Friday, 23 July 2010

ပြတ်လပ်ခြင်း...




တခါတခါ.......
ဘ၀ဟာ......
အဓိပ္ပါယ်မဲ့မဲ့သွားသလိုပဲ....
နှလုံးသားက ထုံကျင်အေးခဲ
စိတ်ဓါတ်တွေက အဟာရပြတ်လပ်
ဦးနှောက်လဲ အောက်စီဂျင်မဲ့နေတယ်
အရာတိုင်းအမှောင်တိုက်တွေ ကြီးစိုး
ကကြိုးပျက် အရုပ်တစ်ရုပ်လို
ခြေလှမ်းတွေယိုင်နဲ့
အားအင်တွေချိခဲ့ပေါ့
ငါ့ခန္ဓာအတွက်
ဆန်ပြုတ်တစ်အိုး
အတွေးနစ်လို့
တူးခြစ်ခဲ့ရပြီ....။


ဆန်+ပဲနီ+ခါဂျက်ဥ+ရွှေဖရုံသီး ရောနှောထားတဲ့ ဆန်ပြုတ်အိုးတစ်အိုးကိုတည်ရင်း ဒီကဗျာလေးရေးချဖြစ်ခဲ့တယ်....။


မိုးငွေ့

Thursday, 22 July 2010

3D




ငိုမလို ရီမလို မျက်နှာဖုံး
သူအမျိုးမျိုးပြောင်းတပ်လို့
Gim Carrey တောင်ရှုံးလောက်တယ်
ရွက်သစ်နဲ့မြစံပါယ်
ဘယ်နေရာကိုရွေးချယ်မလဲ
အကျပ်ရိုက်တဲ့ မေးခွန်းတွေနဲ့
နောက်ကြောင်းအိုက်သူမို့
မလုံမလဲနဲ့ မျက်နှာဖုံးနောက်တစ်ခု
သူပြောင်းသုံးပြန်တယ်....။

အို... သူငယ်မရယ်...
ငါရယ်...အသဲကွဲမင်းသားလေးရယ်...
ကျီစယ်လိုတဲ့ စကားလုံးတွေနဲ့
ရယ်သွန်းသွေးခဲ့တာကို
မျက်စောင်းတွေနဲ့ မခွင်းလိုက်ပါနဲ့
ဘလော့ဂ်ဂါသုံးယောက်ဆုံတဲ့
ဒီစားတော်ပွဲညမှာ
ကြေးအိုးလဲပါလေရဲ့...
အချိုပွဲ ကော်ဖီ လ္ဘက်ရည်..
Alpine လဲပါလေရဲ့...
ကဗျာတိုစလေးတွေပါလေရဲ့..
အချိန်နာရီလေတွေလဲပါလေရဲ့...
မိုးငွေ့နဲ့ မြေသင်းရနံ့လဲပါလေရဲ့...
မှောင်ငွေ့ရဲ့ အေးစိမ့်မှုလဲပါလေရဲ့....။


မောင်တူးရောက်ခါစက ကျမရယ် မောင်တူးရယ် နှိုင်းရယ် ဆုံတုန်း လက်ဖက်ရည်သောက်ကြရင်း မယ်နှိုင်းကို ၀ိုင်းစကြတုန်းက အဖြစ်ပျက်လေးကို ရေးထားခဲ့ဖူးတာ...ခုမှတင်ဖို့သတိရသွားတာ...။

မိုးငွေ့

Wednesday, 21 July 2010

ယိုးဒယားအုန်းနို့မုန့်ဟင်းခါး

ယိုးဒယားကြက်သားအုန်းနို့မုန့်ဟင်းခါး

တွဲဘက်ထည့်စားရတဲ့ နံနံပင်၊ ရှမ်းနံနံ၊ သံပရာသီး၊ ငံပြာရည်စိမ်ထားတဲ့ ငရုတ်သီး


သူပြန်ရောက်တုန်း ယိုးဒယားကြက်သား အုန်းနို့မုန့်ဟင်းခါးစားချင်တယ်ဆိုလို့ မေမေ့အိမ်မှာအတူ သွားစားကြတာ...။ ဘယ်လိုချက်ရတယ်ဆိုတာ ပြောပြမယ်...။

လိုအပ်တာတွေက...

1. ကြက်တစ်ကောင်
2.အုန်းသီးတစ်လုံး (နှစ်လုံးထိထည့်လို့ရတယ်)
3.ခရမ်းသီး
4.ပဲတောင့်ရှည်
5.ခရမ်းကစော့သီး
6.စပါးလင်
7.ရှောက်ခါးရွက်
8.ပင်စိမ်းရွက်
9.နံနံပင်၊ရှမ်းနံနံ

ချက်နည်းလေးက....

