မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 28 August 2010

ကျမချစ်သောမိသားစု....


မိသားစု” ဆိုတဲ့ စကားလုံးလေးက ကျမဘ၀အတွက် အဓိပ္ပါယ်အရှိဆုံး အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ....။ broken family ဘ၀ကို ငယ်ရွယ်စဉ်ကလေးဘ၀ကတည်းက ဖြတ်သန်းလာခဲ့ရဖူးတော့...ကျမ အသက်ကြီးလာရင်... ကျမကြုံတွေ့ခံစားရသလိုမျိုး ကျမရဲ့ သားသမီးတွေ ဘယ်တော့မှ မကြုံစေရဘူုးလို့ သဓိဌာန်ပြုထားရင်း.... ကျမဘ၀ကို အဲဒီ မိသားစုဆိုတဲ့ နွေးထွေးလိှုက်လှဲတဲ့ အိမ်ကလေးတစ်လုံးပိုင်ဆိုင်ရရှိဖို့ ဘာမဆိုကျမစတေးရဲခဲ့တယ်....။ အထူးသဖြင့် ကျမနှလုံးသားကိုလဲစတေးရဲပါတယ်....ဘယ်လိုအခက်ခဲမျိုးကိုပဲ ကြုံတွေ့ရပါစေတော့ပေါ့...။ ငယ်ငယ်ကတည်းက မေမေနဲ့နေရတဲ့အချိန်ကခဏကလေး ပြီးတော့ ကျောင်းတက်ဖို့အဒေါ်နဲ့လာနေရတယ်...။ ကျမတက္ကသိုလ် ဒုတိယနှစ်မှာ သူနဲ့စတွေ့တယ်...။ သိပ်ကိုချစ်စရာကောင်းတဲ့ မိသားစုကလေးကို ကျမစရခဲ့တယ်...။ ကျမသက်တမ်းမှာ သူ့မိသားစုရဲ့ နွေးထွေးမှုကိုရတဲ့ အချိန်က ပိုများခဲ့တယ်...။ ကျမကိုယ်တိုင်ကလဲ မက်မက်မောမောခိုနားချင်သူကိုး...။ ကျမထက်နှစ်နှစ်ငယ်တဲ့ သူ့ကို ကျမချစ်သူလိုရော တစ်ခါတစ်ခါ ကိုယ့်မောင်လေးတစ်ယောက်လိုရော ချစ်တယ်...သံယောဇဉ်ရှိတယ်။ ချစ်တယ်ဆိုတဲ့ စကားလုံးထက် သံယောဇဉ်ပိုရှိတယ်...။ တခါတခါ...အဲဒီအမျှင်တန်းတွေက ကျမတို့နှစ်ယောက်ကို တသွေးတသားထဲဖြစ်အောင် ဖန်တီးပေးတတ်တယ်...။

သူနဲ့ကျမစတွေ့ပုံကိုပြောရာမှာ သူ့အကြောင်းကိုနည်းနည်းတော့ ပြောရလိမ့်မယ်....။ ကျောင်းမှာ တခြားကျောင်းသားတွေနဲ့ မတူ သူ့ပုံစံကထူးခြားတယ် ...။ 1995-96 ခုနှစ်ဆိုတော့ ခုခေတ်လိုအကျီင်္ပွပွ ဘောင်းဘီဂွကျတွေဝတ်တဲ့ Hip Hop ခေတ်မထသေးပေမယ့်...သူကတော့ အဲဒီစတိုလ်မျိုးဝတ်လေ့ရှိတယ်...။ လူငယ်ပီပီ တက်တက်ကြွကြွရှိတဲ့ သူ့ပုံစံလေးကို ကျမချစ်မိသွားတယ်.....။ Visit Myanmar Year ဒါဒါတို့ မြရွှေဝါတို့ ပပ၀င်းတို့ မော်ဒယ်လ် အေဂျင်စီစထောင်တဲ့ခေတ်... အဲဒီတုန်းက Event တစ်ခုလုပ်ရင် သူတို့ dancer အဖွဲ့ကသွားသွားကပေးရတယ်...။ မြန်မာပြည်မှာ dancer ဆိုတာ မရှိသလောက် နည်းပါးတဲ့ ခေတ်ပေါ့..။ ခုတော့ Uranian တို့ မင်းမင်းထွန်းတို့ အဖွဲ့တွေဆို သိပ်ကိုတြော်ကပါတယ်...။ ခုခေတ်ကပိုလည်း ခေတ်မီတယ် လေ့လာရတာ သင်ယူရတာလဲ လွယ်ကူတယ်...။ သူတို့ခေတ်ကတော့ သူ့အစ်ကို နိုင်ငံခြားကပြန်လာတော့ သင်ပေးတယ်...ကိုယ့်ဘာသာကို ခွေငှားကြည့်ပြီးကျင့်တယ်...။ MTV ကြည့်တယ်... အဲဒါနဲ့ ကတတ်လာကြတာ..။ သူတို့အခေါ် ဘုရားသခင်ကပေးသနားသော gifted ပါရမီပါလာလို့လဲ ဖြစ်သွားတာပေါ့...။ အဲဒီတုန်းက ဘရိတ်ဒန့်စ်တို့ဘာတို့ခေတ်စားတယ်...။


ကျမဘ၀ကတော့ ပုံမှန်လေးပဲ...အဒေါ့်အိမ်ကနေကျောင်းတက်တယ်...။ ကျောင်းသွားရင် ကျမက ရင်ဖုံးအကျီင်္လက်ပျက်ကလေးတွေကို ရောင်စုံ ကြယ်သီးဆန်းကလေးတွေနဲ့ဝတ်တတ်တော့... သူလဲ ကျမကို သာမန်ကျောင်းသူတွေထဲက ခွဲထွက်သတိထားမိပါတယ်...။ သူ ပထမနှစ်တက်တော့ ကျမက ဒုတိယနှစ်ရောက်နေပြီ...။ ဒုတိယနှစ်ဆိုတော့ကျောင်းမှာ ၀ါနဲနဲရင့်တော့ fresher လေးတွေကို သွားသွားစနောက်ကြ... မိတ်ဆက်ကြ အဲဒါမျိုးတွေလုပ်တယ်...။ ကျမတို့ အတန်းက ကျောင်းအနောက်ဘက်မှာ သူတို့မေဂျာက ကျောင်းဝင်ဝင်ခြင်း ဆင်ဝင်ကျော်ရင် ညာဘက်ခြမ်းအဆောင်မှာ...သူတို့အတန်းရှေ့က စကားဖြူပင်တွေရှိတယ်...။ သူ အတန်းပြီးလို့ စကားဖြူပင်အောက်မှာ ကျောပိုးအိတ်လေးနဲ့ထိုင်နေတယ်...။ ကျောင်းမှာ fun fair လုပ်တော့ မုန့်စားလက်မှတ်တစ်စောင်နဲ့ သူ့ကိုသွားမိတ်ဆက်တယ်....။ အဲဒီနေ့က သူတီရှပ်အဖြူရောင်ကို ဂျင်းပင်လေးနဲ့တွဲဝတ်ထားတယ်... ဖိနပ်က ဒေါက်တာမာတင်နဲ့ ...။ ကျမ ပေးတဲ့လက်မှတ်ကို သူမယူဘူး... ကြာဇံချက်မကြိုက်ဘူးတဲ့...။ ဒါပေမယ့် ကျမတို့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်...။


ကျောင်းမှာ မေဂျာပေါင်းစုံ အားကစားလုပ်တော့ ကိုယ်ကဘယ်မှာမှမပါပါဘူး...။ သူများတွေပြိုင်တာပဲ ကြည့်ဖြစ်တယ်...။ သူကတော့ သူ့မေဂျာမှာဘောလုံးကန်တယ်...။ ကျမတို့ကျောင်းမှာက ဘောလုံးကွင်းမရှိတော့ ရန်ကုန်တက္ကသိုလ်ကွင်းမှာသွားကန်ရတယ်...။ သူတို့မေဂျာနဲ့ ရုက္ခဗေဒ ကန်တော့ ကျမကသူ့ကိုအားပေးဖို့ (ကိုယ့်မေဂျာမဟုတ်ဘဲ)သက်သက် သွားကြည့်တယ်...။ ဆောင်းမနက်ခင်း မြူနှင်းတွေ ဝေတဲ့အချိန်မှာပေါ့...။ သူက ဂိုးသမား...။ နောက်နေ့ ကျောင်းမှာ လက်ရွေးစင် ဘော်လီဘောပုတ်တော့ အရှေ့ဘက်ကန်တင်းရှေ့မှာ... ကျမတို့စားနေကျ ဦးပြောင်ကြီးထမင်းဆိုင်ရှေ့က သစ်ပင်အောက်ခုံတန်းမှာ နေကြာစေ့ကိုက်ရင်း ထိုင်အားပေးကြတယ်... စည်သူ(နန္ဒ)လဲပါသေးတယ်...။ စည်သူက အကသင်ချင်လွန်းလို့ သူ့ကို လာမိတ်ဖွဲ့ထားတာ သိပ်မကြာသေးပါဘူး...။ ကြည့်ရင်း နေကြာစေ့ဝါးရင်းနဲ့ အထုပ်ကြီးကြီးတစ်ထုပ် ကုန်သွားတယ်...။ သူခေါင်းမူးသွားပုံရတယ်...။ ပြန်တော့မယ် ပြန်တော့မယ်နဲ့ သူ့ကြည့်တော့ ချွေးစေးတွေထွက်နေတယ်..။ သွေးပေါင်ကျသွားတာထင်ပါ့...။ ကျမသူ့ကိုကြည့်ပြီး ကားဂိတ်ထိ လိုက်ပို့ပေးလိုက်တယ်..။ သူ မျက်စေ့မျက်နှာပျက်နေပြီ..။ ကျမလဲ အဲလိုဖြစ်တတ်တော့ သူ့ကိုလမ်းမှာ မျက်လုံးတွေပြာပြီး လဲကျမှာစိုးလို့ သူနဲ့အိမ်လိုက်ပြန်လိုက်တယ်...။

