မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 8 September 2010

ပုံပြင်ထဲက...ပုံပြင်




သြော်...ဘာလိုလိုနဲ့

မှန်ပြောင်းတစ်ခုကနေ

ငါ့ကိုချောင်းကြည့်
လောကကြီးကို

ဘောင်ခတ်မ၀လို့

ငါ့ကို...
နင်....

ဘောင်ခတ်ဖို့
ကြိုးစားခဲ့သလား

ဒီတစ်ခါ

နင်ပြောမယ့်ပုံပြင်ကို

နင်...စိတ်ချမ်းသာအောင်

နားထောင်ပေးမယ်
အကြိမ်ကြိမ်

ပုံပြောခံရပြီးပြီမို့

ပုံပြောသူရဲ့အပြစ်

မဟုတ်တော့ပါဘူးလေ...။ ။
(မိုးငွေ့)


ရှေးအခါက... မင်းသားလေးတစ်ပါးရှိသတဲ့...။ သူ့မှာမယ်တော်ကြီးကိုယ်တိုင် ထိမ်းမြားပေးမယ့် မင်းသမီးတစ်ပါးလဲ ရှိပါတယ်...။ မထင်မှတ်တဲ့ တစ်နေ့မှာတောလည်ထွက်ရင်း လမ်းပျောက်ပြီး ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပါတယ်...။ ရွာထဲရောက်တော့ ညမှောင်ရီတရောဖြစ်နေပြီ ..။ ကောင်းကင်မှာလဲ ကြယ်တွေစုံလို့ပေါ့...။ ဒါပေမယ့် ရွာလည်ခေါင်မှာတော့ မီးပုံကြီးကြီးနဲ့ ကလေးငယ်တွေတစ်သိုက်ကို ပုံပြောနေတဲ့ မိန်းမငယ်လေးကို တွေ့လိုက်ပါသတဲ့..။ ပုံပြောနေတဲ့ မိန်းမငယ်လေးရဲ့ ထူးခြားမှုကို မင်းသားလေးက ချက်ချက်းပဲ သတိထားလိုက်မိတယ်...။ အဲဒါကတော့ ကောင်းကင်က ကြယ်ပွင့်လေးတွေလို လင်းလက်တောက်ပနေတဲ့ သူ့မျက်ဝန်းလေးတစ်စုံပါပဲ..။

ဒါနဲ့ မင်းသားလေးလဲ ကလေးတွေနားအသာဝင်ထိုင်ပြီး ပုံနားထောင်နေလိုက်သတဲ့...။ ပုံပြောနေတဲ့ မိန်းကလေးဟာသူကိုယ်တိုင် အဲဒီပုံထဲက ဇာတ်ကောင်တွေအတိုင်း စိတ်ပါလက်ပါ ပြောနေပုံလေးကိုကြည့်ပြီး မင်းသားလေးဟာ ချက်ချင်းပဲ ချစ်ခင်သက်ဝင်သွားပါသတဲ့...။ ပုံပြင်လေးပြီးဆုံးလို့... ကလေးတွေလဲ အလျှိုလျှိုအသီးသီးပြန်သွားကြတာ... မီးပုံနားမှာ မင်းသားလေးတစ်ပါးပဲ ကျန်ရစ်တော့တယ်တဲ့..။ မိန်းမငယ်လေးဟာ မင်းသားကိုလဲ မြင်ရော...အံ့အားသင့်သွားတဲ့ စိတ်နဲ့ မျက်ဝန်းတစ်စုံကလဲ စောစောကထက်ပိုပြီး ၀ိုင်းစက်ရွှန်းလဲ့သွားကြပါတယ်..။ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရလို့ ထိတ်လန့်သွားဟန်မရှိဘဲ “အသင့်ကို ဤရွာမှာ တစ်ခါမျှ မမြင်ဖူးပါလား”လို့ မင်းသားကိုလှမ်းပြောပါတယ်..။ အရပ်ဝတ်နဲ့မင်းသားကိုလဲ မင်းသားမှန်းမသိဘူးပေါ့..။ “ဟုတ်ပါတယ် အကျွန်ုပ် မျက်စိလည်လမ်းမှားပြီး ရောက်လာတာပါ”.... ။

အဲဒါနဲ့ မိန်းမငယ်လေးဟာ အိမ်ခေါ်ပြီး အစာရေတိုက်ကျွေး ဧည့်ဝတ်ပြုပါတယ်...။ ပြီးတော့ မိုးမလင်းခင်မှာ ဒီမှာပဲ အိပ်စက်နားခိုဖို့ ခွင့်ပြုကြောင်းပြောပါတယ်..။ ဒါနဲ့ မင်းသားလေးက ဒီညတော့ဖြင့်အိပ်စက်လိုက်ဖို့ရာ နှမြောစရာကောင်းတော့မယ်ဆိုပြီး .... မိန်းမငယ်လေးကို သူနားမထောင်ရသေးတဲ့ ပုံတစ်ချို့ကို မိုးမလင်းခင် သူမပြန်ခင်လေး ပြောပြပေးဖို့ တောင်းဆိုပါတယ်...။ ပုံပြောရတာကိုသိပ်ပြီး ၀ါသနာထုံတဲ့ မိန်းကလေးဟာ ငြင်းပယ်ခြင်းအလျန်းမရှိဘဲ တက်တက်ကြွကြွပဲ လက်ခံပါတယ်...။ ဒီလိုနဲ့ မိုးမလင်းခင် ပုံပြင်တွေတစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြရှာတယ်တဲ့...။မင်းသားကတော့ မိန်းမငယ်လေးပြောပြတာကို ငေးမောနားထောင်ရင်း ငါ၏ကြင်သူသက်ထားသာ ဖြစ်ပါတော့လား သူငယ်မလေးရယ်လို့ စိတ်ထဲပြောနေမိသတဲ့...။ ဒါပေမယ့်လည်း တစ်ချိန်မှာ မယ်တော်က စုလျားပေးမယ့် နှမတော်ကလည်းရှိနေတာကို သတိချပ်မိတာနဲ့ ပုံနားထောင်ရင်း ၀မ်းနည်းစို့နင့်သွားပါသတဲ့...။