အရည်ညှစ်ပြီးသား အုန်းနို့ဦးရေကို ဒယ်ထဲမှာ ပဲဆီနဲ့အတူ အုန်းဆီချက်လေးဖြစ်တဲ့အထိ ကြိုရပါမယ်...။ အုန်ဆီချက်လေးဖြစ်ပြီဆိုရင် ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးထောင်းထားတဲ့အနှစ်ကိုဆီသတ်လိုက်ပါ....။ အနှစ်တွေ မွှေးလာပြီဆို လက်တစ်ဆစ်ခုတ်ထားတဲ့ ကြက်သားတုံးလေးတွေကိုထည့်လိုက်ပါ...စပါးလင်ကိုတော့ ဓါးပြားရိုက်ပြီးထည့်။ (ကြက်တစ်ကောင်လုံး သုံးရင်ပိုကောင်းပါတယ်...ခေါင်း လည်ပင်း အသည်းအမြစ် အတောင်ပံ ခြေထောက်အစုံပေါ့)...။ ကြက်သားဆီပြန်လာရင် ပိုတဲ့ အုန်းနို့ရည်တွေလောင်းထည့်လိုက်ပါ... အပေါ့အငံကို ကြက်သားမှုန့်လေးခတ်..။ ကြက်သားကျက်ရင် ချွေထားတဲ့ ခရမ်းကစော့သီး (သူက အုန်းနို့ဟင်းချက်ရင် ထည့်ရတာ.... သူ့ကိုကိုက်စားလိုက်တာနဲ့အုန်းနို့ကြောင့် အကြောတက်တာ သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်)၊ လှီးထားတဲ့ ခရမ်းသီး၊ ပဲတောင့်ရှည်တွေကိုထည့်ပြီး ရေလိုရင် ဆူပြီးသားရေနွေးထည့်ပါ...။ ပုံထဲမှာက ခရမ်းသီးမ၀ယ်ထားလို့ ထည့်မချက်ထားပါဘူး ။ ဟင်းအိုးချခါနီး အမွှေးအကြိုင်အတွက် ရှောက်ခါးရွက်ကိုခတ်လိုက်ပါ..။ ဟင်းအိုးကျက်သွားရင်...ပန်းကန်ထဲ မုန့်ဖတ်ထည့် အဲဒီဟင်းအဖတ်တွေအရည်တွေဆမ်း လှီးထားတဲ့ ရှမ်းနံနံ၊ နံနံပင်၊ ပင်စိမ်းရွက် ထည့် ... သံပုရာသီးညှစ် အငံလိုရင် ငရုတ်သီးမိုးမျှော်စိမ်ထားတဲ့ ငံပြာရည်လေးထည့်လိုက်.. မုန့်ဖတ်လေးကို ဟင်းရေလေးနဲ့ ခတ်စားလိုက် ငရုတ်သီးစိမ်းလေးတွေကိုပါကိုက်လိုက်နဲ့ ကောင်းမှကောင်းပဲ...။ မယုံရင်ချက်စားကြည့်...။

မိုးငွေ့

Monday, 19 July 2010

Save The Children...



ကျမတို့သွားလှူနေကျ ဆရာမဒေါ်ငိုက်ဇာကျင်း ပြုစုပျိုးထောင်ထားတဲ့ အနန္တမေတ္တာရိပ်မွန် မိဘမဲ့ကလေးဂေဟာမှာ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ချင်းပြည်ကနေထပ်ရောက်လာတဲ့ အသက်ဆယ့်ငါးနှစ်ကလေးမလေးဟာ မွေးရာပါ (မရိုသေ့စကား) စအိုပေါက်ပါမလာပါဘူး...။ မိဘတွေကလည်း အရမ်းဆင်းရဲလွန်းတော့ ကလေးကို ငယ်စဉ်ကတည်းက ဆေးကုသမှုခံယူဖို့ မတတ်နိုင်ကြပါဘူး...။ ခု အဲဒီကလေးမကို ဆရာမဒေါ်ငိုက်ဇာကျင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပြပြီး ခွဲစိတ်ကုသဖို့လုပ်နေပါတယ်...။ ဆရာဝန်ကြီးတွေကလည်း စအိုပေါက်ပါမလာဘဲ ဒီအသက်ထိရှင်သန် နေထိုင်လာနိုင်တာကိုပဲ အလွန်းအမင်း အံ့အားသင့်ပြီး ဒီကေ့စ်ကို အရမ်းစိတ်ဝင်စားနေကြပြပါတယ်...။ တစ်နေ့က ဆရာမက ကျမဆီကို ကလေးမလေးအတွက် အလှူခံလာလို့ ကျမ နဲ့ ညီမလေး သဲသဲ တို့ ငွေငါးသောင်းလှူလိုက်ပါတယ်...။ ကျမညီမတစ်ဝမ်းကွဲတစ်ယောက်ကလည်း အဲလို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့တို့ လူအိုရုံတို့မှာ လှူချင်တယ်လို့ ပြောထားတော့ .... ချက်ချင်းပဲ ကျမဖုန်းဆက် အကြောင်းကြားလိုက်မယ် လုပ်နေတုန်းမှာပဲ.... ကံကောင်းထောက်မစွာသူကလည်း နိုင်ငံခြားသွားဖို့ လေယာဉ်ကွင်းဆင်းခါနီး ကျမကို ဘာမှာမလဲလို့ဖုန်းလှမ်းဆက်တာနဲ့ အတော်ပဲ ကျမသူ့ကိုအကျိုးကြောင်းပြောပြလိုက်တယ်... ။ အဲဒီကလေးမလေး ဆေးရုံတက်တဲ့ စရိတ်အကုန်လုံးသမီးလှူချင်တယ် မမီးစဉ်စီပေးလို့ပြောလိုက်တော့... ကလေးမလေးကိုယ်စားရော ဆရာမအတွက်ပါ ၀မ်းသာပီတိဖြစ်သွားရတာ တကယ်ပါပဲ...။ ဒါနဲ့ ဆရာမဆီ ဖုန်းဆက်အကြောင်းကြားပြီး နောက်နေ့ဆရာမကိုယ်တိုင် ကျမကိုလာတွေ့ပါတယ်။ ကလေးမလေးအတွက် တစ်နေ့တာကုန်စရိတ်ခန့်မှန်းခြေဘယ်လောက်ကုန်လဲ စသဖြင့် ပြောဆိုညှိနှိုင်းကြပြီး ငါးရက်ကို တစ်ကြိမ် ကုန်ကျစရိတ်ငွေလာထုတ်ပေးဖို့ July 15 ရက်နေ့ကစပြီး တာဝန်ယူမှာဖြစ်ပါတယ်... ။ ဆရာမလဲ စုဆောင်းထားတဲ့ ကျောင်းစရိတ်ထဲကနေ ဆေးရုံကုန်ကျစရိတ်ကို ဖဲ့ဖဲ့ပေးနေရတော့ ကလေးတွေအတွက် မလောက်မငဖြစ်နေခဲ့ရတယ်..။ ခုတော့ သူလဲ ဘာပဲဖြစ်ဖြစ်စိတ်အေးသွားရပြီပေါ့...။