သူ့အစ်မက ကျမထက်တစ်နှစ်ပဲကြီးတာ... ဒီတော့ ညီအမလို သူငယ်ချင်းလိုပဲ ခင်မင်ရင်းနှီးကြတယ်...။ သူ့အဖေက ခရီးသွားရတာများတယ် ဓါတ်ငွေ့လိုင်းမှာ လုပ်တော့ တစ်လတစ်ခါမှ အိမ်ပြန်လာတတ်တယ်..။ အမေနဲ့အမကတော့ အိမ်မှာပေါ့... အမေကဟင်းချက်ကောင်းတယ် စိတ်ရှည်တယ်...။ အစ်မက အီးမေဂျာ တက်နေတာ....။ ကျမတို့မိန်းထဲသွားသွားလည်ကြရင် အစ်မတို့ အီးမေဂျာက ဦးချစ်လက်ဘက်ရည်ဆိုင် သွားထိုင်တတ်ကြတယ်....။ သူ့အိမ်ကကျောင်းနဲ့တစ်မတ်တိုင်ပဲဝေးတော့ နေ့လည်စာကို သူ့အိမ်မှာပြန်ပြန်စား ဖြစ်ကြတာများတယ်...။ အမေကသူကြိုက်တတ်တဲ့ အမဲနှပ် ငါးပိရည်တို့စရာအစုံ အချဉ်ဟင်းရည်... အသီးအရွက်ကြော် ဖွယ်ဖွယ်ရာရာချက်ပေးတတ်တယ်...။ သူကတော့ဘိုလို ဇွန်းခရင်းနဲ့စားတတ်တယ် ကျမကတော့ လက်နဲ့နှယ်ဖတ်ပြီး အားရပါးရစားတာကိုပိုကြိုက်တယ်...။ အမေက သူချက်တဲ့ဟင်းတွေကို အားရပါးရစားတာကြည့်ရင်းနဲ့ကို ပီတိဖြစ်နေရော...။


ခင်ခင်မင်မင် ပေါင်းကြသင်းကြနဲ့ ကျောင်းသားဘ၀ အန်မတန်ပျော်စရာကောင်းပါတယ်...။ ဒါပေမယ့်လဲ ကျောင်းက ခဏခဏပိတ်လွန်းလို့ ကျောင်းပြီးဘွဲ့ရသည်ထိကျမတို့ ကျောင်းတက်ချိန်က နည်းနည်းကလေးရယ်..။ ကျောင်းတွေပိတ်သွားတော့ ကျမတို့ အဆက်သွယ် မပျက်ကြပါဘူး...။ သင်တန်းတွေတက်လိုက် အားရင်သူ့အိမ်မှာ ထမင်းသွားစားလိုက်နဲ့...။ ပြောရင် အံ့သြကြဦးမယ် သူနဲ့ ကျမက ဘာရည်းစားစကားမှလဲ မပြောဖြစ်ကြဘူး ဒီလိုပဲ တစ်ယောက်တစ်ယောက်ချစ်တယ်လို့လဲ မပြောကြဘူး အဲလိုနဲ့ ကျမတို့သမီးရည်းစားသာ ဖြစ်သွားကြတယ်... ကြည့်ရင်တော့ မောင်နှမတွေ သူငယ်ချင်းတွေလိုပဲ... ကျမက သိပ်ပြီး ပူးကပ်ကပ်ချွဲနွဲ့တာ မလုပ်တတ်ဘူး...။ မိန်းမဖြစ်ပြီး မူလဂျီ တူလဂျီ မလုပ်တတ်... ခုခေတ်စကားနဲ့ဆို မအီတတ်ဘူးပေါ့...။ အဲလိုကြောင့်များလား... တခြားမြူဆွယ်ရာနောက်ကို သူကောက်ကောက် ပါသွားခဲ့ဖူးတာ...။ ကျမအသုံးမကျလို့ ကိုယ်ချစ်တဲ့သူကိုမဆွဲဆောင်နိုင်လို့တော့ထင်တာပဲ...။ ဒင်းသွားပေ့စေ... သူ့အမေနဲ့ အမကတော့ ဘာမှမပြောဘူး ကြည့်နေလိုက်တယ်... အချိန်တန်သူ့အပြစ်သူ့သိပါစေတဲ့..။ ကျမလဲ ခွင့်လွှတ်သီးခံစွာနဲ့ သူတို့နဲ့အတူ လက်ပိုက်ကြည့်နေလိုက်တယ်...။

ကျမလဲ သူ့အိမ်အလာမပျက် သူကလဲ ကျမကို သူ့အစ်မတစ်ယောက်လို သူ့ငယ်သူငယ်ချင်းတစ်ယောက်လို သူနဲ့ပတ်သက်တဲ့ကောင်မလေးအကြောင်းကို ဖွင့်ပြောတတ်တယ်... ကျမသူ့ကိုသိပ်ချစ်တာသူသိသိလျက်နဲ့လေ။ ကျမကို အဲလိုနားထောင်နိုင်တဲ့ အင်အားအပြည့်ရှိနေတယ်လို့များ သူယုံယြုံကည်ကြည်ရှိနေသလား..။ သူ့ကို ဆိုးတယ်ကောင်းတယ် မဝေဖန်ဘူး ဂျေမ၀င်ဘူး ပုံမှန်အတိုင်း သူစိတ်ချမ်းသာအောင် ကျမနားထောင်ပေးတယ်..။ ကြာလာတော့သူကျမကို အားနာလာပုံရတယ်... သိပ်မပြောတော့ဘူး... ပြီးတော့ သူနဲ့ အဲဒီကောင်မလေးကလဲ နဲနဲ ပြဿနာလေးတွေဖြစ်နေတယ် ညှိမရနှိုင်းမရဖြစ်နေတာပေါ့...။ တစ်ခါ ပိုင်ဇေတို့ ဆီဒိုးနားမှာရှိုးလုပ်တော့ သူသွားကပေးရတယ်...။ အကမတော်လို့ ခါးကျောညှက်သွားတာ .. ဆေးရုံတက်ပြီး ခဲဆွဲလိုက်ရတယ်...။ အဲဒီတုန်းကလဲ သူ့အနား အချိန်ပြည့်ရှိနေတတ်တာလဲ ကျမပဲဖြစ်နေခဲ့တယ်။


“မင်းကို မင်းကောင်မလေးလာမကြည့်ဘူးလား ... နေ” ဆိုတော့

သူ့နာမည်က နေမင်းညို... ကျမသူ့ကို “နေ”လို့ပဲခေါ်တယ်...။


“သူလားလာမှာ ဒီလိုနေရာမျိုးကို ကမ္ဘာတောင်ပျက်သွားဦးမယ်” တဲ့


“မင်းပြောတော့ သူ မင်းကိုသိပ်ချစ်တယ်ဆို”


“အဲဒါတွေထားလိုက်စမ်းပါ ...လာ...ကိုယ်တို့ထမင်းအတူစားရအောင် ဗိုက်ဆာပြီညိုရဲ့...”

အဲလိုပဲ “အညိုရင့်ရောင်”ဆိုတဲ့ ကျမကိုသူက ဗိုလ်ကျတတ်မြဲ...။ သူထမင်းစားခါနီး သူ့ကုတင်ခြေရင်းက သူ့ခြေထောက်တွေကိုဆွဲထားတဲ့ သဲအိတ်တွေကိုဖြုတ်ပေးပြီး... အမေပို့ပေးတဲ့ ထမင်းချိုင့်တွေနဲ့ ကျမတို့ထမင်းအတူ စားကြတယ်...။ ညနေသူရေချိုးပြီးရင် သူ့ကိုခေါင်းဖြီးပေး... တနေကုန်သဲအိတ်တွေကို ဆွဲထားတာခံရတော့ ခြေသလုံးတွေကညောင်းချိနေပြီ... အဲဒါသူ့ခြေသလုံးတွေကို ကျမကနှိပ်နှယ်ပေးရင် သူက သဘောတော်ကျ ဇိမ်ခံနေတတ်တယ်..။ အဲဒါလူကြီးတွေကို ဒုက္ခပေးလို့ ဘုရားသခင်ဒဏ်ခတ်တာ သိလားလို့ပြောတော့ သူ တဟားဟားရယ်ပြီး သဘောကျတတ်တယ်..။


“ကိုယ်..ညို့ပေါ် ဒီလောက်ဆိုးတာ ညိုစိတ်မနာဘူးလား”


သူ့ခြေသလုံးနှိပ်ပေးနေတဲ့ ကျမလက်ကို သူဆွဲယူပြီး မေးတယ်...။ ကျမသူ့ဘေးမှာ တင်ပါးလွှဲထိုင်လိုက်ရင်း... ဘယ်သူမဆို ကိုယ်ချစ်တဲ့သူအတွက် ဘာမဆိုလုပ်ပေးချင်ကြတာပဲလေ... လို့... ကျမစိတ်ထဲ တီးတိုးရွတ်ဆိုလိုက်မိတယ်....။


“နေ'က ကိုယ့်အတွက် တစ်သက်တာသူငယ်ချင်းပဲလေ... နေ'ဘာပဲဖြစ်နေနေ ကိုယ်အမြဲအနားမှာရှိနေမယ် ဟုတ်ပြီလား”


ကျမအဲလို အားပေးစကားဆိုလိုက်တော့ သူ့မျက်ဝန်းတွေ တခဏခြင်းစိုလက်သွားတယ်...။ ကျမမျက်နှာပေါ် ၀ဲကျနေတဲ့ ဆံနွယ်တွေကို သူသပ်တင်ပေးနေတယ်....။


“နေ' တခြားတစ်ယောက်နဲ့ လက်ထပ်သွားရင်တောင်မှ”

ကျမစကားမဆုံးခင် သူ့လက်ချောင်းတွေနဲ့ ကျမနှုတ်ခမ်းကိုပိတ်လိုက်ပါတယ်....။

give me a hug, baby....”


