မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 18 August 2011

တစ်ဦးတည်းသောသမီး မဖြစ်ခဲ့ပါ.....




နို့ညှာမောင်လေး၊ ဒုတိယမောင်လေး၊ မေမေ၊ ကျမနဲ့ ညီမအငယ်ဆုံး(ဘယ်မှညာ)



မောင်မျိုးဘလော့ကိုသွားလည်ရင်း သူ့အစ်မအကြောင်းလေးရေးထားတာတွေ့တော့ ငယ်ငယ်တုန်းက ကျမတို့မောင်နှမတတွေ အတူဆော့ကြ ကဲခဲ့ကြတာတွေကို ပြန်လွမ်းမိသွားတယ်....။ မောင်မျိုးလိုတော့ ကျမက အစ်မတွေ အစ်ကိုတွေမရှိဘူး...။ ကျမတို့မောင်နှမလေးယောက်မှာ ကျမက အကြီးဆုံး ... ကျမအောက်မှာ မောင်လေးနှစ်ယောက်နဲ့ အငယ်ဆုံးက ညီမလေး....။ တကယ်ဆို... ကျမက တစ်ဦးတည်းသော သမီးဖြစ်ရမှာ...။ မေမေက ကျမကိုမွေးပြီး ငါးနှစ်အထိ နောက်ထပ်ကလေးမယူခဲ့ပါဘူး...။ ဟိုအရင်ကတော့ ငါသာတစ်ဦးတည်းသောသမီးဖြစ်ခဲ့ရင်ကောင်းမှာပဲလို့ တကိုယ်ကောင်းစိတ်လေးမွေးမိတယ်...။ တစ်ဦးတည်းသောသမီး သူငယ်ချင်းတွေနဲ့ တွေ့တော့မှသာ သူတို့ဘ၀ ဘယ်လောက်အထီးကျန် ဆန်လည်းဆိုတာ သိလာတယ်ရ...။


ဒီပုံလေးက ၀မ်းကွဲညီမလေး စကာင်္ပူကနေ လက်ဆောင်ဝယ်ပေးခဲ့တာ
ပုစုခရုကလေးလေးမောင်နှမလေးတွေ ချစ်စရာလေး ...



ကျမအသက် လေးနှစ်ကျော် ငါးနှစ်အထိ မေမေက နောက်ထပ်ကလေးမယူခဲ့ဘူး....။ တစ်အိမ်သားလုံးရဲ့ အချစ်တော်အဖြစ် အချိန်ကြာကြာခံခဲ့ရတာပေါ့...။ ကျမအသက် ခြောက်နှစ်နဲ့ ဆယ်ရက်တိတိမှာ မေမေကမောင်လေးကိုမွေးခဲ့တယ်....။ (အဲဒီမောင်လေးအသက်တစ်နှစ်ကျော်မှာပဲ အပြင်းဖျားပြီး ပိုလီယိုပိုးဝင်သွားတာနဲ့ ခြေထောက်တစ်ဘက်ကမသန်တော့တာ ဒီနေ့ထိပါပဲ....။ အရမ်းသနားဖို့ကောင်းပါတယ်.....) နောက်တစ်နှစ်ခြားစီပဲ နောက်ထပ်မောင်လေး တစ်ယောက်နဲ့ ညီမလေးကို ထပ်မွေးခဲ့ပါတယ်..။ အဲဒါနဲ့ စည်စည်ကားကား ပျော်ရွှင်ဖွယ် မောင်နှမလေးယောက် ဖြစ်သွားရော...။ နယ်မှတော့ အသက်ခြောက်နှစ်ကျော် ကလေးတစ်ယောက်အတွက် အငယ်ကလေး တစ်ယောက်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်နေပါပြီ....။ အ၀တ်စရှည်နဲ့ ကျောမှာချီပိုးပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေတာပါပဲ...။ ဗိုက်ဆာမှသာ အိမ်ပြန်လာတာ...။ အဲဒီခေတ်က အိမ်တိုင်းတီဗီ မရှိဘူးလေ....။ ဒါကြောင့် အငယ်တွေကိုထိန်းရင်း တီဗီရှိတဲ့ အိမ်တွေမှာ စနေ...တနင်္ဂနွေမနက် 7:30ဆို ယိုးဒယားလိုင်းကလွှင့်တဲ့ စက်ရုပ်ကားတို့ ခုခေတ်ထိကလေးတွေကြိုက်နေတုန်းဖြစ်တဲ့ ပါဝါရိန်းဂျားတို့ ကာတွန်းကားတို့ သွားသွားကြည့်တယ်...။ သူများအိမ်က တီဗီကိုမပိတ်လိုက်မချင်းမပြန်ဘူး....။