ကျမလဲ ကျမတတ်နိုင်သလောက်ကူညီပေးမယ်လို့...။ ကျမအနီးပတ်ဝန်းကျင်ကသူငယ်ချင်းတွေရော အဝေးရောက်နေကြတဲ့ သူငယ်ချင်းတွေရော ဒီကလေးအတွက် အလှူငွေကူချင်တယ်ဆိုရင် လောလောဆယ် သူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထွေထွေခွဲစိတ်ကုသဆောင် အဆောင် ၁၃/၁၄ မှာ တက်ရောက်ကုသနေပါတယ်...။ နာမည်က မကျင်ကင့်ဒွန့်၊ အသက် ဆယ့်ငါးနှစ်ရှိပါပြီ...ချင်းလူမျိုးဖြစ်ပါတယ်...။ စေတနာရှိသူများ ဆေးရုံမှာ ကိုယ်တိုင်သွားရောက်အလှူငွေကူနိုင်သလို အောက်မှာပေးထားတဲ့ ဂေဟာမှာလဲ ဖုန်းဆက်လှူဒါန်းနိုင်ပါသေးတယ်...။ အဝေးရောက်နေတဲ့ ကျမညီမလေး ဟန်နီလေးကလဲ အလှူငွေ ခုနှစ်သောင်းလှူပေးဖို့ ဖုန်းဆက်လာပါတယ်...။ ကလေးမလေးအတွက် ၀မ်းသာစရာပါပဲ...။


အနန္တမေတ္တာရိပ်မွန်မိဘမဲ့ကလေးဂေဟာ
အမှတ် (၁၉၄)၊ ၉ ရပ်ကွက်၊ နဂါးနိုင်လမ်း၊
၇/၈လမ်းဆုံ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 584026

မိုးငွေ့

Friday, 16 July 2010

အသွင်တူ၏ မတူ၏...

ဒီပုံလေးကို သိပ်ကြိုက်လို့ ပြန်သုံးလိုက်ပါတယ်


တကယ်စုံဖက်တဲ့ ဇနီးမောင်နှံတွေဟာ ရုပ်ရည်ချင်းတူတတ်ကြတယ်တဲ့...။ တော်တော်များများစုံတွဲတွေကိုတော့ သတိထားကြည့်မိတယ်...။ တစ်ချို့ဆို မောင်နှမလို့တောင်ထင်ရတယ်...။ ကျမတို့ကရော...ရုပ်အသွင် ဘယ်နေရာမှာတူကြလဲ....။ ဘာမှမတူကြဘူး...သူက ကျမထက်အသားပိုညိုတယ်... ဒါကြောင့် သူ့ကို ကျမက ချောကလက်လို့ ချစ်စနိုးလေးနာမည်ပေးထားတာ..။ တစ်ခုတော့ရှိတယ်... ကျမတို့နှစ်ယောက်ပြုံးလိုက်ရင် နှုတ်ခမ်းဒေါင့်မှာ အချိုင့်ကလေးတွေ ပါတာချင်းတော့တူတယ်..။ ရာသီခွင်မှာဆို သူက Aries ဖွား ကျမက Pisces.... ရာသီခွင်ရဲ့ ဟိုဘက်အစွန်နဲ့ ဒီဘက်အစွန်မှာ...။ လပိုင်းအနေနဲ့တွက်ကြည့်ရင် လချင်းကပ်လျက်ကျတယ်...။ ကျမက မတ် သူက ဧပြီ....။ သူက တနင်္ဂနွေသား ကျမက တနလာင်္... အကောင်ကြီးတွေချင်းတူတယ်...။ ကျမထက် သူနှစ်နှစ်ငယ်ပေမယ့် မသိတဲ့လူတွေက သူ့ကိုကျမထက် ငါးနှစ်လောက်ကြီးတယ်လို့ ထင်တတ်ကြတယ်...။ ကျမတစ်ယောက်ထဲ အပြင်ထွက်ရင် ဘယ်သူမှ ကလေးအမေဆိုတာ မယုံကြဘူး ...ခုထိ(အဟဲ...အဲလိုလန်းတာ)။