ကျမတို့နှစ်ယောက် အားငယ်တဲ့အချိန် ၀မ်းနည်းတဲ့အချိန် စိတ်ဓါတ်ကျနေတဲ့ အချိန်မျိုးမှာ အချင်းချင်း အမြဲအားပေးနေကျ သင်္ကေတလေးပါ....။ ကျမကိုသူ တင်းတင်းကျပ်ကျပ်ဖက်ထားတယ်...။ သူ့ကျောပြင်ကို ပွတ်သပ်ရင်း ကျမအားပေးလိုက်တယ်...။ သူကလဲ ကျမဆံပင်တွေကို ပွတ်သပ်ပေးနေတယ်...။


“ညို့ ဆံပင်တွေတောင် အရမ်းရှည်နေပြီနော်...ရှည်နေပြီဆိုပြီးသွားမညှပ်ပစ်နဲ့ဦး ကိုယ်ကအဲဒီဆံနွယ်ခွေခွေပျော့ပျော့လေးတွေကိုချစ်တာ”


အမှတ်ရမိပါသေးတယ်....။ မိုးတွေသည်းကြီးမဲကြီးရွာတဲ့ ဇူလိုင်လတစ်ခုမှာ.... မိုးရေစိုရွှဲပြီး လွယ်အိတ်တစ်လုံးနဲ့ ကျမသူ့ဆီရောက်သွားခဲ့ဖူးတယ်....။ သူနဲ့ သူ့ညီတွေ မိုးရေထဲဘောလုံးကန်နေကြတုန်း....ကျမကိုမြင်တော့ သူအပြေးအလွှားရောက်လာတယ်...။

“ဘာဖြစ်လာတာလဲ ညိုရယ်...မိုးရေတွေလဲ ရွှဲလို့....လာ...လာ အိမ်ထဲမှာ အ၀တ်သွားလဲရအောင် ...အအေးမိပြီးဖျားတော့မှာပဲ ”

သူကသာ...ကျမကိုစိုးရိမ်တကြီးနဲ့ပြောနေတာ သူလဲတစ်ကိုယ်လုံးစိုနေပြီ....။ ပြီးတော့ ရင်ကျပ်လဲရှိသေးတယ်...။ နမိုးနီးယားဝင်သွားမှဖြစ်...။ သူကျမလက်ကိုဆွဲခေါ်တော့ ကျမနေရာကမရွေ့သေး...။ ဒီတော့ကျမမျက်နှာကို သူသေချာစိုက်ကြည့်နေတယ်...။


“ ညို.... ငိုနေတာလား....ဟုတ်လား...မျက်လုံးတွေလဲနီလို့...”


မိုးရေတွေနဲ့ မျက်ရည်တွေရောထွေးသွားပေမယ့် မျက်လုံးတွေနီနေတာကိုတော့ သူမြင်သွားတယ်....။ မိုးရေတွေနဲ့ ပါးပြင်မှာရွှဲနေပေမယ့် သူက သူ့လက်ချောင်းတွေနဲ့လာသုတ်ပေးနေသေးတယ်...။


give me a hug, baby.....”


ကျမအသံတွေခပ်သိမ်သိမ် ထွက်သွားပေမယ့် ကျမနှုတ်ခမ်းလှုပ်သွားတာကိုကြည့်တာနဲ့ သူသဘောပေါက် လိုက်ပြီ...။ ကျမကို သူ့ရင်ခွင်ထဲပျောက်ကွယ်လုမတတ် တင်းကျပ်စွာဖက်ထားလိုက်တယ်...။အားအင်တစ်ခု ကျမခန္ဓာထဲ တခဏခြင်း စီးဝင်သွားတယ်... ။

သူ့အိမ်မှာ သူ့အစ်မအ၀တ်တွေထုတ်ပေးတယ်....။ အစ်မနဲ့အမေက အစ်မအမျိုးသားအတွက် ပစ္စည်းတွေသွားဝယ်နေကြတယ်....။ အစ်မဒါရဲ့အမျိုးသားက သဘောင်္ထွက်နေတော့ လူကြုံရှိရင် သူကြိုက်တတ်တာလေးတွေ သွားဝယ်ပေးတတ်ကြတယ်...။


“ရေချိုးခေါင်းလျှော်ပစ်လိုက်နော်....ကိုယ်ကော်ဖီပူပူလေးဖျော်ထားမယ်...”

သူက တဘက်တစ်ထည်ပေးရင်းပြောတယ်...။

“ နေအရင်ချိုးလေ... အအေးပတ်နေဦးမယ် အ၀တ်စိုတွေနဲ့”

“ညည်းပဲ အရင်သွားချိုးပါ ကိုယ်က ရေစိုအကျီင်္ခဏချွတ်ထားလိုက်မယ်...သွား...သွား”


ကျမရေမိုးချိုးပြီးထွက်လာတော့ သူက အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်နဲ့ ထမင်းစားခန်းမှာ စောင့်နေပြီ...။

“ရော့ ကော်ဖီသောက်လိုက် ကိုယ်ရေချိုးပြီးရင် ပေါင်မုန့်ထောပတ်သုတ်ထပ်လုပ်ပေးမယ် ပြီးရင်ဆေးသောက်ထားလိုက်...တော်ကြာဖျားသွားလိမ့်မယ်”

“ဟုတ်...”

“တော်တော် လိမ္မာနေတယ်...”


ကျမဆံပင်ကိုဖွရင်း သူပြုံးလိုက်တယ်....။


“ညို့ ဆံပင်တွေပြီးရင် ကိုယ်အခြောက်မှုတ်စက်နဲ့ မှုတ်ပေးမယ်နော်”



သူရေချိုးနေတုန်း ကျမကော်ဖီပူပူကိုသောက်နေလိုက်တယ်....။ သူရေမိုးချိုးအ၀တ်အစားလဲပြီး ပြန်ထွက်လာတော့ ပေါင်မုန့်ကိုထော်ပတ်သုတ်ပြီး ကင်စက်ထဲထည့်လိုက်တယ်...။ ကျမ သူကင်ပေးတဲ့ပေါင်မုန့်ကို စားပြီးတော့ သူကျမဆံပင်ကို စက်နဲ့လာမှုတ်ပေးပါတယ်...။


“ညို့ ဆံပင်တွေက natural curl လေးတွေ ချစ်စရာလေး....
ဒါနဲ့ပြောပါဦး ခုနကဘာဖြစ်လာတာလဲ ဟိုညီမတွေနဲ့ ပြဿနာဖြစ်ခဲ့တာလား”


“ဒါပဲပေါ့ နေ...ရာ....ဘာများဖြစ်စရာရှိသေးလဲ”


အမယ်...သူက ကျမရဲ့ ဆံပင်ကို စတိုင်လ်လစ်တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်နဲ့ကိုပုံသွင်းပေးနေတတ်တာ အံ့သြစရာပဲ...။ ကျမမှန်ကြည့်ကြည့်တော့ ပုံကျကျလေးဖြစ်နေတယ်..။


“ နေပါဦး ကိုယ်တို့မတွေ့ဖြစ်တဲ့ကြားမှာ မင်း ဆံပင်ညှပ်သင်တန်းသွားတက်ထားတာလား”

“ဟာ...ပေါက်ကရ ကိုယ့်ကိုများမာမီ အောက်မေ့နေလား...”
“သိဘူးလေ...လက်ရာက ၀ါရင့် hair stylist တစ်ယောက်လိုဖြစ်နေလို့”

“အော်...ဒါက ဒီလိုပါ ကိုယ့်ညီတစ်ဝမ်းကွဲတစ်ယောက်ရှိတယ်လေ ညိုသိပါတယ် သူအိမ်မှာ အစ်မတို့ကို ဆံပင်လာလာညှပ်ပေးရင် ကြည့်ထားဖူးတော့ သိနေတာပေါ့ ဆံပင်ကို ဘယ်လိုပုံသွင်းလဲဆိုပြီး ဒါလောက်တော့ ရပါတယ် နေ'..ပဲလေ...”


ဆေးသောက်ထားတဲ့အရှိန်နဲ့ ကျမသူဂီတာတီးပြတာကို နားထောင်ရင်းဧည့်ခန်းဆိုဖာပေါ်မှာ အိပ်ပျော်သွားလိုက်တာ... အမေနဲ့အမပြန်လာတာတောင်မသိလိုက်ဘူး...။

အဲဒီနေ့က ကျမညီမ၀မ်းကွဲနဲ့ စကားများခဲ့တာပါ....။ အဒေါ့်သမီး သူကမောက်မာတယ်... အဒေါ်နဲ့ကပ်နေတဲ့ ကျမတို့ကိုနှိမ်တယ်...။ ကျမတို့ဆိုတာ ညီမလေးနဲ့ကျမကိုပြောတာပါ... ညီမလေးက ကျမထက်ဆယ်နှစ်ငယ်တယ်...။ ငါစွဲနဲ့ တခါတခါ ကျမတို့ကို အိမ်ပေါ်ကနှင်ချချင်သေးတယ် သူ့အမေကိုကြောက်ရပေလို့..။ ကျမရင်ထဲ ဖွင့်ပြောရမယ့်သူဆိုလို့ ဒိုင်ယာရီစာအုပ်နဲ့ သူငယ်ချင်းတချို့ပဲရှိတယ်...။ မိဘအစုံအလင်နဲ့ မနေခဲ့ရတဲ့ ကျမတို့ဘ၀က အနှိမ်ခံဘ၀မှာ ခေါင်းငုံခံရရုံပဲရှိတော့တယ်...။ မိဘတွေကို အပြစ်မတင်ပါဘူး... ကျမဒီလိုဖြစ်ရမယ့်ကံပါလာလို့လဲပါပါတယ်...။ ဒါကြောင့် ကျမအပေါ်သိပ်ကောင်းတဲ့ သူ့မိသားစုကို ကျမခင်မင်တွယ်တာသွားမိတာမဆန်းပါဘူး...။ နေ'တို့မိသားစုကသိပ်ကိုနွေးထွေးကြင်နာတယ်...။ နေ'အပြစ်လုပ်လာမိတဲ့အခါဆိုလည်း ဘယ်တော့မှ ဆူပူကြိမ်းမောင်းခြင်းမလုပ်ဘူး အကျိုးအကြောင်းသေချာနားလည်အောင်မေးပြီးမှ ဒီလိုလုပ်ရင်မကောင်းဘူး ဘာအကျိုးဆက်ဖြစ်ပေါ်နိုင်သလဲ စသဖြင့် အေးဆေးပဲဆုံးမတယ်..။ ကျမဖြင့် အားကျလိုက်တာ...။ နေ့မေမေဆို ကျမလာရင် သမီးဘာစားချင်လဲ ဒီနေ့သမီးကြိုက်တတ်တဲ့ဟင်းချက်ထားတယ်... အဲဒီလိုလေးဂရုစိုက်တာ ...ချစ်ဖို့ကောင်းတယ်..။

