မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 19 May 2011

ကိုယ့်ရဲ့ လေပြေ



လေပွေသေးသေးလေးတစ်ခုကြောင့် ကုက္ကိုရွက်ခြောက်လေးတွေ ချလပတ်ရမ်းလည်နေတာ

ကြည့်လို့ကောင်းလိုက်တာ ......။

ခုလိုဆောင်းရာသီ ချမ်းချမ်းစီးစီးမှာ အိမ်ရှေ့မြေသလင်းပြင်က ကြွေကျတဲ့ ကုက္ကိုရွက်တွေကို

တံမြက်စည်းကြမ်းနဲ့စုလှဲ…တစ်နေရာမှာပုံပြီး မီးရှို့…..။

မီးခိုးရောင်ခပ်မှိုင်းမှိုင်းသန်းနေတတ်တဲ့ ဆောင်းရာသီမှာ သစ်ရွက်မီးရှို့တဲ့အနံ့နဲ့မှ

ပိုပြည့်စုံသွားသလိုလို…။ အိမ်ရှေ့ကပျဉ်လေးမှာ မီးဖို ခေါပုတ်လေးကင်စားလိုက် မီးလုံလိုက်နဲ့ အဲဒီဓလေ့တွေကို

လွမ်းဆွတ်တမ်းတမိပေမယ့်လဲ ဘယ်တော့မှပြန်မရနိုင်တော့…။ ကန်ရေပြင်ပေါ်က လှိုင်းကြက်ခွတ်လေးကို

ငေးမောရင်း ကိုယ်ငယ်ငယ်တုန်းက အချိန်ကိုသတိရမိသွားတာပါ…။


တကယ်တော့ အများအမြင်မှာဘ၀ကို သာသာယာယာကလေး ဖြတ်သန်းခဲ့ရတယ် ဆိုပေမယ့်လည်း

ကိုယ့်ကတော့ အဲလိုမထင်ပါဘူး…။ လူတိုင်း ဘ၀မုန်တိုင်းထန်ချိန် လေနီကြမ်းတိုက်ခတ်ချိန်တော့

ကြုံဆုံခဲ့ကြဖူးစမြဲပါပဲ….။ လေတိုက်နှုန်းမြင့်တာနဲ့ နိမ့်တာပဲကွာမှာပါ…။ ဘ၀မုန်တိုင်းထန်ခဲ့ချိန်

ပင်လယ်မျက်ရည်ဝေခဲ့ချိန်တွေကို ကျော်ဖြတ်လာခဲ့ဖူးတဲ့နောက်မှာ… ကိုယ်အတွက်

လေနုအေးတွေစတင်တိုက်ခတ်လာခဲ့မယ် ကိုယ်ထင်ပါတယ်…။

ဒါပေမယ့် လေနုအေးဆိုတာကို မသိခဲ့ဖူးသူကိုယ့်အတွက်တော့ ဘယ်ချိန်မှာ လေနုအေးလေး

တိုက်ခတ်သွားသလဲ ကိုယ်သိလိုက်မှာမဟုတ်ပါဘူး…။ တကယ်တမ်းလည်း မသိခဲ့ပါဘူး….။


ခုချိန်မှာ ကိုယ်နားလည်သိရှိခံစားနေမိတာကတော့ လတ်ဆတ်တဲ့ လေပြေလေးတစ်ခုပါပဲ…..။

လေပြေစတင်ဝင်ရောက်လာခဲ့တဲ့အချိန်ကစပြီး ကိုယ့်ဘ၀လေး သာယာကြည်နူးဖွယ် ကောင်းလာတယ်..။

ဟိုအရင်ခါတွေက နေချင့်စဖွယ်မကောင်းပါလားလို့ ထင်ခဲ့မိတဲ့ ကမ္ဘာလောကကြီးတောင်

ပြောင်းလဲစိမ်းလန်းလို့….ကိုယ်တောင် မက်မောတွယ်ဖက် တတ်လာတယ်….။ အဲဒါ……………လေပြေရဲ့

ဆွဲဆောင်မှုကြောင့်လို့ ကိုယ်ထင်ပါတယ်…….။ လေပြေဟာ ကိုယ့်ဘ၀ရဲ့ အပူပင်တွေအားလုံးကို

ငြိမ်းအေးသွားအောင်စွမ်းဆောင်နိုင်တယ်…။


တခါတခါလေပြေဟာ ကိုယ့်ကို လှပကျယ်ပြန့်ပြီး မွှေးပျံ့တဲ့ ပန်းခင်းတစ်ခုထဲကို ခေါ်ဆောင်သွားတတ်တယ်…..။