တူတာလေးတွေကြည့်မယ်ဆိုရင်တော့...လူတွေကို တတက်တအား အကူအညီပေးတတ်တာ... သနားတတ်တာချင်းတူတယ်...။ ကလေးလေးတွေကို ချစ်တတ်ကြတယ်တယ်...။ ပေါင်းအသင်းခုံမင် တတ်ကြတယ်..။ ဒါကတော့ လူမှုရေးအပိုင်းပေါ့။ ၀ါသနာပိုင်းမှာတော့ ဂီတကိုချစ်မြတ်နိုးတတ်ကြတယ်...။ သူက သီချင်းဆိုသိပ်တော်တယ် ဂီတာတီးလဲကျွမ်းကျင်တယ်... ကျမကို စည်သူလွင်ရဲ့ “မျက်ဝန်း”သီချင်း ဆိုပြတတ်တယ်။ ခရီးထွက်တာ ၀ါသနာပါတယ် အထူးသဖြင့် ပင်လယ်ကမ်းခြေမှာ သွားအနားယူတာမျိုး ကြိုက်ကြတယ်...။ သူကအငယ်ဆုံး ကျမက အကြီးဆုံးဆိုပေမယ့် မိသားစု မောင်နှမတွေကို ဦးစားပေးချစ်တတ်ကြတာချင်းတူတယ်...။ သူကအိမ်မှာအငယ်ဆုံးပေမယ့် လူကြီးဆန်တယ်... အကြီးဆုံးဖြစ်တဲ့ ကျမကတော့ သူနဲ့တွေ့ရင် ကလေးပဲ...။ အော်...တစ်ခုရှိသေးရဲ့... ကျမတို့ အကလဲ ကျွမ်းကျင်ကြတယ်... ကျမကို ကတတ်အောင် သူပဲ သင်ပေးခဲ့တာ...။ ၀ါသနာတူတော့ ညှိနှိုင်းရတာ သိပ်မခက်တော့ဘူးပေါ့...။ အလုပ်ကိုချစ်ကြတာလဲတူတယ်...။ အလုပ်ခွင်ထဲရောက်သွားရင်တော့ အားလုံးကိုမေ့ပဲ...။ ဘ၀ကို အေးအေးချမ်းချမ်းနဲ့ ကိုယ့်အတွက်ချည်းမဟုတ်ဘဲ လူတွေအတွက်အကျိုးရှိတာလေးတွေလုပ်ရင်းနဲ့ပဲ ကုန်ဆုံးချင်ကြပါတယ်...။

အဓိကအရေးအကြီးဆုံးပဲ....ဘာသာရေး...။ သူက ခရစ်ယာန် ကျမကိုးကွယ်တာက ဗုဒ္ဓဘာသာ....။ ဘာသာမတူသူနှစ်ယောက်ပေါင်းဖက်ရတာ လူမှုရေးဘက်မှာရော ရှုပ်ထွေးမှုတွေ မကြာခဏရှိတတ်ပါတယ်...။ သူ့အဖေနဲ့အမေလဲ ဒီလိုပဲ....။ အဖေက ဗုဒ္ဓဘာသာ အမေက ခရစ်ယာန်...။ ကျမတို့နှစ်ယောက်လည်း အဖေနဲ့အမေတို့လိုပဲ သီးခံခွင့်လွှတ်နားလည်ခြင်းဆိုတာကို အမြဲလက်ဆွဲကျင့်သုံးခဲ့လို့... တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလေးတွေ အမြဲညှိယူထားတော့ ပြဿနာကြီးကြီးမားမားတွေ သိပ်မရှိတော့ဘူးပေါ့...။ သူဘုရားကျောင်းတက်ရင် ကျမလိုက်ပေးသလို ကျမ ဘုရားသွားရင်လဲ သူကြည်ကြည်ဖြူဖြူ လိုက်ပေးပါတယ်။ ကျန်းမာရေးအနေနဲ့တော့ သူက သူ့အမေရဲ့အမွေ ရင်ကျပ်တာရထားတော့ ကျန်မာရေးကိုအမြဲ ဂရုတစိုက်ပိုရှိတယ်...။ ကျမကတော့ ပေပေတေတေ.... အပ်နဲ့ထွင်းရမယ့်ဟာကို ပဆိန်နဲ့ထွင်းရတဲ့ အထိထားတယ်...။ သူက အိမ်သန့်ရှင်းရေးလုပ်သလောက် ကျမအတွက်တော့ အိမ်ရှင်းတဲ့အလုပ်က ပျင်းစရာအကောင်းဆုံး...။ မီးဖိုချောင်ဝင်ပြီး ဟိုဟာလေးချက်စား ဒီဟာလေးချက်စားမယ်ဆိုရင်တော့ ကျမကရတယ်...။ ကျမကရေချိုးပျင်းတယ်.... ရေချိုးခါနီးဟိုဟာလုပ်နိုးနိုး ဒီဟာလုပ်နိုးနိုးနဲ့ လုပ်နေတတ်ရင် သူက ခုချက်ချင်းသွားမချိုးဘူးလား တစ်ကနေ တစ်ဆယ်ထိရေလို့မှ သွားမချိုးရင် ဘယ်လိုဒဏ်ခတ်မယ်နဲ့ ခြိမ်းခြောက်တော့မှ ရေချိုးဖြစ်တာမျိုး....။ ကိုယ်ကသာရေချိုးပျင်းတာ...သူ့ကိုတော့ အမြဲသန့်ပြန့်မွှေးကြိုင်စေချင်တယ်...။