အစ်မ ပထမကိုယ်ဝန်ဆောင်ထားတုန်းက နေတို့အိမ်ကို ကျမ မကြာမကြာရောက်ဖြစ်သေးတယ်...။ အစ်မဒါလေးက မွေးလာတဲ့ကလေးလေး လှအောင်လို့တဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးပုံတွေဝယ်ပြီး အိမ်ဧည့်ခန်းမှာကပ်ထားလိုက်တာ...။ တစ်နေ့တစ်နေ့ အဲဒီပုံလေးတွေပိုကြည့်ရင်း ကြည်နူးနေရတာပေါ့...။ သူနဲ့ ကျမလဲ မွေးလာမယ့်ကလေးအတွက် ကြိုတင်တွေးပြီး ၀မ်းသာနေကြတယ်လေ...။ အဲဒီတုန်းက မင်းပြောခဲ့သေးတယ်လေ မင်းမှတ်မိသေးလား...။ “ညို ကိုယ့်ကို ဘေဘီလေး မွေးပေးမလား” တဲ့...။ ကျမတို့သာ ဘေဘီလေးတစ်ယောက်ရှိခဲ့ရင် သိပ်ကိုချစ်စရာကောင်းမှာပဲနော်...။ အစ်မ အမွှာယောကျာ်လေး ကလေးတွေဆုံးသွားတော့ ကလေးဆေးရုံမှာ မသဂြိုဟ်ခင် ဓမ္မဆရာ ဆုလာတောင်းပေးတဲ့နေ့က ကလေးလေးတွေကိုကြည့်ပြီး သူမျက်ရည်ကျတာကိုတွေ့တော့ သူ့ကို ကျမအရမ်းသနားသွားခဲ့တယ်...။ အံ့အားသင့်စရာကောင်းတာက အဲဒီကလေးလေးတွေက သူနဲ့တစ်ပုံစံတည်း သူ့မှာသာ သားရှိခဲ့ရင် သူ့ရဲ့သားလေးတွေပါလို့ပြောလို့ရတယ်...။ တူလေးတွေဆိုပေမယ့် မမွေးခင်ကတည်းက ဒီကလေးလေးတွေကို သူက အရမ်းမျှော်လင့်ထားခဲ့တာလေ...။ သူ့ဘေးမှာ ရပ်နေရင်း သူ့မျက်ရည်တွေကို ကျမသုတ်ပေးချင်လိုက်တာ...။

စကားချပ်။ ။(အဲဒီနေ့ကို ကျမကောင်းကောင်းကြီးအမှတ်ရနေသေးတယ်...။ ရွှေတိဂုံစေတီတော်ကြီးကို ထီးပြန်တင်တဲ့နေ့... တပေါင်းလပြည့်နေ့မှာပဲ အစ်မက အမွှာကလေးလေး နှစ်ယောက်ကို မွေးဖွားခဲ့တယ်...။ ညဘက်နွေခေါင်ခေါင်ကြီးမှာ မိုးတွေသည်းကြီးမဲကြီးရွာပြီး မိုးကြိုးတွေအရမ်းပစ်တဲ့ အချိန်ကြီးမှာပေါ့..။ ကလေးလေးနှစ်ယောက်စလုံး အသက်မရှင်ရှာပါဘူး...။ ရှစ်လနဲ့ လမစေ့ဘဲမွေးလိုက်လို့ ပထမကလေးလေးက မွေးပြီးသိပ်မကြာဘူး ဆုံးသွားတယ် နောက်တစ်ယောက်က သုံးရက်မြောက်မှာဆုံးသွားပါတယ်)
အစ်မကို ကလေးတွေဆုံးတာ သွေးသားနုချိန်မို့ အသိမပေးခဲ့ကြဘူး...။ သူကလဲ စိတ်မကောင်းဖြစ်ပြီး အစားမစားဘာမစားနဲ့တောင်ဖြစ်သွားသေးတယ်...။ အဲဒီရက်ပိုင်းတွေမှာ ကျမသူနဲ့အတူ ထမင်းလာလာ စားဖြစ်တယ်...။ တော်ကြာ ထမင်းမစားဘဲနေနေမှာစိုးလို့ အမေကသူ့သားကို နှစ်သိမ့်ပေးဖို့ တိုးတိုးတိတ်တိတ် စစ်ကူတောင်းထားခဲ့သေးတယ်...။ ကျမသက်သတ်လွတ်စားတဲ့နေ့ဆို အမေက ကန်ဇွန်းရွက်ကြော်ပေး တတ်ပါတယ်...။


နောက်နှစ်နှစ်အကြာမှာ အစ်မ ကလေးလေးနောက်တစ်ယောက် ထပ်မွေးပါတယ်...။ ကလေးလေးက မိန်းကလေးပါ...။ နာမည်လေးကနိုးနိုးတဲ့...။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေး........။ ချောကလက်ရေ... ကြည့်ပါဦး ရှင့်တူမလေးက ကျမငယ်ငယ်ကရုပ်နဲ့တစ်ပုံစံတည်း...။ ကြည့်ရတာ အစ်မကိုယ်ဝန်ဆောင်ထားတဲ့ ကာလတစ်လျှောက်လုံး ကျမကိုပဲ ကြည့်ပါမြင်ပါများလို့ထင်ပါ့နော်...။ အစ်မဒါလေး မျက်လုံးက ဗာဒံစေ့ပုံအလျားရှည်ရှည် မျက်လုံးနဲ့ နှစ်ခမ်းထူထူ မျက်နှာသွယ်လျလျနဲ့ အကိုထွန်းကျတော့လဲ အသားဖြူဖြူ မျက်နှာဝိုင်းတယ်....။ ထူးဆန်းတာက ကလေးလေးက သူတို့နှစ်ယောက်လုံးနဲ့မတူဘဲ ကျမငယ်ငယ်ကရုပ်နဲ့ လာတူနေတယ်...။ ကျမငယ်ငယ်က အဒေါ်အမွှာတွေကျောင်းဝင်းထဲက မြက်ခင်းပြင်မှာပေးထိုင်ပြီး ရိုက်ထားတဲ့ ပုံလေးနဲ့များ တစ်ထပ်ထဲပဲ...။ အဲဒီပုံလေးယူလာပြီး အမေ့ကိုပြကြည့်တော့ အမေတောင်မှ အံ့အားသင့်သွားခဲ့ရသေးတယ်..။ ဘယ်သူမှသတိမထားမိတဲ့ အချက်က အစ်မဒါလေးမွေးခဲ့တဲ့ ယောက်ကျားလေးကလေးတွေက သူနဲ့တူပြီး သမီးလေးက ကျမနဲ့လာတူနေတယ်...။ အဲဒါတွေဟာ မျိုးရိုးဗီဇကနေတွေဖယ်ပြီး မမြင်နိုင်တဲ့ အာရုံဆီကဖြစ်တတ်တဲ့ ကျမတို့ဥာဏ်မမီနိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်မှာပါ...။


ကျမ တစ်ဝမ်းကွဲညီမတွေနဲ့ မန်းမှာ ဖက်ရှင်ဆိုင်သွားဖွင့်တော့ သူတို့အိမ်နဲ့ တော်တော်လေး အဆက်ပြတ်သွားသေးတယ်...။ အစ်မကတော့ အီးမေဂျာမာစတာရပြီး SAVE THE CHILDREN မှာအလုပ်လုပ်နေပြီ....။ မန်းဆိုင်မှာကျမရှယ်ယာခွဲလိုက်ပြီး ရန်ကုန်ကကုမဏီတစ်ခုမှာ အလုပ်ဝင်တယ်...။ ဒီလိုနဲ့ ကျမတို့နှစ်ယောက်တူမလေးနဲ့အတူ အချိန်တွေကို ဖြတ်သန်းလာခဲ့တာ သူ နိုင်ငံခြားမထွက်ခင်အထိပဲ ဆိုပါတော့...။ သူ ကွန်ပျူတာ သင်တန်းမရှိတဲ့နေ့ ကျမသူနဲ့အတူနေ့လည်စာ လာစားတဲ့နေ့ဆိုရင် အစ်မကအလုပ်သွားတော့ တူမလေးကို အမေနဲ့အတူကူပြီး ထမင်းကျွေးပေးပြီးတော့ သူကိုယ်တိုင် ဆိုပြတဲ့သီချင်းတွေ နားထောင်ကြရင်းပေါ့...။ တစ်နေ့ အမေက သူနိုင်ငံခြားထွက်ခါနီး ဓမ္မာကျမ်းဆရာမလေးနှစ်ယောက် ခေါ်ပြီး အိမ်မှာဘုရားရှိခိုးကြတယ်...။ အမေနဲ့ဆရာမလေးနှစ်ယောက်က ဧည့်ခန်းမှာ ဆုတောင်းနေတုန်း ကျမနဲ့သူ အတူထမင်းစားနေကြတယ်....။ ဆရာမလေးဆုတောင်းတော့ ကျမနာမည်ပါထည့်ပြီး ဆုတောင်းပါတယ်... သူကထမင်းစားနေရင်း ကျမကို တစ်ချက်လှမ်းကြည့်ပြီး မျက်ခုံးပင့်ပြတယ်... ကျမလဲ ပခုံးပြန်တွန့်ပြလိုက်တယ်...။

သူက ကျမထက်ငယ်ပေမယ့် ခုဆိုကျမထက်တောင် ရင့်ကျက်ပြီး လူကြီးဆန်နေသေးတယ်...။ ကျမလို မိသားစုကျိုးကလာတဲ့ သူမဟုတ်ပေမယ့် မိသားစုဘ၀နွေးထွေးမှုကို သိပ်ခုံမင်တဲ့သူတစ်ယောက်ပါ.....။
သူနိုင်ငံခြားထွက်တော့ ကျမနေမကောင်းလို့ လေယာဉ်ကွင်းကို လိုက်ပို့ခွင့်မရလိုက်ဘူး....း( ။ ဟိုမှာ သူနှစ်နှစ်လောက်အလုပ်လုပ်ပြီးပြန်လာတော့မှ...ကျမတို့လက်ထပ်ကြတယ်...။ ဘုရားကျောင်းမှာပဲ Church Wedding လုပ်လိုက်တယ်....။ IT လက်မှတ်ရထားတာရယ်... အင်္ဂလိပ်စကားကောင်းကောင်း ပြောနိုင်တာရယ်နဲ့ သူဟိုသွားတုန်းက တက်ခဲ့တဲ့ ဒီပလိုမာတွေကြောင့်...
NGO တစ်ခုမှာ အလုပ်အင်တာဗျူးလေး အောင်သွားတယ်...။ သူ့အလုပ်လဲ အခြေကျပြီးတစ်နှစ်နေမှ ကျမတို့ကလေးစယူတယ်..။ ခုဆိုကျမတို့မှာ သိပ်ကိုချစ်စရာကောင်းတဲ့ သားကလေးတစ်ယောက်ရနေပြီ...။ ကျမသားလေးကို ကျမလို ဘယ်တော့မှ broken family ဘ၀မရောက်စေရဘူး....။ ကျမတို့နှစ်ယောက်မေတ္တာရေတွေကို အ၀တိုက်ကျွေးထားမယ့် သားလေးဟာ.... ကျမတို့မိသားစု အနာဂတ်အတွက် လင်းလက်တောက်ပလာမယ့် ကြယ်တစ်ပွင့်ပါပဲ...။