ကျမတို့အိမ်နောက်ဖေးခြံထဲက သရက်ပင်ရှေ့မှာ ရိုက်ထားတဲ့
နို့ညှာမောင်လေးနဲ့ အငယ်ဆုံးညီမလေး


ပျော်စရာအကောင်းဆုံးက ညနေထမင်းစားချိန်လေးပဲ....။ အိမ်ရှေ့ ဈေးခင်းတဲ့ ကွပ်ပျစ်ပေါ်မှာ မောင်နှမတွေ မေမေလာပေးမယ့် ထမင်းဇလုံကိုစောင့်ကြရတယ်....။ ထမင်းဇလုံတစ်ခုထဲမှာ ဆီနဲ့ ငံပြာရည်ဆမ်းပြီးနယ်လိုက်တယ် အသားကြော်က တစ်ယောက်တစ်တုံး....။ ကျန်တဲ့ အငယ်တွေကို ခွံကျွေးရတာ... သုံးလေးယောက်အတူစားလို့ ဒါကြောင့် ထမင်းကို ဇလုံနဲ့ထည့်ပေးရတာ...။ ကျမညီမအငယ်ဆုံးဆို ခုချိန်ထိ ထမင်းစားမကောင်းရင် ကျမကိုပဲနယ်ပြီးခွံကျွေးခိုင်းတာ အဲဒါဆို ထမင်းက တစ်ပန်းကန်ကြီးကုန်ရော...။ ချောင်းရေမှာရေသွားကူးလွန်းအားကြီးလို့ အသားတွေမဲတူးနေရောပဲ....။ မောင်နှမထဲမှာ ဘယ်သူ့ကိုပိုချစ်သလဲလို့မေးရင် အကုန်အတူတူပဲချစ်ပါတယ်...။ ဒါပေမယ့် ခြေထောက်မသန်တဲ့ မောင်လေးကိုတော့ ဂရုဏာပိုမိတာပေါ့....။

ကျမနဲ့ ကျန်တဲ့ မောင်နှမတွေက အသက်နည်းနည်းကွာတော့ ရန်သိပ်မဖြစ်ဘူး...။ သူတို့သုံးယောက်ကသာ အထက်အောက်တစ်နှစ်ခြားစီမို့ မတည့်ကြဘူး....။ တကျက်ကျက်ပဲ...။ ကျမကို ရန်ကုန်မှာ ကျောင်းတက်ဖို့ အဒေါ်ကလှမ်းခေါ်တော့... ကျမအသက်ဆယ့်နှစ်နှစ် ခုနှစ်တန်း....။ ဖေဖေဆုံးပြီး နောက်တစ်နှစ်မှာပဲ ရန်ကုန်ကို ကျောင်းတက်ဖို့ရောက်လာခဲ့တာ...။ ကျမထွက်လာတော့ အငယ်ဆုံးညီမလေးက အသက်သုံးနှစ်ကျော်ပဲရှိသေးတာ........။ ပထမဦးဆုံးအိမ်နဲ့ခွဲခဲ့ရတာ....။ ဘာပြောကောင်းမလည်း ၀မ်းနည်းတာပေါ့.... ငိုတာပေါ့....။ နောက်တော့ ဖေဖေမရှိတာနဲ့ ကျန်တဲ့မောင်နှမတွေကိုလည်း ဟိုအဒေါ်ကတစ်ယောက်ခေါ်လိုက် ဒီအဒေါ်က တစ်ယောက်ခေါ်လိုက်နဲ့ တကွဲတပြားစီဖြစ်ကုန်ရော....။ ကျမဆယ်တန်းအောင်လို့ အိမ်ကိုခြောက်လပြန်နေသေးတယ်..။