ကျမက ဘိုစာကြိုက်သလောက် သူကတော့ မြန်မာထမင်းဟင်း ငပိရည်တို့စရာတွေကိုကြိုက်တတ်တယ်...။ ကျမကော်ဖီခါးခါးသောက်ရင် သူက လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ သောက်တတ်တယ်...။ ညဘက်သူက အိပ်ယာဝင်တာနဲ့ အိပ်ပျော်တာမြန်တယ်....။ ကျမကတော့ အိပ်ခါနီးဆို အတွေးပိုရှုပ်တယ် မနက်ဖြန်လုပ်ရမယ့်အလုပ်၊ သားလေးအတွက် ဘာလေးလုပ်ရမယ်၊ ဘလော့ဂ်ဘာရေးပြီးတင်ရင်ကောင်းမလဲ... တစ်ခုခုကို အမြဲစဉ်းစားပြီးမှ အိပ်တတ်တယ်....။ ကျမက စာအုပ်စာပေကိုချစ်ပေမယ့် သူကတော့စာဖတ်ပျင်းတယ်... သူ့အလုပ်နဲ့ပတ်တက်တဲ့စာလောက်ပဲသူစိတ်ဝင်စားတယ်...။ ကျမနားသူရှိချိန်မှာ ကျမ ကွန်ပျူတာရှေ့ရောက်ရင် ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်နေရင်... သူမနာလိုဖြစ်တတ်တယ်... သူရှိနေလျက်နဲ့ သူ့ကိုဂရုမစိုက်လို့တဲ့....။ ဒါလည်းဟုတ်ပါတယ် သူက ခရီးသွားရတာများတယ်လေ..။ ဒါပေမယ့်လည်း ကွန်ပျူတာခလုတ်တွေ နှိပ်ရတာများလို့ လက်ချောင်းတွေ လက်ကောက်ဝတ်တွေ နာနေရင်တော့ သူက ဆေးလိမ်းပြီးနှိပ်ပေးတတ်သေးတယ်... အဲလိုလေး...။ ကျမဘလောက်ကို သူတစ်ခါမှ လာမလည်ဖူးဘူးဆိုရင် ရှင်တို့ယုံကြမလား...။ သူ့အကြောင်းလေးကိုဘယ်လိုလေးရေးထားပါတယ် သူပေးတဲ့ လက်ဆောင်တွေကို ဘယ်လိုလေးတင်လို့ ဘယ်သူတွေက ကွန်မန့်ဘယ်လိုလာပေးပါတယ်လို့ ပြောပြရင်တော့ တပြုံးပြုံးနဲ့ပေါ့ သူက...။ ကျမတို့နှစ်ယောက်ဟာ ဇစ်တစ်ချောင်းရဲ့ အသွားတွေလိုပဲ တစ်ယောက်ကွပ်လပ် တစ်ယောက်ဖြည့်ပေးနေကြတာပါ။ အားကစားဘက်မှာဆို သူကဘောလုံးကန်တာဝါသနာပါတယ် ကျောင်းတုန်းက သူ့မေဂျာအသင်းမှာ သူက ဂိုးသမား..။ အိမ်ဝင်းထဲမှာဆို ညနေဘက် သူ့ညီဝမ်းကွဲတွေနဲ့ ဘော်လီဘောပုတ်တယ်...။ ကျမကတော့ ငယ်ငယ်က တိုက်ကွမ်ဒိုတက်ဖူးတယ်....ရေကူးတယ်...။ ခုတော့ ကြွက်တက်တတ်လွန်းလို့ ရေမကူးဖြစ်တာကြာပြီ...။

ကျမတို့နှစ်ယောက် ခုလိုအေးအေးချမ်းချမ်းနဲ့ မိသားစုဘ၀လေးဖြစ်လာဖို့ ရှေ့ပိုင်းမှာ လူမှုရေး အခက်ခဲပြဿနာတွေပေါင်းစုံကို နှစ်နဲ့ချီပြီး ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရတာပါ...။ ခုလို ခိုင်မြဲစွာ နားလည်မှုတွေရှိလာဖို့ ရင်နှီးယူခဲ့ရတာတွေ အများကြီးပါပဲ...။ ကျမတို့အိမ်ထောင်သက်လေးနှစ်ရှိသွားပြီ သိပ်ကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူပေါ့....။ ကျမဘ၀မှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြောပြပါဆိုရင်တော့ သူ့ကိုဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာကိုပဲပြောပါရစေ...။

ဒီတဂ်ပို့စ်ကို မသက်ဝေဆီမှာအရင်ဆုံး သွားဖတ်တာပါ...။ မသက်ဝေရေးပြီဆိုရင်တော့ အဆုံးမှာဖတ်ကြည့်စရာမလိုဘူး အမချစ်ကို တဂ်ပြီးသားပဲ....။ အခုလဲ အမချစ်ဆီသွားဖတ်ရင်းနဲ့ အဆုံးနား မရောက်ခင်ကတည်းက ကျမကိုအမတော့ တဂ်တော့မှာပဲလို့ ရင်တထိတ်ထိတ်ရှိလာရင်းနဲ့ တကယ်လဲ အဆုံးပိုဒ်မှာ ကျမနာမည်ကိုတွေ့လိုက်တော့ ကိုယ့်ကိုယ်ကိုတောင်အံ့သြသွားတယ် ဒီလောက်ခန့်မှန်းတာ မှန်ရသလားလို့ ...။ အမချစ်ရေ.... အမတဂ်တဲ့ပို့စ်လေးကို သိပ်မစဉ်းစားတော့ဘဲ အမရေးတဲ့ ဖလိုးလေးအတိုင်း လိုက်ရေးလိုက်တယ်...။ ကျေနပ်ပါတယ်နော်...။ တဂ်ပို့စ်ကိုကြောက်တယ်သာ ပြောတာ ညတွင်းချင်းရေးချင်နေတာ ...အဟီးး...။

မိုးငွေ့

Wednesday, 14 July 2010

ကဗျာငိုတဲ့ည....


၁၅.၀၆.၂၀၁၀.....
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်...
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ်...

အသည်းကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယိုဖိတ်သေဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက်မှုက
ယုံတမ်းပုံပြင်လိုလွင့်ပါးသွားရ

ဒီလိုပါပဲ....
အတိတ်မဲ့တဲ့ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေးပင့်သက်ချ

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း
ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ

နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ.....

ရင်ခုန်သံတွေထပ်တူကျ
အော်မြည်သံတွေတဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ်....
ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့

ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက်..