မျက်လုံးမျက်ခုံးတွေကသူနဲ့တူပြီး နှာတံလုံးလုံလေးနဲ့ နှုတ်ခမ်းတွေကျတော့ ကျမနဲ့လာတူနေတဲ့.... သားလေးဟာ ကျမတို့နှစ်ယောက်အချစ်တွေ စုထားတဲ့ နေရာလေး လူသားကလေးတစ်ယောက်ပါပဲ...။ ခုဆိုသူစကားတော်တော်တတ်နေပြီ...။ နှစ်နှစ်အရွယ်နဲ့ ကလေးလေးက အသက်နဲ့မလိုက်အောင် အသိဥာဏ်ကသိပ်ထက်တာ.... အဲဒါကတော့ သူနဲ့တူတာ... ကျမကတော့ အဲလောက်မလည်ဝယ်ဘူး... နည်းနည်းဝေးတယ်...။ သူစကားစပြောတော့... ကျမကို “မေမေ” ဆိုပြီးစခေါ်တာ...အဲဒီနေ့က ကျမဖြင့် ပီတိဖြစ်ရလွန်းလို့ မျက်ရည်တောင်ဝဲမိတယ်...။ အစ်မသမီး နိုးနိုးလေးက ရှစ်နှစ်ဆိုတော့ သားထက်ခြောက်နှစ်ကြီးတယ်... မီကီလေးကသူ့အတွက် အဖော်အရုပ်ကလေးဖြစ်နေတာပေါ့...။ ခုဆို ကျမသိပ်ချစ်တဲ့သူတွေနဲ့ နွေးထွေးသိုက်ဝန်းတဲ့ မိသားစုလေးနဲ့ ဘ၀မှာ ပြီးပြည့်စုံနေပါပြီ....။


မိုးငွေ့


ကျမသိပ်ကိုမျှော်လင့်ထားခဲ့ဖူးသော မိသားစုဘ၀လေးကို စိတ်ကူးပြီးရေးသားထားခြင်းသာဖြစ်ပါသည်။

Friday, 27 August 2010

Recreation Center......



တစ်ခါတုန်းက တက္ကသိုလ်မှာ... ပထမနှစ်.ကျောင်းသူကျမ မအူမလည်... သူငယ်ချင်းမရှိ အတန်းစတက်တော့ အတန်းထဲမှာ လူကအပြည့်...။ ဘယ်သူ့နားထိုင်ရမှန်းမသိ လွယ်အိတ်ကလေးပိုက်ပြီး မျက်လုံးကလည်ကလည်နဲ့ပေါ့...(မြင်ယောင်မကြည့်ကြပါနဲ့)....။ စတိတ်ကျောင်းတုန်းက မျက်မှန်းတန်းမိမယ့် သူငယ်ချင်းများရှိလေမလား... ဟိုဝေ့ ဒီဝေ့ ကြည့်လိုက်တယ်... တစ်ယောက်မှမတွေ့ဘူး..။ အင်းလေ.... သူများတကာတွေ ဆေးကျောင်းရောက်သူရောက် ၀ိုင်အိုင်တီရောက်သူရောက်နေကြမှာပေါ့...။ ကိုယ့်လို ရိုးရိုးမေဂျာနဲ့ပဲလို့ ဘယ်ထင်လို့ဖြစ်ပါ့မလဲ...။ ဒါနဲ့ စာသင်ခန်းအလည်လောက်နားက ခုံအလွတ်မှာ ၀င်ထိုင်လိုက်တယ်....။ အဲနေ့က သူငယ်ချင်း နှစ်ယောက်အသစ်ရတယ်...တစ်ယောက်က မီးမီးတို့ လသာ(၂)ကျောင်းကပဲတဲ့...သူ့ကိုတော့မြင်ဖူးသလိုလိုပါပဲ...တရုတ်မလေး...အရပ်ကခပ်ရှည်ရှည်....။ နောက်တစ်ယောက်က စမ်းချောင်းမြို့နယ်ကပါ... ရခိုင်မ...သူက ကျမထက်သုံးနှစ်လောက်ကြီးတယ်...။ ငယ်ငယ်က အတန်းအောက်ခဲ့လို့ ကျမတို့နဲ့ အတန်းလာတူနေတာဖြစ်မယ်...။

ဒီလိုနဲ့ သုံးယောက်ပေါင်းမိတော့.... သုံးယောက်ပေါင်းမြောင်းကျော်.... အဲလေ..မှားသွားလို့ သုံးယောက်ပေါင်းလောင်းကြော် ဆိုသလိုပဲ....ကျောင်းမှာ..ကဲကြတာ...။ တက္ကသိုလ်မှာ စာအုပ်ထဲမှာဖတ်ဖူးတာတော့ ဆရာမစာသင်ရင် ကျောင်းသားတွေက ကျောင်းသူတွေကို စက္ကူမြှားနဲ့ပစ်ပေါက် စတတ်တယ်လို့လေ...။ တကယ်ပါ... ကျောင်းမှာ အဲလိုပဲ....တစ်ခါတစ်လေ အတန်းမရှိရင် ကျောင်းသားတစ်ချို့ဆို ချောင်တစ်ချောင်မှာ...ဖဲရိုက်လိုရိုက်နဲ့....။ ပထမနှစ်ဆိုတော့ အတန်းလစ်တာတို့ဘာတို့သိပ်မလုပ်ကြသေးဘူး...။ နည်းနည်းဝါရင့်လာတော့မှာ လက်တွေ့ချိန်တွေလောက်ပဲ စာမေးပွဲမှာ အမှတ်ရမယ့်အတန်းလောက်ပဲ လုပ်ကြတာ...။ ကျမတို့ခေတ်က RC 1 , 2, 3 ဆိုပြီးရှိတာ...။ recreation center ဆိုတာ အပန်းဖြေရိပ်သာပေါ့..။ တကယ်အပန်းဖြေပါတယ်.... ကျောင်းတက်ရတာ ပျော်စရာကြီး... လွတ်လွတ်လပ်လပ်ပဲ... စတိတ်ကျောင်းတုန်း ကလို ဆရာစာမေးလို့ မရရင် ခုန်ပေါ်တက် ဒဏ်ပေးစနစ်ကလဲ ကျွတ်ပြီလေ...။

ဒီတော့ အတန်းမရှိရင် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ပေါက်ကရတွေလိုက်နောက်တော့တာ...။ ကျမတို့အတန်းထဲ ရုပ်ရှင်မင်းသာဝင်းဦးနဲ့တူတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်...တူတယ်ဆိုတာ သူ့အိုက်တင်နဲ့ သူထားတဲ့ နှုတ်ခမ်းမွှေးစစလေးကြောင့်ပါ...။ သူ့နာမည်က သက်ထွန်းဦးတဲ့...။ ကျမတို့အချွန်နဲ့မတာကို ပင်တိုင်ခံရတဲ့သူပေါ့...။ အတန်းပြီးရင် သူကန်တင်းသွားခါနီးဆို သူ့နောက်ကြောကို စာကပ်ပေးလိုက်တယ် “၀ံကြီး” ဆိုပြီး...။ နောက် “၀ံကတော်” ကတော့ ကံဆိုးတဲ့ ကျောင်းသူတစ်ယောက်ယောက် အကပ်ခံရတာပဲ...။ တခါတလေ... စာရွက်စုတ်တွေကို အပိုင်းပိုင်းဆက်ပြီး အမြီးတပ်ပေးလိုက်တာမျိုး...။ သူကတော့မသိရှာဘူး တစ်ကျောင်းလုံးလျှောက်သွားနေတာ...။ ကျမတို့ အတန်းက ကျောင်းအနောက်ဘက်ဆုံးမှာဆိုတော့ အိမ်ပြန်ရင်လဲ သူများမေဂျာက အတန်းတွေအားလုံးရှေ့ကို ဖြတ်လျှောက်ရတယ်...။ အဲဒါမျိုးချိန်ကိုစောင့်ပြီး ကပ်ပေးလိုက်လို့ကတော့ ပြီးရော....။ ကျောင်းကလူတွေကလဲ သစ္စာရှိပါ့... တခွီးခွီးနဲ့သာ ကျိတ်ရယ်ချင်ရယ်နေကြမယ်...လုံးဝသွားမပြောပေးဘူး...။ သက်ထွန်းဦးကလဲ တော်တော် သီးခံရှာပါတယ် ကျမတို့ကို...။ ကျမတို့နောက်တယ်ဆိုတာ သိသွားတာတောင် စိတ်မဆိုးဘူး....။ ဒါကို သူငယ်ချင်းတွေက ဘာပြောတယ်မှတ်လဲ “ဘယ်စိတ်ဆိုးမလဲ နင့်ကြိုက်နေသလားမှမသိတာ”တဲ့...။ စိတ်ကူးမလွဲနဲ့နော် သူက အမတွေပဲရှိတာ တစ်အိမ်လုံးမှာ အငယ်ဆုံးတဲ့လေ....။ အဟီး... မီးမီးကြောက်ကြောက်..။

