မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 23 June 2011

မှတ်စု....



ဘုရားကျောင်းက ခေါင်းလောင်းသံ ဒေါင်ဒေါင်ဒင်ဒင်ကြားတိုင်း မင်းကို လွမ်းတယ်....။ ဗဒင်သီချင်းသံကြားလည်း..... မင်းကိုလွမ်းတယ်....(မင်းကသိုးမည်းလို့ခံယူထားလို့လေ)....။ ဟိုနေ့က... M3 မှာ ချမ်းချမ်းသီချင်းဆိုတော့လည်း....လွမ်းရပြန်တယ်ကွယ်...။ မင်းအတွက်(၃)ထဲက မင်းကြိုက်တယ်ဆိုတဲ့ “အဝေးကပဲချစ်မယ့်သူ”ဆိုတဲ့သီချင်းလေး....။ လိုက်ဆိုတဲ့....... ကိုယ့်အသံတွေ တုန်ရင်ကွဲအက် နေလိမ့်မယ်.....။ ပြီးတော့.....လေထဲက အတောင်ပံနဲ့ ပျံနေတဲ့အနမ်းတွေကို လွမ်းလိုက်တာ.......။

အဲဒီနေ့က မင်းခေါင်းသိပ်မူးနေတယ် ဘာလုပ်ရမလဲဆိုပြီး အွန်လိုင်းမှာမေးလာတယ်....။ ကွန်ရှေ့မှာမထိုင်ဘဲ မျက်စိကိုအနားပေး အချိုရည်ဖြစ်ဖြစ်သောက်ထားလိုက် ဒါမှမဟုတ် သကြားလုံးရှိရင်ငုံထားလိုက်လို့ပြောပြီး မင်းအနားယူနေတဲ့အချိန် စက်နဲ့ဝေးဝေးနေ နေတဲ့အချိန်မှာ နားထောင်ဖို့ မင်းအတွက်(၃)ထဲက သီချင်းတွေပို့ပေးလိုက်တယ်....။

အဲဒီနေ့က နေသာတဲ့ တနင်္ဂနွေနေ့....။ ကိုယ်တို့ Romance ရုပ်ရှင်ကားလေးဝင်ကြည့်ကြတယ်....။ မျက်ရည်လွယ်တဲ့ကိုယ့်ကို မင်းကိုင်နေကျ မွေးပွလက်ကိုင်ပုဝါအဖြူရောင်လေးနဲ့ တစ်ဖက်ကသုတ်ပေး တစ်ဖက်ကလည်းကိုယ့်ပခုံးကို ခပ်တင်းတင်းပွေ့ဖက် အားပေးတယ်...။ “ချစ်သည်းက ငိုလည်းလှတာပဲ” လို့ပြုံးပြီးပြောသေးတယ်...။ (ကိုယ့်ကို....ချစ်သည်းလို့ခေါ်တိုင်း “ကညာပျိုနဲ့ဇရာအို”ဇာတ်ကားထဲက ကောလိပ်ဂျင်နေ၀င်း ညဖက် ခင်သန်းနုဆီဖုန်းခိုးဆက်တော့ ခင်သန်းနုကို အိုကြီးတန်မဲ့ ခေါ်တဲ့ပုံကို မြင်ယောင်မိတယ်.... အဲဒီမှာ ကောလိပ်ဂျင်နေ၀င်း ချစ်သည်းလို့ခေါ်လိုက်တဲ့ လေသံက သိပ်မိုက်တာ)။

အဲဒီနေ့က မိုးအုံ့တဲ့ တနင်္ဂနွေနေ့.....။ ကိုယ်တို့ ကော်ဖီဆိုင်တစ်ခုမှာ အတူရှိနေကြတယ်...။ မိုးအေးလို့ ကိုယ်သောက်နေကျ Ice Latte ကိုမမှာတော့ဘဲ Americano အပူနှစ်ခွက်မှာတယ်...။ မင်းနဲ့အတူတူပေါ့....။ ကော်ဖီရောက်လာတော့ ကိုယ့်ကို မင်းက စိတ်ရှည်လက်ရှည် ဖျော်ပေးတယ်....။ မင်း....ကော်ဖီဖျော်ပေးနေတဲ့ ဟန်က ကမ္ဘာပေါ်မှာ ကြည့်လို့အကောင်းဆုံးမြင်ကွင်းတစ်ခုလို့တောင် ကိုယ်ထင်မှတ်သွားမိတယ်...။

