Friday, 31 December 2010

ပုဇွန်မြေအိုးခေါက်ဆွဲ...









2011 နှစ်သစ်ကို ချီတက်ဖို့.... 2010ရဲ့...ဒီဇင်ဘာနောက်ဆုံးရက် 31ရက်နေ့ကို ကျမက ပုဇွန်မြေအိုးခေါက်ဆွဲပေါင်းလေးနဲ့ တည်ခင်းချင်ပါတယ်...။ နှစ်သစ်ရဲ့နေရောင်ခြည်နုနုဆီ ရှေ့ဆက်ဖို့ နှစ်ဟောင်းကို နွေးထွေးစွာ နှုတ်ဆက်တဲ့သဘောနဲ့ ဒီလို ချမ်းချမ်းစီးစီး ရာသီလေးမှာ ကျမရဲ့ ပုဇွန်မြေအိုးခေါက်ဆွဲ ပူပူနွေးနွေးလေးနဲ့ ပနံသင့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...။

ပထမဆုံး ဂျုံခေါက်ဆွဲကို ပြုတ်ပြီး ကြက်သားတောက်တောက်စင်းထားတာနဲ့ အရင်ကြော်ထားပါတယ်...။ ပုဇွန်တွေကို ရေစင်စင်ဆေး ကျောခွံကို ကပ်ကြေးနဲ့ညှပ်ပြီး အညစ်အကြေးတွေကိုထုတ်ရပါမယ်...။ မြေအိုအောက်ခြေကို နံနံပင်အမြစ်ခင်းမယ်... ပုဇွန်တွေကိုစီထည့်မယ်... ကြော်ထားတဲ့ခေါက်ဆွဲထည့် မုန်ညင်းဖြူ နဲ့ဥနီထည့် ကြက်သားမှုန်လေး နဲ့ ရေနွေးမဆိုစလောက်လေးထည့်ပြီး မီးနဲနဲလေးနဲ့ မီးဖိုပေါ် အများဆုံး ဆယ်မိနစ်လောက်တင်ထားပြီးရင် အိုချပြီးစားလို့ရပါပြီ....။

မိုးငွေ့

Thursday, 23 December 2010

လက်ဆောင်....














ဒီနေ့ ၂၃ ရက်နေ့ ကိုယ်တို့နှစ်ယောက်ရဲ့ ဆယ့်တစ်နှစ်မြောက်နေ့လေး..... သူ့အတွက်ကိုယ် အမှတ်တရ အက်ဆေးလေး တစ်ပုဒ်ရေးထားတယ်.....။ ကိုယ်တို့ ကော်ဖီအတူသောက်ကြဖို့ရှိတယ် ဒီည...။


Tuesday, 21 December 2010

ရှမ်းပြည်ကလက်ဆောင်


မုန်ညင်းချဉ် ၊ ပါပလာလို အချပ်လေးနဲ့က သရေပွကြော်လိုပဲ ၀က်အရေခွံကိုကြိတ်ပြီး အချပ်ကလေးတွေ ပြန်လုပ်ထားတာ မီးမျှင်းမျှင်းလေးနဲ့ ကင်စားရတယ်...။ ကောက်ညှင်းကျည်တောက်ကတော့ အုန်းနို့နဲ့ မြေပဲဆံပါတယ် ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့...။ နောက်ခေါပုတ်ချပ်...။ အုန်းသီးနုကို မီးဖုတ်ပြီး အခွံခွာထားတာ...။ အုန်းရေလေးက ရိုးရိုးအုန်းစိမ်းရေလိုမဟုတ်ဘဲ မီးဖုတ်ထားတဲ့အနံ့သင်းသင်းလေးနဲ့ ချိုပြီး သောက်လို့ ကောင်းတယ်...။ ဒီမနက်တော့ ခေါပုတ်ကို တောမှာလိုမီးသွေးမီးမဖိုနိုင်တော့ ခေါပုတ်ကို ကပ်ကြေးနဲ့ညှပ်ပြီး ပန်းကန်ထဲထည့် Microwave ထဲနွှေးလိုက်တယ်...။ မီးကင်ထားသလိုပဲ စားကောင်းတယ် နို့ဆီနဲ့တို့စားတာ...။