အေးစိမ့်ကြည်လင်တဲ့ တောင်ကျရေတွေဆီ ခေါ်ဆောင်သွားတတ်တယ်…။

လတ်ဆတ်တဲ့ စပါးခင်းစိမ်းစိမ်းတွေထဲ ခေါ်ဆောင်သွားတတ်တယ်။

လှိုင်းလုံးဖြူဖြူ ရေပြာပြာတွေဆီခေါ်ဆောင်သွားတတ်တယ်….။

တံမြက်စည်းပင်တွေဝန်းရံနေတဲ့ ရေစီးသန်တဲ့ မြစ်ကမ်းနဘေးဆီ ခေါ်ဆောင်သွားတတ်တယ်…။

ပုဝါတွေ ဆံနွယ်တွေလွင့်ပျံနေတတ်တဲ့ တောင်ထိပ်ဖျားတွေဆီ ခေါ်ဆောင်သွားတတ်တယ်..။

ဗိုက်ထဲဂွီခနဲအသံမြည်လာအောင်… စားချင်ဖွယ်ရာများနဲ့ မီးဖိုဆောင်ထဲလည်း

ခေါ်ဆောင်သွားတတ်သေးတယ်…။


ကိုယ်ကတော့ လေပြေခေါ်ဆောင်ရာနောက်ကို ပုဝါပါးတစ်စလို့ လွင့်မျောလိုက်ပါလို့…….။

တလောကလုံးမှာကိုယ်ရယ် လေပြေလေးရယ်ပဲ… ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲ..။

ကိုယ်စဉ်းစားကြည့်မိတယ်….

အဲဒီတောင်ထိပ်ဖျားကနေ ကိုယ်ရယ် ပုဝါပါးလေးရယ် လေပြေရယ်…အတူတူ…. ဟိုးးး

အစိမ်းရင့်ရောင်တောအုပ်တွေဆီ ထိုးခွဲဆင်းချသွားရင် ဘယ်လိုနေမလဲလို့…။ ကိုယ်နဲ့အတူ

လေပြေလေးလိုက်ခဲ့ပါ့မလား ပုဝါလေးကရောကိုယ်နဲ့အတူပါမလာဘဲ… အခြားတနေရာကိုလွင့်သွားမလား…..။


note: မသက်ဝေရဲ့ “လေပြေအလာ”အက်ဆေးကိုဖတ်ပြီး ပြန်ရေးဖြစ်တဲ့ မိုးငွေ့ရဲ့ လေပြေဖြစ်ပါတယ်....။


မိုးငွေ့


6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လေပြေနုထွေး အေးစိမ့်စိမ့်လေးကို သဘောကျတယ်
နာဂစ်လို လေကြမ်းရိုင်းကိုတော့ မုန်းမိပါတယ်
အက်ဆေးလေး လှတယ်

ချစ်ခြင်းအလင်္ကာ said...

မချောပြောသလိုပဲ..လေပြည်နုထွေးလေးကိုချစ်တယ်...လေကြမ်းလာရင်တော့..စောင်ခြူံထဲဝင်ကွေးမယ်
း)..............

အနှိုင်းမဲ့ said...

လေပြေ..လို့ပြောရတာတော့ သိပ်အရသာရှိတာပဲ
ဒါပေမယ့်...လေပြေတိုင်းတော့ မအေးချမ်းနိုင်ဘူးဗျ
အဲလိုမအေးချမ်းနိုင်တဲ့ အရာတွေရှိတယ်ဆိုတာကို
ဖော်ထုတ်ရေးချပြရင် ကောင်းမှာပဲ :)

မိုးငွေ့...... said...

မယ်နှိုင်းရယ် မအေးချမ်းနိုင်တဲ့ လေပြေရှိတယ်ဆိုတာ ညည်းမှာပဲရှိတာလေ ညည်းရေးပြမှရမှာ....။

SHWE ZIN U said...

ညီမ ရဲ့ လေပြေကလေး ကလည်း လှပ နူးညံ့ ပါတယ်ဗျာ

အဖြူရောင်နတ်သမီး said...

မမိုး...
အက်ဆေးလေးအရမ်းလှတယ်...
အရမ်းသတိရနေတယ် သိလား.. မမိုးနဲ့အပြင်မှာတွေ့တာ နောက်လဆိုရင် ၁နှစ်ပြည့်တော့မယ်လေ(မှတ်မိသေးလား)
အားလုံးကို အရမ်းသတိရနေပါသည်။