အဲဒီနေ့က မင်းမကြိုက်တဲ့ ဒန်ပေါက်ကို ဇွတ်အတင်း...ကိုယ်စားချင်တယ်ပြောလို့.... ဒန်ပေါက်ဆိုင် တစ်ဆိုင်ရောက်သွားတယ်....။ အနိုင်ကျင့်ပြီးမင်းကို တစ်ပွဲကုန်အောင်စားခိုင်းတော့ မစားချင်စားချင်နဲ့ အီလည်လည်ဖြစ်နေတဲ့ မင်းမျက်နှာလေး ချစ်စရာကောင်းလိုက်တာ....။

အဲဒီနေ့က မင်းကိုသနားလို့ မင်းသိပ်ကြိုက်တဲ့ စမူဆာသုပ်ကို ကိုယ်လိုက်ဝယ်ကျွေးတယ်.....။ ၀မ်းသာလို့ တောက်ပသွားတဲ့ မင်းမျက်လုံးတွေကို ကိုယ်ချစ်လိုက်တာ....။

အဲဒီနေ့က ကြေကွဲဝမ်းနည်းစရာတစ်ခုကြောင့် မင်းမျက်ရည်ကို ကိုယ်မြင်ခွင့်ရလိုက်တယ်....။ ကိုယ့်ပခုံးပေါ်မှာ ယောက်ကျားတစ်ယောက်ရဲ့ မျက်ရည်စွန်းထင်းသွားလိမ့်မယ်လို့ ကိုယ်တစ်ခါမှမတွေးခဲ့ဖူးဘူး...။ မင်းကျောပြင်ကို ပွတ်သပ်ချော့သိပ်လို့ ကိုယ်ပါ မျက်ရည်ဝဲခဲ့ရတယ်....။

အဲဒီနေ့က မင်းကိုယ့်ကို သီချင်းတွေအများကြီးဆိုပြတယ်.........။ ကိုယ်ကြိုက်တဲ့ အစ္စဏီရဲ့သီချင်းက........ မင်းအသံနဲ့ သိပ်လိုက်ဖက်တာပဲ.......။ (ကိုယ့်ဆီကို ဘယ်တော့မှာ ရောက်မလာတော့မှာမို့ အတိုးချပြီး ဆိုပြနေသလား)

အဲဒီနေ့က အပြာရောင်တနင်္ဂနွေနေ့....။ မင်းနဲ့ဘုရားကျောင်းလိုက်သွားတယ်....။ ဘုရားကျောင်းခုံတန်းမှာ ဒူးထောက်ပြီး လက်အုပ်ချီ မျက်စိမှိတ် ဘုရားအာရုံပြုနေတဲ့ မင်းပုံစံလေး ကိုယ့်မျက်စိထဲကမထွက်ဘူး....။ ပြီးတော့ အဲဒီနေ့က ချိုမြိန်တဲ့ အနမ်းလေးတွေကိုလည်း ကိုယ်ဘယ်တော့မှမေ့မှာမဟုတ်ဘူး....။

အဲဒီနေ့က မိုးတွေသည်းလိုက်တာ....။ ကောင်းကင်ကြီးလဲ မဲမှောင်လို့....။ အငြိုးကြီးစွာ မိုးထစ်ချုန်းသံတွေကလည်း ကြောက်စရာ.......။ ညတုန်းကလည်း အိပ်မက်မကောင်းဘူး......။ မင်းနဲ့ကိုယ် ရေစီးသန်တဲ့ ချောင်းတစ်ခုမှာ ဟိုဖက် ဒီဖက်ခြားနေကြတယ်....။ မကောင်းတဲ့ အတိတ်နိမိတ်များလား....။ မင်းကိုယ့်ကို ၀ယ်ပေးထားဖူးတဲ့ အဖြူရောင်ပုဝါလေးကလည်း မင်းလက်ထဲမှာ.....။ ပြီးခါကျတော့ မင်း အစိမ်းရောင်မြက်ပင်ရှည်ကြီးထဲ ပျောက်ကွယ်သွားတယ်....။