အဲလိုလေးပေါ့နော် ကျောင်းမှာ ပေါက်ကရစနောက်ကြတာ....။ ပြီးတော့ ကျမတို့နောက်စတဲ့ သူတစ်ယောက်ရှိသေးတယ်...။ လက်တွေ့ခန်းမှာ လူအယောက်နှစ်ဆယ် တစ်ဖွဲ့ဖွဲ့ထားတဲ့အထဲက သူက ကျမတို့ရဲ့ EC ... ဆရာမတွေက ရံပုံငွေကောက်ဖို့ စာအုပ်တွေရောင်းဘာတွေ ရောင်းရင် EC ကပဲ ဦးဆောင်ပြီးရောင်းရတာလေ...။ ကျမတို့ကိုလာရောင်းရင်တော့ “ဦးစိတ်တိုရယ် နင်ပဲ ခဏစိုက်ဝယ်ပေးထားပါဟာ ... ဒီနေ့ငါတို့ပိုက်ဆံနည်းနည်းပဲပါလာလို့ပါ” အဲလိုမလှိမ့်တစ်ပတ်ရိုက်ပြီး ပိုက်ဆံမပေးတော့ဘူး...။ အဲဒါမျိုး သူစိုက်ရပေါင်းမနည်းတော့ဘူး...။ အော်... အဲဒီEC ကို ဦးစိတ်တိုလို့ ခေါ်ရခြင်းအကြောင်းအရင်းကတော့... ကာတွန်းစာအုပ်ထဲက ဦးစိတ်တိုနဲ့ မျောက်ညိုဆိုတာရှိတယ်လေ...။ သူက အဲဒီဦးစိတ်တိုနဲ့တူလို့...။ နောက်မှထပ်ပြောပြဦးမယ်... Zoolကျောင်းသူကျမ နာမည်ပေးလဲတော်တယ်ဆိုတဲ့ အကြောင်းလေး...။ ဦးစိတ်တိုက EC တာဝန်တော့ကျေပါတယ်... သူ့အဖွဲ့ထဲက သူတွေအတွက်ဆို ဒိုင်ခံအနစ်နာခံတာ အဲလိုချစ်စရာကောင်းတာ...။ သူငယ်ချင်းတွေစုပြီး ကျိုက်ထီးရိုးဘုရားတက်တော့လဲ... သူပဲစီစဉ်တယ်...။ အမယ် ဘုရားပေါ်မှာ သူ့ဥပတိရုပ်ကလေးကိုသုံးပြီး ကောင်မလေးတွေကို ဟောက်စားလုပ်လိုက်သေး...။ ဒီလို...ဘုရားရင်ပြင်ပေါ်မှာ စကပ်ဘောင်းဘီမ၀တ်ရဘူးလေ...။ အဲဒီတုန်းက ကောင်မလေးတစ်သိုက်ထဲက ဘောင်းဘီဝတ်ထားတဲ့ ကောင်မလေးကို လက်ယက်လှမ်းခေါ်နေတာ ကျမတို့ တအံ့တသြနဲ့ ကြည့်နေကြတာ....။ “ဘုရားရင်ပြင်မှာ ဘောင်းဘီမ၀တ်ရဘူးဆိုတာ နားမလည်ဘူးလား” လို့ ခပ်မာမာသူကပြောတော့ စစ်ဂျာကင်ကလဲ ၀တ်ထား ကောင်းမလေးတွေက သူ့ကို စစ်ဗိုလ်အောက်မေ့ပြီး ကြောက်ကြောက်နဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားကြတာ....။ ကျမတို့က သူ့ကိုပြန်ခေါ်ပြီးမေးတော့ စောစောက အဝေးက သူ့အမူအရာကိုမြင်ယောင် သူပြန်ပြောပြတာကို နားထောင်ပြီး တဟား ဟားနဲ့ရယ်ကြတာပေါ့ ဘယ်ပြောကောင်းမလဲ...။

ဒုတိယနှစ်ကျောင်းတက်တော့ ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်ဆိုတဲ့ ကျောင်းသားနဲ့ ထပ်ခင်ကြတယ်....။ ကျမတို့တင်မဟုတ်ဘူး...။ သူ့ကိုကျတော့ တစ်ကျောင်းလုံးက ကောင်မလေးတွေအကုန်လုံးလိုလို ခင်ကြတယ်...။ ဘာလို့လဲဆိုတော့ သူက ပုံပြောကောင်းသူကိုး....။ ကျမတို့ အာစီသရီး ကျောင်းက ၀င်ဝင်ချင်း ဆင်ဝင်ကြီးရဲ့ တစ်ဘက်တစ်ချက်မှာ လှေကားထပ်လေးတွေရှိတယ်...။ အဲဒီနေရာကို လင်မျှော်ကုန်းလို့ခေါ်သေးတယ်.....။ အတန်းမတက်သေးခင်မှာ ကျောင်းသူကျောင်းသားတွေ တော်တော်များများထိုင်ကြတယ်....။ စိန်ယာ့ဒ်ကိုရှာမတွေ့လို့ကတော့ အဲမှာသွားကြည့် ကောင်မလေးတွေကြားမှာထိုင်ပြီးပုံပြော နေပြီသာမှတ်တော့...။ သူပြောတဲ့ ရယ်စရာပုံပြင်တစ်ချို့ကို ပြန်မျှဝေပါမယ်....။

“ဆင်ဥ”ဆိုတဲ့ ပုံပြင်ကို ပြောပြမယ် ...သေချာနားထောင်....အဲ...ဖတ်နော်...။ တစ်ခါက...တောရွာတစ်ရွာက လင်မယားနှစ်ယောက်မြို့ကို ပြောင်းလာနေကြတယ်တဲ့...။ အဲဒီလင်မယားနှစ်ယောက်ဟာ သိပ်ကိုရိုးအလွန်းလို့ .. ဒေသန္တရဗဟုသုတလဲ မရှိကြဘူးတဲ့....။ မိန်းမလုပ်သူက တစ်နေ့ဈေးသွားဝယ်တော့ ကြိတ်ကြိတ်တိုးလုဝယ်နေကြတဲ့ ဖရဲသီးသည်ဆီကိုရောက်သွားရော... လူတွေဒီလောက်ဝယ်နေကြတာကိုကြည့်ပြီး သူလဲဝယ်ချင်လာတယ် ဒါပေမယ့် ဘာအသီးလဲဆိုတာမသိဘူးတဲ့..။ ဒါနဲ့ ဖရဲသီးသည်ကို အဲဒါဘာအသီးလဲ မေးမေးနေတော့ အလုပ်ရှုပ်နေတဲ့ ဖရဲသီးသည်ကလဲ စိတ်မရှည်တော့တာနဲ့ ဆင်ဥဟေ့ ဆင်ဥလို့ဖြေလိုက်သတဲ့...။ မိန်းမကလဲ ဟာ...ဆင်ဥတဲ့ ထူးထူးဆန်းဆန်းဆိုပြီး တစ်လုံးဝယ်ပြီးအိမ်ပြန်ခဲ့တယ်...။ အိမ်ပြန်ရောက်တော့ ယောက်ကျားဖြစ်သူကို ဆင်ဥပြပြီး....ဆင်ပေါက်ကလေးပေါက်လာအောင် ကြက်တွေဘဲတွေလိုပဲ ၀ပ်ရမယ်လို့ထင်ပြီး....မိန်းမဖြစ်သူက သူဝပ်မယ်ပေါ့...။ ဒီတော့ ယောကျာင်္းက ဆင်ဆိုတာ ရှေးတုန်းက ဘုရင်မင်းမြတ်တွေမှစီးရတာ... ဘုန်းတန်းခိုးနဲ့ ဒီတော့ ဘုန်းရှိတဲ့ ယောက်ကျားပဲ ၀ပ်သင့်တယ်ဆိုတာနဲ့ အိပ်ယာထဲ နွေးနွေးထွေးထွေး စောင်ခြုံပြီးဝပ်နေပါသတဲ့....။ တစ်နေ့တော့ မိန်းမရေ...ဆင်လေးပေါက်ပြီလားမသိဘူး လာစမ်းကြည့်ပါဦးဆိုတော့...။ မိန်းမဖြစ်သူက စောင်အောက်ကနေလက်နဲ့လျှိုပြီးစမ်းလိုက်တာ.... ဟောဒီလိုကြီး ၀မ်းသာအားရနဲ့ ထပြောပါရော.....။ “ယောက်ကျားရေ....ဆင်လေးက နှာမောင်းတောင်ထွက်နေပြီတော့”တဲ့.....း)။

နောက်တစ်ပုဒ်က “ဆန်ပြုတ်”ပုံပြင်....။ လင်မယားနှစ်ယောက်မှာ သားလေးတစ်ယောက်ရှိပါသတဲ့..။တစ်နေ့ သားလေးဖျားတော့ အမေလုပ်သူက ဆန်ပြုတ်ပြုတ်တိုက်တာ ဘယ်လိုမှချော့ပြောမရလို့.... အဖေလုပ်သူကိုရော့ရှင်ပဲ ရှင့်သားကိုရအောင်တိုက်တဲ့...။ အဖေကသားလေးကို တစ်ချက်ပဲ ခပ်တိုးတိုးကပ်ပြောပြီးဆန်ပြုတ်တိုက်လိုက်တာ လျှောလျှောရှုရှုပဲတဲ့...။ ဒါနဲ့ အမေက ရှင်ကလေးကိုဘယ်လိုများ ချော့လိုက်လို့ ချက်ချင်းဆန်ပြုတ်သောက်သလဲဆိုတော့....။ အော်ဒါလား....သား ဒီဆန်ပြုတ်လေးသောက်ရင် သားရဲ့ ငယ်ပါလေးကြီးလာမှာလို့ ပြောလိုက်တာလေ...လို့လဲဆိုရော....မိန်းမကလက်ထဲ အသင့်ကိုင်ထားတဲ့ ယောင်းမနဲ့ဒေါက်ခနဲ ခေါက်လိုက်ပါသတဲ့...။ ရှင်ကရော ဘာလို့ ငယ်ငယ်က ဆန်ပြုတ်မသောက်ခဲ့သလဲတဲ့...ဟား ..... ဟားးး... တကယ်ပါ... စိန်ယာ့ဒ်အဲဒီပုံပြင်ပြောနေရင် အနားမှာ သွားမထိုင်ကြနဲ့ အနားမှာရှိတဲ့သူကို အဲအခန်းပြောတဲ့ချိန်ကျရင် ခေါင်းခေါက်တာခံရတယ်.....။

ကျောင်းတုန်းက ပေါက်ကရ ရယ်စရာလေးတွေပါ.... သူငယ်ချင်းအားလုံး ပြုံးရအောင် ဝေမျှပေးလိုက်ပါတယ်....။ ကျောင်းတော်ကိုလဲ အလွမ်းဖြေရင်းပေါ့ဗျာ....။


မိုးငွေ့

Tuesday, 24 August 2010

အညိုရင့်ရောင်လွမ်းခြင်း....

















