန်းဖြစ်တယ်...။

ခေတ်လူငယ်တွေများ သိပ်မြန်တယ်..။ သူတို့စိတ်ပါပြီဆိုရင် ချက်ချင်းထလုပ်တာ...။ သိပ်မကြာဘူး ကွန်ပျူတာစာစီပြီးသား စာမူတစ်အုပ်ယူလာပြီး သူရေးခဲ့တဲ့ အွန်လိုင်းစာတွေကို စုပြီး စာအုပ်ထုတ်မလို့ အမှာစာရေးပေးပါလို့ ပြောလာတယ်...။ သူ့ကလောင်နာမည်က “မြသွေးနီ”တဲ့...။ ရဲရဲတောက်သတ္တိခဲ နယ်ချဲ့ဆန့်ကျင်ရေးသမား၊ တော်လှန်ရေးသမားကြီး ဒေါ်မြသွေးကို အမှတ်တရဂုဏ်ပြုထားတာလို့ ယူဆမိတယ်..။အမှာစာရေးဖို့ သူ့စာလေးတွေကို နှစ်ခေါက်ဖတ်ရတယ်...။ မြန်မာစာအရေးအသားကောင်းလှတဲ့ စာရေးဆရာကြီး ရန်ကုန်ဘဆွေရဲ့ မြေးပီသပါပေတယ်လို့ ချီးကျူးမိတယ်...။ အရေးအသားပြေပြစ်ညက်ညောပြီး မြန်မာစာပီသတယ်...။

ဒီခေတ်မှာ မြန်မာစာကို ပီပီသသရေးနိုင်သူ တော်တော်နည်းတယ်..။ အွန်လိုင်းစာရေးဆရာဖြစ်တဲ့ “မြသွေးနီ” ရဲ့ အရေးအသားဟာ ရောတောသောကော အရောစာမဟုတ်ဘူး..။ ကပြားကကတစ်စာ မဟုတ်ဘူး...။ မြန်မာစာပီသတယ်...။ သူ့စာတွေကို ဖတ်ကြည့်တော့ မြန်မာစာပီပီသသ ရေးတတ်ရုံတင်မဟုတ်ဘူး...။ စာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဖတ်ရင်း သင်းပြန့်ထုံမွှန်းလာတဲ့ မြန်မာရနံ့လေးတွေကိုပါ ရှူရှိုက်မိလာတယ်...။ ဖတ်ပြီး စိတ်တိုရတဲ့ စာမျိုးတွေ မဟုတ်ဘူးလို့ အာမခံရဲတယ်...။

သူ့စာလေးတွေကို “မြသွေးနီ” က “ရသ၀တ္ထုတိုများစုစည်းမှု”လို့ ဆိုထားတယ်...။ ကိုယ်တိုင်ကတော့ ၀တ္ထုတိုဆိုတာထက် အင်မတန်လှပတဲ့ အက်ဆေးလေးတွေကို ဖတ်ရသလိုခံစားမိတယ်...။ ၀တ္ထုတိုဆိုတာက ဇာတ်လမ်း ဇာတ်ကွက် ဒါမှမဟုတ် ဇာတ်ကောင်များရဲ့ စရိုက်သဘာဝကို ကွင်းခနဲကွက်ခနဲမြင်ရအောင် မီးမောင်းထိုးပြသလို ရေးဖွဲ့တဲ့စာလို့ ပြောကြဆိုကြတယ်...။ မြသွေးနီရဲ့ စာလေးတွေက ဇာတ်လမ်းဇာတ်ကွက်ရှိချင်မှရှိတယ်...။ စာရေးသူကလွဲပြီး ဇာတ်ကောင်ပါချင်မှပါတယ်...။ အပိုဇာတ်ကောင်တစ်ဦးမှမပါဘဲ စာရေးသူရဲ့ အမြင်အတွေးတွေကိုပဲ ရေးပြသွားတာမျိုးလည်းရှိတယ်...။ အက်ဆေးဆိုတာ လောကသဘာဝ၊ လူ့သဘာဝကို စာရေးသူရဲ့ ရှုမြင်ခံစားမှုနဲ့ ဆင်ခြင်သုံးသပ်မှုကို ရေးဖွဲ့တဲ့စာလို့ စာပေပညာရှင်များက ဖွင့်ဆိုကြတယ်...။