နောက်တော့ မေမေက အဒေါ့်ကလေးတွေ စကာင်္ပူမှာ ကျောင်းတက်တာ သွားစောင့်ပေးရတယ်....။ အဲဒီချိန်မှာ အငယ်ဆုံးညီမလေးက ကျမနဲ့အတူရောက်လာပြီ... သူကခြောက်တန်းပေါ့ အဲဒီတုန်းက....။ အဒေါ်တို့အိမ်ကနေပဲ ကျောင်းတက်ခဲ့ရတာ ဘွဲ့ရတဲ့အထိဆိုပါတော့.....။ ကျမတို့မောင်နှမလေးယောက်မှာ ခြေထောက်မသန်တဲ့ မောင်လေးကလွဲလို့ အားလုံးကျောင်းပြီး ဘွဲ့ရခဲ့ကြပါတယ်....။ တတိယမောင်လေးကလည်း စစ်တပ်ထဲက အဒေါ်ခေါ်ထားတော့ သူတို့ နယ်ပြောင်းတိုင်း သူက လျှောက်လိုက်နေရတာကိုး...။ ဒုတိယမောင်လေးကတော့ ကျမတို့ အခုနေတဲ့အိမ်မ၀ယ်ခင်အထိတော့ နယ်မှာ ဆိုင်ကယ်ပြင်တယ် စတစ်ကာကပ်တာလုပ်တယ်....။ မိသားစုအားလုံးစုံစုံလင်လင်နဲ့ အတူပြန်နေရတာဆိုလို့ ခြောက်နှစ်ပဲရှိပါသေးတယ်.....။ ဆယ်နှစ်ကျော် မေမေအလုပ်လုပ်လို့ရတဲ့ ငွေစုပြီး အိမ်ခန်းဝယ်လိုက်တော့မှ မိသားစုအတူပြန်နေခဲ့ကြရတာပါ...။

ခုလည်း ကျမတို့မောင်နှမတွေ စုစုစည်းစည်းပျော်ပျော်ပါးပါးပဲ....။ ကျမဆို အိမ်အလုပ်ဘာမှသိပ်မလုပ်ရဘူး...။ ဒုတိယမောင်လေးက အိမ်အလုပ်ပဲလုပ်တော့ သူပဲ အကုန်လုပ်ပေးတာ ကျန်သုံးယောက်က အပြင်အလုပ်ကိုယ်စီနဲ့ဖြစ်နေတော့...။ နေ့ဘက်ဆို အိမ်မှာ မေမေနဲ့မောင်လေးနှစ်ယောက်တည်းပေါ့....။ ညကျအလုပ်ကပြန်လာရင်း ထမင်းလက်စုံအတူစားကျ ထမင်းစားပြီးရင်လည်း တီဗီရှေ့မှာ နေရာယူပြီး လက်ဖက်တွေ ကော်ဖီတွေ စားစရာမုန့်တွေအစုံနဲ့ ပျော်စရာကြီးပေါ့...။

ဒီတော့မှ ပြန်တွေးမိတယ်.....။ ငါသာ တစ်ဦးတည်းသော သမီးဖြစ်ခဲ့ရင် ခုလိုမောင်နှမတွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေရှိမှာမဟုတ်ဘူးလို့....။ ပြီးတော့ တစ်ဦးတည်းသောသမီးတွေ ဖြစ်လေ့ရှိတဲ့ တစ်ကိုယ်ကောင်းစိတ်တွေ အတ္တစိတ်တွေနဲ့ အထီးကျန်ဆန်စွာ နေထိုင်နေရမှာကို တွေးမိတော့ ....ဘ၀အဆက်ဆက်က အတူပြုခဲ့သမျှ ကုသိုလ်တွေကြောင့် မောင်နှမတွေ အဖြစ်ကြုံဆုံခွင့်ရလာတာကို တွေးမိပြီး ပီတိဖြစ်ရပါတယ်....။


မေတ္တာအားဖြင့်
မိုးငွေ့


13 comments:

blackroze said...

မကြီးမိုးငွေ့
မကြီးတို့မောင်နှမအကြောင်းလေးဖတ်ရတာ..
ညီမလည်းငယ်ဘဝကအကြောင်းတွေကိုသတိရသွားပြီ
ညီမတို့ကညီအစ်မနှစ်ယောက်ဘဲရှိတာ..

အမရယ်..ငယ်တုန်းတကွဲတပြားနေခဲ့ရပေမဲ့
အခုချိန်မှာတူတူပြန်နေရတာ
ပျော်စရာကြီးပါနော်..

ချစ်တဲ့ ညီမ Blackroze

jasmine(တောင်ကြီး) said...

မောင်နှမအကြောင်းလေးတွေဖတ်ရတာ
စိတ်ဝင်စားပါတယ် အရမ်းလဲအားကျမိတယ်
ကျွန်မက တစ်ဦးတည်းသောသမီးဖြစ်နေလို့ပါ။။
ခုတော့ blogs မောင်နှမတွေရနေပါပြီ.....

rose said...