လွင့်ပါးသွားရတဲ့ဖြစ်စဉ်တွေ
သေခြာနေတဲ့မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့ပေါ့....

အဆုံးသတ်တွေမလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ်

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ညခင်းလေး
မောင်နှမတွေစုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ....တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀...ည။



ကဗျာငိုတဲ့ညကို အဖြူရောင်နတ်သမီး၊ ညလင်းအိမ်၊ အရုပ်ကလေး၊ မိုးငွေ့၊ အနှိုင်းမဲ့ တို့ဘလော့ဂ်သူငယ်ချင်း ငါးယောက်စုပေါင်းစပ်ဆို သီကုံးထားခြင်းဖြစ်ပါတယ်...။

မိုးငွေ့

Tuesday, 13 July 2010

အပြစ်ကြီးကြီးးး


နေ့များဟာ ကုန်ဆုံးတာမြန်လွယ်
တစ်ရက်ပြီးတစ်ရက်
တစ်နှစ်ပြီးတစ်နှစ်မြန်တယ်
နင်နဲ့ငါ အတူမခွဲမခွာရှိဆဲ
အကြိမ်များစွာ ရန်ဖြစ်ကာငိုမြဲ

ဟူးးး....ရှင်းလို့မရတဲ့ ဒီအရှုပ်တွေ
ဟူးးး.... ရှုပ်ပွထတဲ့ စိတ်ကူးတွေ
နင်မေ့နိုင်လား...
ရှောင်ပြေးလို့လွယ်မှာလား...

ရင်ထဲမှာ ငါပျောက်ကွယ်ပြီလား
စိတ်ကူးတွေယှက်ရောထွေးနေလား
ငါပြောတာ နင်နားမ၀င်ပါလားးကွာ....
ငါချစ်တာ အပြစ်ကြီးနေတာလားကွာ

ဟူးးး....စုတ်ပြတ်သတ်သွားတဲ့ ရင်ဘတ်တွေ
ဟူးးးး... သုံးစားမရတဲ့ ငါ့အသွေးအသား
အိပ်မက်တွေလဲ မှုန်ဝါးရီဝေလို့သွား....


ဒီ “အပြစ်ကြီးကြီး” ဆိုတဲ့သီချင်းလေးဟာ... ချစ်ဆုဝေ ချစ်သုဝေတို့ ညီအစ်မနှစ်ယောက်ရဲ့ တရှိုက်မက်မက်စီးရီးထဲက တစ်ပုဒ်ပါ....။ ခု ဗီစီဒီထွက်လို့ ၀ယ်ကြည့်လိုက်တာ...။ ဒီတစ်ပုဒ်ကို သိပ်ကြိုက်တယ်...။ သီချင်းပုံစံ....စာသား.....ဘာမှန်းမသိတဲ့ခံစားမှု.....ရိုက်ချက်.....မယ်လိုဒီ.... အိုင်ဒီယာ.....အားလုံးကြိုက်တယ်...။ ပြီးတော့ ထရီဇာကိုယ်တိုင်ရေးထားတဲ့ Own Tune လေး...။ သူသိပ်ကြိုက်လို့ ဟိုးးးး လွန်ခဲ့တဲ့ခြောက်နှစ် ကတည်းကရေးထားပြီး စီးရီးတစ်ခွေလုပ်တိုင်း ပြုတ်ပြုတ်ကျန်ရစ်ခဲ့တဲ့ သီချင်းလေးလို့လဲပြောပါတယ်...။ ဒီတစ်ခွေလုံးမှာလဲ သူ့အကြိုက်ဆုံးသီချင်းလေး.... MRTV 4မှာတော့ ခဏခဏလွှင့်တာတွေ့တယ်....။ သီချင်းကို MTV ရိုက်တော့ ဒါရိုက်တာလဲ ထရီဇာကိုယ်တိုင်ပဲ သရုပ်ဆောင်လဲသူပဲ...။ မိုးပျံပူဖေါင်းကလေးတစ်လုံးနဲ့ ထရီဇာနဲ့ကို အရင်ရိုက်ပြထားတာ ဘောလုံးကလေးတစ်ခုပဲအ၀ါရောင်ခြယ်ထားပြီး ကျန်တာအားလုံး Black & White လုပ်ထားတယ်....။ အဆုံးထိသာကြည့်ပြီးသွားတယ်...။ ကြည့်တဲ့ ပရိတ်သတ်ကို သူ ဘာမက်ဆေ့ ပေးချင်တာလဲ မသိရဘူး...။ အဲလို ဘာမှန်းမသိတဲ့ ခံစားမှုလေးကို ပေးချင်တာလို့လဲ ထရီဇာကပြောပါတယ်...။ ကျမကလဲ အဲလို ဘာမှန်းမသိ ဘာကိုပြောပြချင်မှန်း မသိတာလေးကိုကြိုက်တယ်။ သီချင်းခေါင်းစဉ်ကလဲကြည့် အပြစ်တောင်မှ ရိုးရိုးမဟုတ်ဘူး “အပြစ်ကြီးကြီး”တဲ့...။

မိုးငွေ့

Friday, 9 July 2010

သီးရွက်စုံသုပ် နဲ့ သလဲသီးဖျော်ရည်

ဘိုစားပဲသီး၊ ခါဂျက်ဥ၊ ရေပြောင်းဖူး နဲ့ မုန်လာဖြူထုပ်တွေကို မိုင်ရောနစ်နဲ့ သုပ်ဖို့ပြင်ထားတာ