မြသွေးနီရဲ့ စာလေးတွေက ခပ်တိုတိုအပုဒ်ကလေးတွေမှာတောင် ဆင်ခြင်သုံးသပ်မှုသဘောပါတယ်...။ ဒါကြောင့် အက်ဆေးဖတ်ရသလို ခံစားရတယ်လို့ ဆိုခဲ့တာဖြစ်တယ်...။ အက်ဆေးဆိုတာ အဆင့်မြင့်စာပေအမျိုးအစားတစ်ခုဖြစ်တယ်...။ အွန်လိုင်းစာတွေထဲမှာလည်း ပရော်ဖက်ရှင်နယ် စာရေးဆရာတွေထက် မညံ့တဲ့စာတွေရှိနေပါလားဆိုတာ သိရလို့ အများကြီးဝမ်းသာရတယ်...။ မြသွေးနီရဲ့စာအုပ်ဟာ အင်တာနက်မီဒီယမ်ကနေ ပုံနှိပ်မီဒီယမ်ထဲ ကူးပြောင်းဝင်ရောက်လာမယ့် စာရေးသူတွေအတွက် လမ်းစတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်...။ အလားတူ ဆက်လက်ဝင်ရောက်လာကြဖို့လည်း မျှော်လင့်တယ်...။ နက်တီဇင်ခေတ် လူငယ်တွေရဲ့ အင်အားဖြည့်တင်းမှု မပါဝင်ဘဲနဲ့ နှစ်ဆယ့်တစ်ရာစုထဲကို တိုးဝင်ဖို့ ဘယ်နည်းမှ မဖြစ်နိုင်ဘူးလို့ ယုံကြည်တဲ့အတွက် လူငယ်တွေကို မျှော်လင့်နေတာဖြစ်ပါတယ်....။


လူထုစိန်ဝင်း၁၂-၂-၂၀၁၁


မေတ္တာအားဖြင့်
မိုးငွေ့


10 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မမြသွေးနီရဲ့ လက်ဆောင်စာအုပ်လေးကို အပြန်ကားပေါ်မှာ အစဆုံးဖတ်ဖြစ်တယ် နေပြည်တော်ပြန်ရောက်တော့ ကားပေါ်မှာမေ့ကျန်ခဲ့ရော
သတိရတဲ့အခါ အသည်းသန်ဖုန်းဆက်မေးတော့ ကားဂိတ်က သိမ်းထားပေးကြောင်းသိရတယ်
လက်ထဲကိုစာအုပ်လေးပြန်ရောက်မှပဲ စိတ်အေးတော့တယ် ပြီးတော့ သူများတွေကို ပေးဖတ်ဖြစ်တယ်
ကိုယ့်မိတ်ဆွေ စာရေးဆရာမတစ်ယောက်ရဲ့ လက်ရာကို ဖတ်ကြည့်ခိုင်းဖြစ်တယ်

ရဲထွန်း ဇော် said...

ရန်ကုန်ရောက်ရင် လင်း ကိုလက်ဆောင်ဝယ်ပေးရမယ်နော် ဒါဘဲ ဟွန်း

လွင်ပြင်လှိုင်းငယ် said...

ဘလော့ဂါ မောင်နှမတွေနဲ့ဆုံဆည်းရတော့ ပျော်ဖို့အရမ်းကောင်းမှာပေါ့။

ကိုရင် said...

တွေ့နိုင်သူတွေ တွေ့ကြပါစေ.. :D

နက်တီဇင်ခေတ် လူငယ်တွေရဲ့ အင်အားဖြည့်တင်းမှု မပါဝင်ဘဲနဲ့ နှစ်ဆယ့်တစ်ရာစုထဲကို တိုးဝင်ဖို့ ဘယ်နည်းမှ မဖြစ်နိုင်ဘူးလို့ ယုံကြည်တဲ့အတွက် လူငယ်တွေကို မျှော်လင့်နေတာဖြစ်ပါတယ်...

တော်တော် သဘောကျတယ်..

စံပယ်ချို said...

ပျော်စရာကောင်းမှာတော့အမှန်တကယ်ပါပဲ

လရိပ်အိမ် said...

တွေ့ဖူးချင်တယ်

starlay said...

ပျော်ဖို့ကောင်းလိုက်တာ .. :)

Nyi Linn Thit said...

ဒီလိုမျိုး ဘလော့ဂါ မောင်နှမ အချင်းချင်း ဆုံရတဲ့ ပွဲမျိုးကတော့ တကယ့်ကို အမှတ်တရ နေမှာပဲ၊ ပြီးတော့ စာအုပ်ပါ လက်ဆောင်ရသေးတာ ဆိုတော့ အတိုင်းထက် အလွန်ပေါ့..။း)

ပျိုးယုဝသုန် said...

အေးကွယ် မိုးငွေ့ရယ်.. ဖတ်ကြည့်ရတာနဲ့တင်ပျော်စရာကြီး..

san htun said...

ဆရာကြီးရဲ့  အမှာစာကို ဖတ်ခွင့်ရလို့  ကျေးဇူး မမိုးငွေ့ ...