မမိုးငွေ့ရဲ့ မောင်နှမ အကြောင်းလေး ဖတ်ပြီး စိတ်ထဲမကောင်းဘူး။ ငယ်ရွယ်စဉ်မှာ ဖခင်ကြီးကို ဆုံးရှုံးခဲ့ရပြီး မောင်နှမတွေ တစ်ကွဲတစ်ပြားနဲ့ နေခဲ့ရတယ်။ ဘာဘဲဖြစ်ဖြစ် အခု ကြီးတော့ အတူတူ စည်းစည်းလုံးလုံး ပြန်နေနိုင်တာ ၀မ်းသာစရာပဲနော်။ ရို့စ်လည်း သမီးအကြီးဆုံးပဲ။ ညီမအငယ်တွေချည်း ၃ ယောက် ရှိတယ်။

အနှိုင်းမဲ့ said...

ငယ်ငယ်တုန်းက အကြောင်းလေးတွေမဖတ်ရတာ
တော်တော်ကြာပြီ...ပီတိဖြစ်စရာလေးနော်
လူတွေမှာ ကျောင်းသားဘ၀၊ ငယ်ဘ၀အကြောင်းလေးတွေကိုပြန်ပြောင်းသတိတရနဲ့ တွေးကြ၊ ပြောပြရတာပျော်စရာတစ်မျိုးလေးပါ.. အဆိုးတွေပဲဖြစ်ဖြစ်၊ အကောင်းတွေပဲဖြစ်ဖြစ်ပေါ့း)

SHWE ZIN U said...

မိုးငွေ့ ရေ လွမ်းစရာ ညီမ ငယ်ဘဝလေး ကိုဖတ်သွားတယ် အခု ညီမ တို့ ဖေဖေကလွဲ လို့ လူစုံသွားပြီနော် အားလုံး ချစ်ချစ်ခင်ခင်နေကြပါလို့

Mon Petit Avatar said...

This post makes me miss my bro and sis more than I usually do, humm, love them all and love my bros and sis from blogosphere too.

သဒ္ဓါလှိုင်း said...

မောင်နှမတွေရဲ့ဘဝတွေက ပျော်စရာတွေနဲ့အပြည့်ပါမမိုးရယ်။ မမိုးတို့မောင်နှမတွေလည်း ပျော်စရာပဲ။ တဦးတည်းသောသမီးမဖြစ်ခဲ့တာတော့ အကောင်းဆုံးပါ။
ချစ်တဲ့
သဒ္ဓါ

Han Kyi said...

မောင်နှမများတာ ကောင်းတာပေါ့ ဒီတစ်ယောက်နဲ့ရန်ဖြစ် စိတ်ကောက်နေလည်း ပူစရာမလိုဘူး နောက်တစ်ယောက်နဲ့ စကားပြောလို့ရတယ်လေ...တွေးကြည့်ရင်းတောင် ပျော်တယ်...

မောင်မျိုး said...

တကယ် ပျော်စရာလေးတွေပဲ အစ်မရေ့ အစ်မက ကံကောင်းတာပေါ့ တစ်စုတစ်စည်းတည်းနေရတော့လေ ကျနော်တို့ကတော့ အားလုံးမဆုံကြတာကြာပြီးး(

သတိရတယ် အတိတ်ဘ၀ နေ့ရက်များရယ် ။

khin oo may said...

ဖတ်တယ်။

khin oo may said...

ရင်နဲ့ရင်းပြီး။

လင်းခေတ်ဒီနို said...

ဘ နဲ့ ၀ နှစ်လုံးတည်းသာမို့နော် . . . သုံးလုံးလောက်သာဆိုရင် လူတွေလည်း တော်တော် ချာလပတ်ရမ်းမှား)

မအိမ်သူ said...

မောင်နှမများတာကောင်းပါတယ်။ ငယ်ဘ၀လေးတွေအကြောင်းက အမြဲတမ်း အမှတ်တရပါပဲ။ စုစုစည်းစည်း နေခွင့်ရတာ ပျော်စရာပဲနော်။ အမလဲ ငယ်ငယ်က မောင်နှမတွေအများကြီးလိုချင်တာ။ အိမ်မှာလဲ အမကအကြီးဆုံးသမီးပဲ။ အမအောက်မှာ ညီမ၂ယောက်ရှိတယ်။ အမနဲ့ ကွာကြတယ်။ အလတ်နဲ့က ၇နှစ် အငယ်ဆုံးနဲ့က ၉နှစ်။