လွမ်းလိုက်တာ......


အညိုရောင်အလွမ်းတွေ

မြစ်ပြင်ကျယ်မှာ ပေါလောမျော
ငါ့နှလုံးသားအတွက်
ဆည်းဆာနဲ့ လေပြေကို

စားသုံးလို့...

လေအသွဲ့မှာ

ယိမ်းနွဲ့ကခုန်နေကြတဲ့

မြင်ပင်စိမ်းစိမ်းတွေက

တိုးတိုးလေးလာပြောကြတယ်...

“အိန်ဂျယ်....ရယ်
မင်း...အလွမ်းတွေကို ဖြေချလိုက်ပါတော့..
ရင်ခွင်တစ်ခုလုံးလဲ ကျွမ်းလောင်ကုန်ပါ့မယ်”တဲ့


ဟော!!!! ဟိုးးး ပြာမှိုင်းနေတဲ့ တောင်ထိပ်ဆီက

မိုးတိမ်တွေ ညှို့တက်လာကြပြီ

အဲဒီမိုးစက်တွေက
ငါ့ရင်အပူကို ငြိမ်းသတ်ပေးနိုင်ပါ့မလား

ဘာပဲဖြစ်ဖြစ်....

ငါချစ်တဲ့ မိုးရေထဲမှာ

အေးစက်ပြာနှမ်းလာတဲ့

နှုတ်ခမ်းတွေ တုံခိုက်နေပါစေ

ရင်ထဲက
မီးတောက်ကို
မငြှိမ်းသတ်နိုင်လဲ မမှုပါဘူးလေ
....
နဂိုထဲကမှ ဗလာရင်ဘတ်ကို.....။ ။


မိုးငွေ့

Monday, 23 August 2010

ဟန်နီ....




ဟန်နီ....ရင်ကို သူဖမ်းစားခဲ့တာကြာပြီ ရုန်းထွက်ဖို့ စိတ်ကူးလည်းမရှိ အိုး...နိုး
ဟန်နီ...နင်လေ ငါ့အနားရှိတုန်းမှာ မမြင်မိ နင်ထွက်သွားမှ ငါ့စိတ်တွေလေပြီ


(အိမ်မက်က နိုးထခဲ့တာ အချိန်တွေနှောင်းသွားပြီလား)

(ဟန်နီ....လုံးဝ လုံးဝမမေ့လိုက်နဲ့ အိုး...နောက်ဆုံးချစ်ခွင့် မရှိရင်တောင်

ငါ့ကိုတော့ မမုန်းလိုက်နဲ့ဦး ဒီအတိုင်းလေး နေပေးနော်)


ဟန်နီ... ရင်မှာ မျှော်လင့်ခဲ့ အချစ်တွေကြာပြီ
သူပေးမယ့် အချစ်အနမ်းလေး တို့စောင့်နေ

ဟန်နီ...ချိုမြိန်တဲ့ နေ့သစ်ထဲ ပြန်ဆုံချိန် ဟိုအရင်အတိတ်က အမှားတွေပြင်ပြီး

(အိမ်မက်က နိုးထခဲ့တာ အချိန်တွေ နှောင်းသွားပြီလား)

repeat

ဟန်နီ...... ဟူး... ဟူးး...ဟူးးး.... ဟန်နီ.....ဟူးး ဟူးး ဟူးး

Fade
away .......



ကျမဆီကို အစ်ကိုတစ်ယောက်ပို့ပေးခဲ့တဲ့ သီချင်းလေးပါ...။ လင်းနစ်သီချင်းကို တစ်ပုဒ်စ နှစ်ပုဒ်စ နားထောင်ဖူးပေမယ့်... ဘယ်စီးရီး ဘာသီချင်းခေါင်းစဉ်လဲဆိုတာ တွဲမမှတ်ထားဖူးဘူး...။ ဒီတစ်ပုဒ်ကိုတော့ ခေါင်းစဉ်လေးကိုစတွေ့ကတည်းက ကြိုက်သွားတာ...။ သေချာနားထောင်ကြည့်တော့လည်း ကောင်းတယ်...။ လင်းနစ်ရဲ့ ဆိုသံဆိုပေါက်မပွင့်တစ်ပွင့်ရယ်.... သူ့ချစ်သူကောင်မလေးကို ခပ်ချွဲချွဲလေး တောင်းဆိုပုံလေးတွေက သိပ်ကိုချစ်ဖို့ကောင်းလွန်းလို့ စာလာဖတ်သူတွေကိုဝေမျှချင်သွားတာနဲ့ ဒီပို့စ်လေးရေးဖြစ်သွားတာပါ...။ “ဟန်နီ”ဆိုတဲ့ စကာလုံးလေးနဲ့ သီချင်းလေးမစခင်မှာ.... Lead လေးနဲ့ ခပ်အီအီလေး intro ၀င်ထားတာနဲ့ လင်းနစ်အသံလေးက အတွဲအဖက် သိပ်လှပါတယ်...။ စာသားလေးတွေက ရိုးစင်းသလို သီချင်းလေးကလဲ တစ်ပုဒ်လုံးခပ်အေးအေးပါပဲ....။ သီချင်းလေးကို ခံစားနားဆင်ကြည့်စေချင်ပေမယ့်...upload လုပ်တာ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်....။ အားနာပါတယ် သီချင်းလေးကို ဒီပို့စ်လေးနဲ့တွဲပြီး နားထောင်စေချင်တာပါ... တကယ်။

မိုးငွေ့


Friday, 20 August 2010

ကြက်သားမုန်ညင်းချဉ်ကြော်နဲ့ ဂျပန်တိုဖူးဟင်းရည်...

ကြက်သားမုန်ညင်းချဉ်ကြော်


ဝယ်လာတဲ့ မုန်ညင်းချဉ်ကို ရေစင်စင်ဆေးပြ်ီး ခပ်သေးသေးလှီးထားပါ...။ ဆီပူပူဒယ်အိုးထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတစ်လုံး၊ ကြက်သွန်ဖြူးဓါးပြားရိုက်၊ ဂျင်းကိုအချောင်းချောင်းလေးတွေလှီးထားတာကို တစ်ခါတည်းထည့်ကြော် မွှေးလာရင် ကြိတ်ထားပြီးသားကြက်သားထည့် ကြက်သား ပဲငံပြာရည်အကြည်ထည့် ကြက်သားရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးလှီးထားတာထည့် ငရုတ်သီးစိမ်းထည့် ခရမ်းချဉ်သီးလိတ် လာရင်တာ့ မုန်ညင်းချဉ်ထည့်ပြီး ဆား၊ သကြားလိုသလိုထည့် ...။ အရသာချိုချိုချဉ်ချဉ်နဲ့ ထမင်းစားမှိန်လိုက်မယ့်ဖြစ်ခြင်း....။ (ကြိတ်ထားတဲ့ ကြက်သားထဲ အရသာရှိအောင် ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ ပြောင်းမှုန့်နဲ့ ဆီအနည်းငယ်ထည့်ပြီး နယ်ထားပါ)


ဂျပန်တိုဖူးဟင်းရည်

ရေဆူဆူထဲမှာ ကြက်သားမှုန့်အခဲလေးတစ်တုံးထည့် ပြီးတော့ ကြက်သွန်ဖြူသုံးမွှာလောက်အပြားရိုက်ထည့်...။ အတုံးတုံးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး၊ ခါဂျက်ဥနီ၊ ဂျပန်တိုဖူးပျော့တွေကို တပြိုင်နက်ထဲထည့်လိုက်ပါ...။ ဆယ်မိနစ်လောက်ဆက်တည်ထားပြီး သောက်ခါနီး ငရုတ်ကောင်းမှုန့်ဖြူးလိုက်ရင်... အဟာရဟင်းရည် တစ်ခွက်ရပါပြီ...။ ကြက်ဥကြိုက်ရင်လဲ ဖောက်ထည့်လို့ရပါသေးတယ်...။

မိုးငွေ့

Thursday, 19 August 2010

ကျမဖတ်ဖြစ်ခဲ့သောစာအုပ်များ...




သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ... ။ ခုတလော စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းမိတယ်....။ သိပ်အားတယ်လို့တော့မဟုတ်ဘူးပေါ့..။ ညဘက်...အင်တာနက်နဲ့ နည်းနည်းခပ်ကင်းကင်းနေပြီး... စာအုပ်တွေဖတ်ဖြစ်နေတာပါ..။ ဒီ“နောင်တကင်းရာသို့” ဆိုတဲ့စာအုပ်လေးကပြီးခဲ့တဲ့ ကျမမွေးနေ့တုန်းက ညီမလေးဆုမြတ်မွန်ဆီက လက်ဆောင်ရထားတာ...။ သူပေးတဲ့လက်ဆောင်က ဒီစာအုပ်လေးရယ်.. ပန်းချီဆွဲတဲ့ စာအုပ်တွေ...ရောင်စုံခဲတွေနဲ့ ကိရိယာစုံပါတယ်...။ ဆုမြတ်မွန်က ကျမလက်ရာပန်းချီတွေကို မျှော်လင့်တယ်ထင်ပါ့..။ ကျမမှ ပန်းချီမရေးတတ်တာဘဲ... ဒီတော့ အသုံးဝင်မယ့်ကလေးတွေအတွက် ကျမပြန်လှူလိုက်တယ်...။ ညီမကျေနပ်လိမ့်မယ်ထင်ပါတယ်..။