မျှစ်ဒုက္ခ ၊ ရှမ်းဝက်အူချောင်း ၊ မကျည်းသီးမှည့်အချို ၊ ယိုးဒယားငရုတ်သီးထောင်း....။ မျှစ်ဒုက္ခဆိုတာက ငါးဒုက္ခကလာတာ...ရှမ်းပြည်မှာ အဲဒါကို ကောက်ညှင်းပေါင်းနဲ့စားကြတယ်...။ ငါးခူကို ကျောကခွဲပြီး အူထုတ် ငရုတ်သီးထောင်းပြီး အစာသွပ် ထက်ပိုင်းချိုးပြီး နှီးနဲ့တုပ် ဆီများများထဲထည့်ကြော်...။ မျှစ်လဲဒီလိုပဲ မျှစ်ပြုတ်ထားပြီးသားကို အပ်လေးနဲ့ အမျှင်လုပ်လိုက်တယ် အရင်းကနေခွဲပြီး အထဲမှာ ငရုတ်သီးထောင်းထည့် ပြန်ခေါက်ပြီး နှီးနဲ့ချည် ဆီပြန်ကြော်... ဒါပါပဲ...။ ၀က်အူချောင်းကတော့ အထဲမှာ နနွင်း စပါးလင် ငရုတ်သီးပါတယ်။

မိုးငွေ့

Thursday, 16 December 2010

ဂျုံဆီချက်

မသဲမကွဲမြင်သူများအတွက်

သဲသဲကွဲကွဲမြင်နိုင်သူများအတွက်


ညထမင်းလွတ်တယ်လေ...အဟဲ ဗိုက်ဆာတော့ ခေါက်ဆွဲသုပ်စားတယ်( ဘာမှမထူးဘူးနော် ၀ိတ်ချတာ )...။
ဗိုက်ထဲက တဂွီဂွီမြည်လာတော့ မီးဖိုထဲဝင် ရှိတဲ့ ဂျုံခေါက်ဆွဲစည်းလေး တစ်စည်းပြုတ်လိုက်တယ်...။ ဆီချက်က ချက်ထားပြီးသား...။ ပန်းကန်ထဲကို ဆီချက်ထည့် မြေပဲဆံထောင်းထားတာထည့် ငရုတ်ကောင်း ပဲငံပြာရည်အနောက် ငါးငံပြာရည် သကြား ပြီးတော့ ပြုတ်ထားတဲ့ ဂျုံခေါက်ဆွဲထည့်မွှေလိုက် ကြက်သွန်မိတ်လေးဖြူးလိုက် စားလို့ရပြီဒါဆို...။ အအီပြေလိမ္မော်ရည်လေးနဲ့....။ အချဉ်ဖတ်နဲ့မစားချင်လို့...။