သီးရွက်စုံသုပ်

သလဲသီးဖျော်ရည်


နေမကောင်းတာနဲ့ ဆရာဝန်က အသီးရွက်များများစားပေးဆိုလို့... စားချင်တာလေးကို ကျမ...ချစ်ချစ်ကြီးက ကိုယ်တိုင်လုပ်ပေးထားတာ...။ သူပြန်ရောက်စက Park Royal မှာ မိသားစုလိုက် ဘူဖေးသွားစားကြတယ်...။ အစုံပဲ အန္ဒိယစာ၊ အီတလီစာ၊ တရုတ်စာ၊ ဟော့ပေါ့နဲ့ ဘာဘီကျူးလဲ ပါသေးတယ်...။ တစ်ယောက်ကို ဆယ့်ခြောက်ကျပ်တဲ့...။ သူက သူ့ကုမ္ပဏီက ဧည့်သည်ကိုကျွေးနေကျမို့ contract လုပ်ထားတော့ တစ်ယောက်ကို ဆယ့်လေးကျပ်ပဲကျတယ်...။ ကျမကတော့ အီတလျံစာပိုကြိုက်တယ်...။ အမဲသားစတိတ်ကလဲကောင်းမှကောင်းပဲ ချီးစ်များများနဲ့နှပ်ထားတာ...။ ပင်လယ်စာတွေအစုံစားလိုက်တယ် သံလွင်ဆီနဲ့အရွက်စုံရယ် ပါစတာရယ်ဆလပ်လုပ်ထားတာလေးလဲကောင်းတယ်...။ အီတာလျံစွပ်တော့ အီလို့မသောက်တော့ဘူး ။ အမဲသား ပင်လယ်စာနဲ့ အရွက်စုံ ဟော့ပေါ့ စားလိုက်တယ်...။ နာလန်ထခါစမို့ စားရတာခံတွင်းတွေ့နေတာပေါ့....။ ဒါနဲ့ မောင်ရယ်... ဒါမျိုးအစာက သဲနဲ့တည့်တယ် နေ့တိုင်းစားရရင် သိပ်ကောင်းမှာပဲနော်လို့ပြောတော့... အင်း...ညည်းရောဂါကလဲ သဌေးရောဂါပါလားတဲ့...။ အဲဒါကြောင့် ကျမကို ခုလို အိမ်ဖြစ် အီတလျံစာလေး ကိုယ်တိုင်လုပ်ပေးတာဆိုပါတော့...။ တကယ်တမ်း ခုလိုဆလပ်သုပ်က ရုရှားသုပ်ကပိုကောင်းတာ...ပြောင်းဖူးစေ့ ခါဂျက်ဥ ပဲစိမ်းလုံး သံလွင်သီးနဲ့ သံလွင်ဆီတွေကို မိုင်ရောနစ်နဲ့ ရောမွှေလိုက်... ကောင်းမှကောင်းပဲ...။

အဲဒီညနေစာစားတဲ့ နေ့က အဖြစ်ပျက်တစ်ခုကိုပြောပြရဦးမယ်...။ ကျမတို့ အနောက်ဘက်ခပ် လှမ်းလှမ်းတစ်ဝိုင်းမှာ ဥရောပဘက်ကထင်တယ် မိသားစုတစ်စုလာစားကြတယ် ကလေးလေးယောက်ပါတယ်....။ အငယ်ဆုံးသမီးလေးက သားနဲ့ရွယ်တူလောက်ပဲ ရှိမှာ နှစ်နှစ်ကျော်ကျော် အရွယ်ပေါ့...။ ကလေးတို့ထုံးစံပေါ့ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးနဲ့ အချိုပွဲရှိတဲ့ ၀ိုင်းနား ရစ်သ်ီသီနဲ့ပေါ့...။ ရေခဲမုန့်ကိုသွားချောင်းလိုက်...။ ကိတ်မုန့်ခွက်လေးတွေကိုသွားယူလိုက်နဲ့လုပ်နေကြတာ...။ ကလေးမလေးက ချစ်စရာလေးပဲ ဆံပင်ခွေခွေ ပါးဖေါင်းဖေါင်းလေးနဲ့...။ ကျမတို့စားသောက်ပြီ Toilet ထဲဝင်တော့ အဲဒီသားအမိနဲ့တွေ့ပါတယ်....။ ကလေးမလေးကိုချစ်လို့ ကျမက ပါးလေးသွားတို့တော့ သူ့အမေက ကလေးကိုချက်ချင်းချီလိုက်ပြီး ဘေစင်မှာ မျက်နှာသစ်ပေးလိုက်တယ်...။ ကျမစိတ်ထဲ တော်တော်အောင့် သက်သက်ဖြစ်သွားတယ်...။ ဒါပေမယ့် ဖြည့်တွေးပေးလိုက်ပါတယ်...။ ခုခေတ်ခါမှာ ရောဂါပေါင်းစုံ ဗိုင်းရစ်ပေါင်းစုံနေတော့ မိခင်တစ်ယောက်အနေနဲ့ သူ့သားသမီးအတွက် စိုးရိမ်မိသွားတာ... ကျမကိုယ်ချင်းစာ လိုက်ပါတယ်...။ သူတို့အနောက်တိုင်းသူတွေကတော့ ကျမတို့လို အာနာမှုဆိုတာမှမရှိဘဲ....။ သားလေးကလဲ ကလေးမလေးကိုသွားကိုင်မယ် လုပ်တုန်း ကျမဆွဲပွေ့ပြီး အပြင်ထွက်လာလိုက်တော့တယ်...။

မိုးငွေ့

Monday, 5 July 2010

နတ်သမီး၊ ဘလော့ဂါလေးယောက်နဲ့ကဗျာည (စားမယ်ဝါးမယ်)