ကျမတို့ စာအုပ်အကြောင်းလေး စပြောရအောင်...။ ဦးစွာ ဆရာနန္ဒာသိန်းဇံရဲ့ နောင်ကင်းရာဆီသို့ ဆိုတဲ့စာအုပ်ကာဗာပန်းချီကိုပြောချင်ပါတယ်...။ ကိုနေမျိုးဆေးရဲ့ လက်ရာပါ..။ ဆရာ့ဆောင်းပါးတွေက နောင်တအကြောင်းတွေရေးထားတာဆိုတော့.. နောင်တကို ဘယ်လိုပုံဖော်ရင်ကောင်းမလဲလို့ ပထမသူစဉ်းစားမိတယ်...။ နောင်တဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အမှုရဲ့ အကျိုးဆက်ဆိုတော့ မကောင်းတဲ့ အရာပဲဆိုပြီး ညိုမဲမဲ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ရေးလိုက်ရင်ကောင်းမယ်ဆိုပြီး သူစဉ်းစားမိတယ်တဲ့...။ နောက်ထပ်စဉ်းစားမိတာက နောင်တဆိုတာ ဘာပဲပြောပြောကိုယ်အမှားလုပ်ခဲ့မိတာကို ပြန်ပြီးဆင်ခြင် သတိကပ်တာလဲ ဖြစ်နိုင်တယ်ဆိုပြီး... အကောင်းဘက်က မြင်ပြီး အဲဒီစုတ်ချက်မဲမဲတွေပေါ်မှာ အဖြူရောင်ပန်းခက်တွေ ဆွဲမယ်လို့ စိတ်ကူးပြီး နောင်တကို ပုံဖော်လိုက်ပါတယ်တဲ့ဗျာ...။

ဒီစာအုပ်လေးက... အင်တာဗျူးဂျာနယ်၊ phoenix ဂျာနယ်၊ ရုပ်ရှင်မမြုတေမဂ္ဂဇင်း၊ ပိတောက်ပွင့်မဂ္ဂဇင်း၊ ဓမ္မရိပ်မဂ္ဂဇင်း၊ Perfect မဂ္ဂဇင်းတို့မှာ ဆရာရေးသားခဲ့တဲ့ စာစုတွေကို တစ်စုတစ်စည်းထဲဖြစ်အောင် စာအုပ်အဖြစ်ပြန်လည် ထုတ်ဝေထားတာပါ...။ မာတိကာမှာ အကြောင်းအရာအားဖြင့် ၁၆ခုပါပါတယ်...။ အဲဒီခေါင်းစဉ် ဆယ့်ခြောက်ခုမှာ ဆရာရဲ့ အတွေးအမြင်တွေဘယ်လောက် အနှစ်သာရရှိတယ်ဆိုတာကို ကျမဖတ်မှတ်ထားတာလေးတွေကို ပြောပြချင်ပေမယ့်....ပြောပြစရာတွေက သိပ်များနေလို့ နောက်ပို့စ်တွေမှာပဲ ခေါင်းစဉ်တစ်ခုအနေနဲ့...ရေးသားဖော်ပြပေးပါ့မယ်...။ စာအုပ်လေးက အခင်းအကျင်းလဲလှတယ်...။ ခေါင်းစဉ်အခုတိုင်းမှာ ကိုနေမျိုးဆေးရဲ့ မဲနက်တဲ့ စုတ်ချက်ကြမ်းတွေပေါ်မှာ အဖြူရောင်ပန်းပွင့် ပုံစံမျိုးစုံတွေ့ရပါတယ်...။




ဆရာမဂျူးရဲ့ “အမှတ်တရ” ဆိုတဲ့စာအုပ်....။ ပန်းရောင်အဖုံးနဲ့က အဟောင်းတန်းမှာ ၀ယ်ထားတဲ့ ကော်ပီ၊ အနီရောင်အဖုံးနဲ့က ခုနောက်ဆုံးပြန်ထုတ်ထားတဲ့ “အမှတ်တရ”... မွေးနေ့တုန်းက မောင်လေးတစ်ယောက် ပေးထားတဲ့ လက်ဆောင်...။ နောက်တစ်အုပ်က ညီမလေးကို ဆရာမလက်မှတ်ထိုးပေးထားတဲ့ စာအုပ်လေးပါ....။ ကျမဆီမှာ အားလုံးသုံးအုပ်ဖြစ်သွားတယ်...။ ညီမလေးသဲသဲရဲ့ နာမည်ကိုတောင်ဆရာမက သဘောကျလို့ နောက်ထုတ်မယ့်လုံးချင်းတွေမှာ သုံးချင်တယ်လို့ပြောသွားပါသေးတယ်....။ နောက်တာလဲဖြစ်နိုင်ပါတယ်...။ ဆရာမရဲ့ ပထမဦးဆုံးလုံးချင်းတစ်အုပ်ဖြစ်ပြီး ဒီစာအုပ်ကို ကျမခုနှစ်တန်းနှစ်ကတည်းက စဖတ်ဖူးတာပါ...။ ဒါပေမယ့် အဲဒီတုန်းကဖတ်ထားတဲ့ ခံစားနားလည်မှုနဲ့ ခုနဲ့တော့ ကွာခြားသွားပြီပေါ့...။ ဒီစာအုပ်လေး စထွက်တော့ ဝေဖန်ရေးဆရာတွေရဲ့ တိုက်ခိုက်မှုကို အတော်ခံခဲ့ရတယ်လို့ ကြားဖူးခဲ့တယ်...။ အဲဒီခေတ်ကနဲ့မညီတဲ့ အရေးအသားတွေ ဇာတ်အိမ်တွေဖြစ်နေလို့....လို့ပြောကြပါတယ်...။ ကျမကတော့ ဂျူးရေးသမျှစာအုပ်အကုန်ကြိုက်တယ်...တော်တော်များများလဲ ၀ယ်စုထားဖြစ်တယ်...။ ဆရာမရေးတဲ့ စာအုပ်တိုင်းက မှတ်သားစရာ ပညာယူစရာတွေအမြဲ စွဲတင်ကျန်ရစ်စေတာချည်းပဲ...။ စာဖတ်ပရိတ်သတ်တွေကို မသိတာလေးတွေ အမြဲပေးတတ်တာမို့... နှစ်သက်မိတယ်...။



ညီလေးသဲသဲကို ဆရာမကိုယ်တိုင်လက်မှတ်ရေးထိုးပြီးပေးထားတဲ့
ခုနောက်ဆုံးကြိမ်ပြန်ထုတ်ထားတဲ့ အမှတ်တရပါ....



စာအုပ်အမျိုးအစားထဲမှာဆို ဘိုင်အိုဂရပ်ဖီလိုစာအုပ်မျိုးလည်း ကျမသိပ်ကြိုက်တယ်....။ လူတစ်ယောက်ရဲ့ ရာဇ၀င်အကြောင်းကိုဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ...။ သူဘာတွေလုပ်ခဲ့လို့ ခုလို ရာဇ၀င်မှာ ထင်ကျန်ရစ်သလဲဆိုတာကိုက စိတ်ဝင်စားစရာကောင်းနေတာ...။ ပုဂံရာဇ၀င်မှာ ကျန်စစ်မင်းအကြောင်း ရေးတဲ့ စာရေးဆရာတွေ ခပ်များများရယ်...။ ခေါင်စဉ်အမျိုးမျိုးအဖုံဖုံနဲ့ ဆောင်းပါး၊ ၀တ္ထု စသဖြင့်ရေးနေကြတာ...။ အရင်တုန်းက ဆရာချစ်ဦးညိုရေးတဲ့ “မဏိစန္ဒာဥဒါန်း” ဆိုတာဖတ်ဖူးတယ်...။ အဲဒါလေးကတော ဇာတ်လမ်းလေးဆင်ပြီးရေးထားတာ...။ အတ္ထုပ္ပတ္တိပုံစံမျိုးမဟုတ်ဘူး...။ နောက်ပုဂံရာဇ၀င်မှ သူရဲကောင်းများဆိုပြီးလဲ ထွက်တာပဲ...။ တော်တော်များပါတယ်...။ ခုကတော့ ဆရာမ ဒေါက်တာမတင်ဝင်းရေးတဲ့ “မင်းကျန်စစ်ကို ချစ်တဲ့ သူများ”ဆိုတဲ့ စာအုပ်ကျတော့.... ဆောင်ပါးမကျ... ၀တ္ထုမကျ ပုံစံလေးနဲ့ပါ...။ ဆရာမက ၀တ္ထုရေးနေကျမဟုတ်လို့... ၀တ္ထုတစ်ပုဒ်အနေနဲ့မရေးဘဲ... ကျန်စစ်သားအကြောင်းကို ပြန်ပြောပြတဲ့ စကားပြေဆန်ဆန်မျိုးလေးရေးထားတာကိုတွေ့ရပါတယ်...။ အဲဒီမှာ ရာဇကုမာရ်နဲ့ သမ္ဘူလတို့သားအမိ စကားအပြန်အလှန်ပြောတဲ့ ဒိုင်ယာလော့လေးတွေကိုလည်း တွေ့ရတယ်...။ မင်းကျန်စစ်ကိုချစ်တဲ့ သူများဖြစ်ကြတဲ့... အနော်ရထာ၊ မဏိစန္ဒာ၊ အပယ်ရတနာ၊ ရာဇကုမာရ်ခေါ် ဇေယျခေတ္တရာ၊ သမ္ဘူလမိဖုရား၊ ခင်တန် စတဲ့သူတွေနဲ့ ခေါင်းစည်းတစ်ခုစီခွဲပြီးရေးထားပါတယ်...။ မဟာမဂ္ဂဇင်းမှာ ဆရာမရေးခဲ့ဖူးတဲ့ ကျန်စစ်မင်းနဲ့ ပတ်သက်ဆက်နွယ်ချစ်ခင်ခဲ့ကြသူတွေရဲ့ တစ်ဦးချင်း အကြောင်းအရာတွေကို စုစည်းထားတာပါ ဒီစာအုပ်လေးမှာ...။


မိုးငွေ့

Wednesday, 18 August 2010

ချစ်သူ့လက်ဆောင်(၃)

သူ့အနံ့လေးရတာနဲ့ မနာလိုဖြစ်လောက်တယ်... Gucci ရဲ့ ENVY me


Estee Lauder Mascara ပုံကရိုက်တုန်းကအလျားလိုက်ပဲ
ဟိုလိုလှည့်လဲမရ ဒီလိုလှည့်လဲမရတဲ့နောက်ဆုံး မမKOM နဲ့ လက်ရာခြင်းနဲနဲတူသွားတယ်


Body Lotion အရမ်းမွှေးတယ် အဲဒီအတိုင်း ရေမွှေးလဲထွက်တယ်ပြောတယ်

Blazon မှာဝယ်ခဲ့တဲ့ Brazil ညှပ်ဖိနပ်လေး