မိုးငွေ့

ကြက်ရိုးမျှစ်ချဉ် ဟင်းနုနွယ်ရွက်ကြော်နဲ့ ငါးပိထောင်းတို့စရာ

နေပြည်တော်အပြန်လက်ဆောင်မျှစ်ချဉ်ဗူး


ရုံးယူသွားဖို့ချိုင့်ထဲထည့်ထားတဲ့ မျှစ်ချဉ်ဟင်း







ပုံတွေကြည့်ပြီး သရေယိုနေကြပြီလား....။ ရုံးက၀န်ထမ်းတစ်ယောက် နေပြည်တော်သွားတာ အပြန် မျှစ်ချဉ်ဝယ်လာတယ်...။ ဒါနဲ့ ရုံးကသူတွေ တစ်ရုံးလုံးအတွက် ကျမကို မျှစ်ချဉ်ဟင်းလေး ချက်ခိုင်းကြပါတယ်..။ ခြေလေးချောင်းမစားတဲ့သူက နှစ်ယောက်ဖြစ်နေတော့ ကြက်သားနဲ့ချက်ပေးပါတဲ့...။ ကြက်ရိုးများများ ကိုက်ချင်ကြတယ်ဆိုလို့ ညနေရုံးကအပြန် ကြည့်မြင်တိုင်ညဈေး ပြေးပြီး ကြက်တစ်ကောင်နဲ့ ခေါင်းလည်ချောင်းခြေထောက် တစ်ထောင်ဖိုးဝယ်လိုက်တယ်...။ အရွက်လေးပါကြော်ပေးမှပါဆိုပြီး လိုက်ကြည့်တော့ ဟင်းနုနွယ်ရွက်တွေက နုဖတ်နေတော့...အဲဒါသုံးစည်း ၀ယ်လိုက်တယ်...။ ဟင်းနုနွယ်ထဲ ထည့်ကြော်ဖို့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးတောင့်ရှည်အပွရယ်...မျှစ်ချဉ်ဟင်းက ငါးပိထောင်းနဲ့လိုက်တယ် ဆိုလို့...တို့စရာ သရက်သီးနဲ့ ခရမ်းကျွတ်သီးပါဝယ်ခဲ့တယ်...။

ပါဝင်ပစ္စည်းများ

မျှစ်ချဉ်တစ်ထုပ်
ကြက်ရိုး
ကြက်သွန်နီ ငါးလုံး
ကြက်သွန်ဖြူ ငါးမွှာ
ငရုတ်သီးအရောင်မှုန့်နှစ်ဇွန်း
နနွင်း တစ်ဇွန်း
ဆီ ဆယ့်ငါးကျပ်သား

ဝယ်လာတဲ့ ကြက်သားတွေအရိုးတွေကို ရေနဲ့သန့်သန့်လေးဆေးပေးနေချိန်မှာ မျှစ်ချဉ်ကိုပြုတ်ထားပါ...။ ဒီမျှစ်ချဉ်က အချဉ်တော်တော်စူးပါတယ် သုံးရေလောက်ပြုတ်ပြီး သွန်ပစ်ရတယ်....။ ပြုတ်ပြီးသား မျှစ်ချဉ်တွေကိုရေစစ်ထား...။ ကြက်သွန်ဖြူနီကို ညက်ညက်ထောင်းထား...။ မျှစ်ချဉ်ဖတ်တွေက ထူထူထဲထဲကြီးတွေမို့ ဓါးပြားနဲ့ ခပ်စောင်းစောင်းပါးပါးလေးပြန်လှီးပါတယ်...။ အိုးထဲကို မျှစ်ချဉ် ကြက်ရိုး ကြက်သွန်အနှစ်ထောင်း ငရုတ်သီး ဆီရောထည့် မီးဖိုပေါ်တင်ပြီးလုံးချက်ပါတယ်....။ ဆီပြန်လာတဲ့အထိ မွှေပေးပြီးမှ လိုသလို ရေနွေးထည့်ပါတယ်....။ မျှစ်ချဉ်ဟင်းရဲ့သဘောအရ ဒီနေ့ချက်ပြီး နောက်နေ့စားမှပို စားကောင်းပါတယ်...။ ဟင်းအိုးကို မီးမျှင်းမျှင်းလေးနဲ့ ခပ်ကြာကြာတည်ထားတယ်.....။ ကြက်ရိုးတွေ နူးပြဲပြီး အရည်လေးက ချိုချဉ်ငံလေးဖြစ်သွားပြီဆို အိုကေပြီ....။