အသားကင်ပေါင်းစုံ

ဒါက သတ်သတ်လွတ်အသီးအရွက်တွေနဲ့ ရယ်ဒီမိတ်တွေ

မာလာဆန်ခေါက်ဆွဲ၊ အာလူး၊ခါဂျက်ဥ

အသားတု၊ ပဲလိပ်ခေါက်ဆွဲ၊ကြာရိုး၊ရေညှိ

မာလာဟင်းထဲထည့်မယ့် အရွက်တွေ

မာလာဟင်း

ငုံးဥ၊ တိုဖူးနဲ့ ပုဇွန်ရေညှိကင်


ကျမတို့ အဖြူရောင်နတ်သမီးရောက်တုန်းက အလုံက မစ္စတာဘာဘီကျူး အကင်ဆိုင်မှာ ဘလော့ဂါတွေနဲ့ဆုံကြတုန်း သွားစားကြတာ...။ အဲဒီညက အမှတ်တရဆိုပြီး နတ်သမီးက သူ့အော်တိုစာအုပ်လေးထုတ်... ကဗျာတစ်ယောက်တစ်ပိုဒ်ဆီ ရေးပေးလို့ပူဆာပါတယ်...။ ဒီလိုနဲ့ နတ်သမီးလေးက (လူလည်ကျပြီး) သူအရင်ဆုံးတစ်ပိုဒ်စရေးပါတယ် ကျန်တဲ့လေးယောက်က သူ့အလှည့်ကျနဲ့သူ နတ်သမီးစထားတဲ့ ကဗျာကို အဆက်စပ်ရှိအောင်လဲ စဉ်းစားပြီးရေးရသေးတယ်လေ...။ အကုန်တော်ကြတယ် ကဗျာကိုလက်တန်းရေးနိုင်ကြလို့လေ..(အဟဲ...ကိုယ့်ငါးချဉ်မှကိုယ်မချင်ဘယ်သူလာချဉ်မလဲ) ကဗျာပြီးတော့....တစ်ပုဒ်လုံး တစ်ယောက်နှစ်ပိုဒ်ဆီကျ ရေးဖြစ်သွားတယ်...။ ကဗျာလေးက တော်တော်ချစ်စရာကောင်းပါတယ် အမှတ်တရလဲဖြစ်တယ်...။ ငါးယောက်ထဲမှာ အသည်းကွဲသမားက သုံးယောက်လောက်ပါနေတယ်... အဲ.....မဟုတ်သေးဘူး လေးယောက်ဖြစ်မယ်ထင်တယ်... အဟဲ...ကျမတစ်ယောက်တည်း လွတ်တာဆိုပါတော့...။ အသည်းကွဲဖို့မှမလိုတော့တာနော်...။

သူငယ်ချင်းတွေ အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေတဲ့ ဘလော့ဂ်မောင်နှမတွေ အခွင့်ကြုံတုန်း ရေစက်ပါတုန်း ဆုံကြရတာ..။ နောက်ထပ်လဲ ပြန်ဆုံရမလားဆိုတာ သေချာဘယ်သူမှမသိနိုင်ပါဘူး...။ ဒါကြောင့် တွေ့တုန်းဆုံတုန်းပဲဖြစ်ဖြစ် ဝေးကွာသွားမယ့်သူပဲဖြစ်ဖြစ် ချစ်ချစ်ခင်ခင်လေးရှိကြတာဟာ မင်္ဂလာတစ်ပါးပါပဲ...။

မိုးငွေ့

Thursday, 1 July 2010

ချစ်သူ့လက်ဆောင်(၂)


ဂျူလိုင်လအစကို အကြွားကလေးနဲ့ဖွင့်လိုက်တယ်....။ နဲနဲဝါးနေတဲ့ပုံကတော့ မမကွန်စတိုင်ပေါ့(အဟီးး ကိုယ့်ဘာသာကိုယ်ဝါးအောင်ရိုက်ထားတာ မမကွန်ကိုဆွဲထည့်နေတယ်) ....။ ကျမတို့ဆီမှာက shopping ထွက်စရာပေါပေါလောလောမရှိလေတော့...ခုလို တခါတလေ လက်ဆောင်လေးရတုန်းပဲ ကြွားခွင့်ရှိတာ...။ ကျန်းမာရေးသိပ်မကောင်းလို့ အာရုံသိပ်စိုက်ရတဲ့ စာရေးတာကိုနားပြီး ခွင့်ခဏရတုန်းပြန်လာတဲ့ ကျမချစ်ချစ်ကြီးဆီက လက်တော့ပ်နဲ့ အိပ်ယာထဲမှာပုံတွေကိုတော့ ရအောင်တင်ထားတာ... အဟဲ.. ဒီရောဂါကပိုဆိုးတယ်...။ သူပွစိပွစိပြောတာတော့ နဲနဲခံရတာပေါ့...။ ယောက္ခမအိမ်မှာ အင်တာနက်ရတော့ ဇိမ်ပဲ အဆင်ကိုပြေလို့...။ စာမရေးရလဲ သူများအိမ်တော့ လျှောက်လည်ပစ်မယ်....။

မွေးနေ့တုန်းက သူပေးတဲ့လက်ဆောင် သလင်းဝါ လက်စွပ်နဲ့ ဆွဲသီး

ချစ်ချစ်နိုင်ငံခြားကပြန်လာလို့ဝယ်ခဲ့တာ gold plate ဖန်စီကြိုးလေး


ဒါလဲနိုင်ငံခြားက၀ယ်လာတဲ့သားရေပိုက်ဆံအိတ်