အဲဒီနောက်......အဲဒီနောက်.............. မင်းကိုယ့်ဆီရောက်မလာတော့ဘူး........................................။

အဲဒီလို အမှတ်တရတွေ အများကြီးထားခဲ့ပြီးမှ.... ကိုယ့်အနားကနေ ကိုယ်ယောင်ဖျောက်သွားခဲ့တယ်.............။

မင်း.......ဘယ်ဆီမှာလဲ အိန်ဂျယ်........။

ကိုယ့်ကို ရှောင်ပုန်းနေတဲ့သူတစ်ယောက်ကို လိုက်ရှာဖို့ ကိုယ်မကြိုးစားတော့ပါဘူး......။ မင်းဆီမှာ ခိုင်လုံတိကျတဲ့ အကြောင်းပြချက်တစ်ခုရှိနေမှာပါ.....။

ဒီနေ့..... မင်းကို လွမ်းဆွတ်လွန်းလို့ နီကိုလပ်ကေ့ခ်ျနဲ့ မက်ရိုင်ယမ် သရုပ်ဆောင်ထားတဲ့ City Of Angel ကားဟောင်းလေးကို ထိုင်ကြည့်ဖြစ်တယ်....။ အတောင်ပံသေးသေး ကြည်ကြည်လေးတွေပါတဲ့ ကလေးကာတွန်းကား Fairy Tales ထိုင်ကြည့်ဖြစ်တယ်......။ ချစ်စရာ အတောင်ပံလေးတွေနဲ့ ကာတွန်းရုပ်ကလေးတွေကို သဘောကျလို့ အသံထွက်ရယ်မိတယ်....။ ကိုယ့်ရယ်သံတွေ မျက်ရည်နဲ့ရောပြီး အက်ကွဲနေလိမ့်မှာ....။ ခုတော့ မင်းအမှတ်တရထားခဲ့တဲ့ ဆုပ်ကိုင်လို့ရတဲ့ အရာတွေက အဖြူရောင်ခြုံပုဝါတစ်ထည်.... အဖြူရောင်ပိုက်ဆံအိတ်သေးသေးတစ်ခုနဲ့ ကော်ဖီကြိုက်တဲ့ကိုယ့်ကို အဖြူရောင်ကော်ဖီမဂ်ခွက်လေးတစ်လုံး ......။

မိုးငွေ့

7 comments:

သဒ္ဓါလှိုင်း said...

လွမ်းစရာကောင်းလိုက်တာမမိုးရာ။
ဘာဖြစ်လို့များ ပျောက်သွားပါလိမ့်...

SHWE ZIN U said...

ပျောက်သောသူ ရှာရင်တွေ့တဲ့

khin oo may said...

ကိုယ့်ရယ်သံတွေ မျက်ရည်နဲ့ရောပြီး အက်ကွဲနေလိမ့်မှာ....။

khin oo may said...

မင်း.......ဘယ်ဆီမှာလဲ အိန်ဂျယ်........။

ပန်းချီ said...

လွမ်းမောစရာ၊ ချစ်စရာ မှတ်စုလေး..

မိုးငွေ့...... said...

ကျေးဇူးမမကွန်....ထူးထူးဆန်းဆန်း “မှတ်စု”ထဲ ကိုအရောက်လာခဲ့တဲ့အတွက်....။ မိုးပန်းချီ>>လာလည်တဲ့အတွက် ကျေးဇူးပါ...။

ရင်ထဲက မေတ္တာ said...

ဒီစာလေးဖက်ပြီး စိတ်တော်တော်ကို ထိခိုက်မိပါတယ်
တကယ်ဖြစ်ရပ်မှန်လေးလို့  စိတ်က ခံစားရင်
ကိုယ်တိုင်ဝမ်းနည်းပက်လက်ဖြစ်ပြီး
ပြန်သွားရတဲ့ ပိုစ်တစ်ခုမို့  စာရေးချန်ခဲ့လိုက်မိတာပါ
ပြန်လာမယ့် တွေ့ရှိပါစေ