ဟင်းနုနွယ်ရွက်ကြော်နည်းလေးလဲ လွယ်ပါတယ်....။ ဟင်းနုနွယ်ကို သင်ပြီးရေစင်စင်ဆေး စစ်ထား..။ ဆီပူအိုးထဲကို အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းပွကို ထည့်ကြော် မွှေးလာရင် ဟင်းရွက်တွေထည့်လိုက်...နွမ်းသွားတဲ့အထိမကြော်ရပါဘူး ခပ်စိမ်းစိမ်းလေးနဲ့ ဟင်းရွက်ကလေး အိလာရင် ရပါပြီ...။ ငါးပိထောင်းကတော့ အထူးတလည်ပြောပြမနေတော့ဘူး ....။ အဲဒီနေ့တော့ ရုံးမှာ ထမင်းမှိန်လိုက်ကြတာ....အမြဲ....ဆိုင်ထမင်းဟင်းနဲ့ပဲညားနေတာကြာတော့ အိမ်ချက်လေးကို သဘောတွေ့ မနှောခွေ့နေကြပါတယ်......။ နောက်နေ့တွေ ကျမလက်ရာကိုစွဲပြီး ထပ်ချက်ခိုင်းရင်တော့ အလုပ်ပြောင်း ရတော့မယ် မဖြစ်ဘူး....။

မိုးငွေ့

တရုတ်ထမင်းကြော်



ဒါကတော့ Asian rice cook စာအုပ်ထဲက ဖတ်ပြီး မနက်စာစမ်းကြော်စားကြည့်တာ....။ သူ့ထဲမှာတော့ ငရုတ်ကောင်းမှုန့်မထည့်ပေမယ့် ကျမ ထမင်းကြော်လေးမှာတော့ ငရုတ်ကောင်းလေးဖြူးလိုက်တယ်...။ ငရုတ်ကောင်းနံ့ မွှေးပြီး ပဲငံပြာရည် ကြက်ဥ အရသာလေးနဲ့ တစ်မျိုးစားကောင်းတယ်....။ ကြော်နည်းလေး ပြောပြမယ်နော်...။


ပါဝင်ပစ္စည်းများ

၁)အအေးခံထားတဲ့ ထမင်း လေးယောက်စာ
၂)၀က်အူချောင်း သုံးချောင်း(တစောင်းလေးပါးပါးလှီးထား)
၃)ကြက်ဥ နှစ်လုံး
၎)ပဲစိမ်း မုန်လာဥနီ ပြောင်းဖူးစေ့ 100 ဂရမ်
၅)ကြက်သွန်မိတ်ပါးပါးလှီးထားတာနည်းနည်း
၆)ကြက်သွန်ဖြူနှစ်မွှာ
၇)တရုတ်ပဲငံပြာရည် လက်ဘက်ရည်ဇွန်းနှစ်ဇွန်း
၈)ငရုတ်ကောင်းအနည်းငယ်
၉)ဆီ+ဆား+ကြက်သားမှုန့်


ဝက်အူချောင်းကိုကြော်ပြီး ပန်းကန်ထဲခဏထည့်ထား...။ ဆီပူအိုးထဲကို အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ထည့်ကြော် မွှေးလာရင် ကြက်ဥနှစ်လုံးဖောက်ထည့် ပြီးတာနဲ့ ထမင်းထည့်ပြီးမွှေပါ...။ ပြီးတာနဲ့ ကြက်သားမှုန့် ဆား ပဲငံပြာရည်ထည့်ပြီး ထမင်းအရောင်လေးညီလာအောင်မွှေပေး... အိုကေပြီဆိုရင် ပဲစိမ်း မုန်လာဥနီနဲ့ ပြောင်းဖူးစေ့လေးတွေကိုထည့် ၀က်အူချောင်းထည့် ငရုတ်ကောင်းဖြူးပြီး ဆက်မွှေပေးပါ.... အိုးချခါနီကျ ပါးပါးလှီးထားတဲ့ ကြက်သွန်မိတ်လေးထည့်ပြီးရင် သုံးဆောင်လို့ရပါပြီလေ....။ တွဲဖက်စားသုံးရမယ့် ကြက်သွန်ချဉ်လုပ်နည်းကလည်း အလွယ်လေးက မထူမပါးလှီးထားတဲ့ ကြက်သွန်နီကိုရေဆေး ကြက်သွန်ဖြူ ပါးပါးလှီးထည့် ငရုတ်သီးစိမ်းထည့် ဆားဖြူးပြီး ငရုတ်ဆီကိုအပေါ်ကလောင်းထည့်လိုက်ရပြီ...။

မိုးငွေ့

Wednesday, 15 December 2010

ကိုးရီးယားခေါက်ဆွဲပြုတ်






ကိုယ်တိုင်လုပ်ခေါက်ဆွဲမဟုတ်ပေမယ့် ကိုယ်တိုင်ပြုတ်ထားတာပါ....။ မောင်လေးတစ်ယောက်ကညွှန်းလိုက်တာ ဒီခေါက်ဆွဲထုပ်လေးစားကောင်းတယ်တဲ့...။ ဒါနဲ့ ဒီနေ့မနက်စာကို ထမင်းရှိလျက်နဲ့မကြော်စားဖြစ်ဘဲ ခေါက်ဆွဲပြုတ်စားလိုက်တာ... ရွှေပဲရွက်ကလေးထည့်လိုက်တော့...အရသာက ရှမ်းခေါက်ဆွဲလိုလို ဘာလိုလိုနဲ့...။ စပ်တော့နည်းနည်းစပ်တယ်...။ အဲဒါစားပြီး ကော်ဖီတစ်ခွက် သောက်လိုက် ရတယ် ပူစပ်စပ်ဖြစ်နေလို့...။

မိုးငွေ့

Saturday, 11 December 2010

ဝက်သားချဉ်နဲ့ကြက်ဥကြော်



ဝက်သားချဉ်ချောင်းလေးကို ကြက်ဥနဲ့ပင်စိမ်းလေးနဲ့ကြော်မယ်....။ ကျမတို့ငယ်ငယ်က တာချီလိတ်ဟိုဘက်ကမ်း မယ်ဆိုင်မှာရောင်းတဲ့ ဗီယက်နမ်လုပ် ၀က်သားချဉ်ဆိုခုလို ပလပ်စတစ်နဲ့မဟုတ်ဘူး...။ ဖက်နဲ့ထုပ်ထားတာ... လက်ချောင်းလောက်လေးတွေ... ဒီတိုင်းကိုက်စားလို့ရတယ်....။ အမှန်တော့အချဉ်တည်ပြီးသွားပြီ ဆိုတော့အသားက ကျက်နေပါပြီ...။ ကြက်ဥထည့်ကြော်ရတာကတော့ အချဉ်လေးကိုနည်းနည်း ထိန်းပေးသွားတဲ့ သဘောပါပဲ...။ စားကောင်းတယ် ...ကြော်စားကြည့်ပါ...။

ပါဝင်ပစ္စည်းများ

၁) ၀က်သားချဉ်
၂)ကြက်ဥတစ်လုံး
၃)ကြက်သွန်ဖြူနှစ်မွှာ
၎)ဆီထမင်းစားဇွန်းသုံးဇွန်း
၅)နနွင်းအနည်းငယ်
၆)ပင်စိမ်းရွက်တစ်စည်း

ဒယ်ထဲကိုဆီထည့် ဆီပူလာရင် အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး နနွင်းနည်းနည်းပါရုံလေးထည့် ကြက်သွန်ရွှေဝါရောင်သန်းလာရင် လှီးထားတဲ့ ၀က်သားချဉ်ကိုထည့်ကြော်ပါ... သိပ်မမွှေပါနဲ့ အသားတွေကြေကုန်မှာစိုးလို့ပါ...။ အသားနဲနဲခြောက်လာရင်တော့ ကြက်ဥထည့်လိုက်ပါ ချခါနီးပင်စိမ်းအုပ်လိုက် ဒါဆို... အချဉ်အရသာနဲ့ ကြက်ဥအဆိမ့်အရသာနှစ်မျိုးကိုရတဲ့ ဟင်းပွဲလေးတစ်ပွဲရပါပြီ...။

မိုးငွေ့

သွားမယ်စားမယ်

မြေနီကုန်းစီးတီးမတ်က Season မုန့်ဆိုင်


ရာသီအလိုက် ခရစ်စမတ်သစ်ပင်လေးတွေချိတ်ထားတယ်
အဲဒါ Popular Book Shop

အဟီးး..ပိန်မှာစိုးလို့ ၀က်အခေါက်ကင်ထမင်းစားတယ်

တစ်ဆိုင်လုံးအသုံးအဆောင်ခွက်ယောက်တွေကို အနက်ရောင်သုံးထားတယ်

စကာင်္ပူစတိုလ် ကြက်ကင် ၀က်ကင် ထမင်းနဲ့ခေါက်ဆွဲဆိုင်
မီးလင်းနေတဲ့မှန်ပုံးထဲက ရေခဲမုန့်တွေ

ကြိတ်ပြီးသားကြက်သားနဲ့ ၀က်သားချဉ်ချောင်း

အိမ်မှာဆပ်ပြာမှုန့်ကုန်နေလို့

မမခင်ဦးမေကိုအားကျလို့ ပုဝါ၀ယ်လာတယ် ၃၀၀၀တဲ့ (မီးခိုးရင့်ရောင်နဲ့ ပန်းခရမ်းဖျော့လေးစပ်ထားတာကြိုက်လို့)


Friday, 10 December 2010

ကြက်သားမျှစ်ချဉ်ကြော်နှင့် ရွှေဖရုံသီးဟင်းချို







ကြက်သားမျှစ်ချဉ်ကြော်အတွက် ပါဝင်ပစ္စည်းတွေကတော့

၁)ကြိတ်ပြီးသားကြက်သား(၁၀၀)ဂရမ်
၂)မျှစ်ချဉ်တစ်ထုပ်
၃)ကြက်သွန်ဖြူ နှစ်မွှာ
၎)ဆီထမင်းစားဇွန်းနှစ်ဇွန်း
၅)ကြက်သားမှုန့်နဲ့ ဆားနည်းနည်း

ကြိတ်ထားတဲ့ကြက်သားကို ထုံးစံအတိုင်း ပြောင်းမှုန့် ငရုတ်ကောင်း ကြက်သားမှုန့် ဆီနဲ့နယ်ပြီး နှပ်ထား။ ငရုတ်ကြမ်းနဲ့လုပ်ထားတဲ့မျှစ်ချဉ်ကို အရည်ငှဲ့ပစ်ပြီး အချောင်းလေးတွေလှီးထား။ ကြက်သွန်ဖြူအပြားရိုက်ထား။
ဒယ်အိုးကိုမီးဖိုပေါ်တင် ဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူဆီသတ် ကြက်သားထည့် မွှေးလာတဲ့အထိ စိတ်ရှည်ရှည်နဲ့အဆက်မပြတ်မွှေပေး... ပြီးရင် လှီးထားတဲ့မျှစ်ထည့်လိုက် ကြက်သားမှုန့်နည်းနည်းဖြူးလိုက် မျှစ်ချဉ်ကအငံဓါတ်ပါပြီးသားမို့ ဆားကိုသတိထားထည့်ပါ..။


ရွှေဖရုံသီးဟင်းချိုမှာပါဝင်မယ့်ပစ္စည်းတွေ

၁)ရွှေဖရုံသီး တစ်စိတ်
၂)ကြက်သွန်ဖြူနှစ်မွှာ
၃)ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
၎)ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း
၅)နနွက်းမှုန့်အရောင်လှရုံလေး
၆)ဆားနဲ့ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ

ဟင်းရည်အိုးထဲ ဆီထည့် ကြက်သွန်ဖြူလေးဆီသတ် နနွင်းမှုန့်နည်းနည်းထည့် ပြီးရင် အတုံးကလေးတွေ လှီးထားတဲ့ ရွှေဖရုံသီးထည့် ရေနွေးလိုသလောက်ထည့်ပြီး ဆူလာရင် ဆား သကြားနဲ့ ကြက်သားမှုန့်ခတ်လိုက်...။ ရွှေဖရုံသီးနူးလာရင် အိုးချလို့ရပြီ...။ ချဉ်စပ်မျှစ်ချဉ်ဟင်းအတွက် ဟင်းရည် အချိုလေးနဲ့ ဖြေလိုက်တာ...။

မိုးငွေ့