အာရုံမတက်ခင်မှာ မိန်းမငယ်လေးကို ပုံပြောရပ်ခိုင်းပြီး သူ့မှာပါလာတဲ့ ကြေးမုံကနုတ်လည်ဆွဲကို လက်ဆောင်အဖြစ်ပေးအပ်တယ်..။ လည်ဆွဲလေးဟာ ကနုတ်အဖုံးလေးကိုဖွင့်လိုက်ရင် ကိုယ့်ရုပ်ကိုယ် ပြန်မြင်နိုင်တဲ့ ကြေးမုံးဝိုင်းလေးပါတယ်..။ မိန်းမငယ်လဲ မိန်းမပီပီ လက်ဆောင်လေးကို မြင်မြင်ခြင်းပဲ နှစ်သက်သဘောကျပြီး မင်းသားလေးကို ကျေးဇူးတင်စကားပြောရင်း လည်ဆွဲကိုလဲ လည်မှာဆွဲထား လိုက်ပါတယ်...။ ချိုမြတဲ့ အပြုံးနဲ့ နုနယ်နေတဲ့ မိန်းမငယ်ရဲ့ ၀င်းပပမျက်နှာကလေး ထင်းပနေတာကို ကြည့်ပြီး မင်းသားလေးရဲ့ ဆုံမက်မှုဟာ အတိုင်းထက်အလွန်ပါပဲတဲ့...။ မိုးမလင်းခင်ထွက်သွားတော့မှာမို့ မိန်းမငယ်လေးကို အိပ်ယာအ၀င်ခိုင်းလိုက်တော့တယ်...။

မင်းသားဟာ အိပ်လို့လဲ မပျော်မယ့်အတူ အပြင်ကွပ်ပစ်ကလေးမှာ ကျောခင်းရင်း ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်နေလိုက်တယ်...။ တဆက်တည်းလဲ သူဟာ သူ့ကိုယ်သူမပိုင်ပါလားလို့ တွေးဆနေမိသတဲ့...။ မနက်လင်းရင် သူချစ်တဲ့ မိန်းမငယ်လေးကို ထားရစ်ခဲ့ရတော့မှာကို စဉ်းစားရင်းလဲ တိတ်တဆိတ်ကလေး ကြေကွဲနေမိပါတယ်...။ နံရံတစ်ဘက်ခြားက မိန်းမငယ်လေးဟာလည်း မင်းသားလေးလိုပဲ တွေးနေမိပါသတဲ့..။ အင်းအားကြီးမားတဲ့ မေတ္တာစစ်စစ် တပြိုင်နက်ထဲ ကျရောက်လာချိန်မှာ လူနှစ်ယောက်ရဲ့ နှလုံးသားအတွက် ခံနိုင်ရည်တော့ရှိဖို့လိုအပ်လိမ့်မယ်... မဟုတ်ရင် ခံစားမှုတွေပြင်းထန် ပေါက်ကွဲကုန်လိမ့်မယ်လို့ မိန်းမငယ်လးဟာ သတိကြွယ်မိရင်း အိပ်စက်မှုအာရုံကို ပြောင်းပစ်လိုက်ပါသတဲ့...။ဒီလိုနဲ့ မိုးစင်စင်လင်းတော့ အိမ်ရှေ့ကွပ်ပစ်မှာလဲ မင်းသားလေးမရှိတော့ပါဘူး...။ မိန်းမငယ်လေးအိမ်ပြင်ထွက်လာတော့ ဟာ.....ခနဲဖြစ်သွားတဲ့ ရင်ဘတ်ကို အသာကလေးဖိရင်း “နှုတ်မဆက်ဘဲ.....တိတ်တိတ်ကလေး.......ထွက်သွားခဲ့ပါပြီကော”လို့ နှုတ်ကခပ်ဖွဖွ ရေရွတ်လိုက်သတဲ့ကွယ် ......။


ကဗျာထဲက ပုံပြင်လေးကို အကျယ်တ၀င့်လေးရေးပေးထားတာပါ....။ ကဲ...ပုံပြင်လေးကတော့ ဒါပါပဲကွယ်...။ ဒီလိုပါပဲ... ပုံပြောသူတွေဟာလဲ အမြဲတမ်း ပုံပြောမနေရတတ်ဘူး...။ တချိန်ချိန်မှာတော့ ပုံပြောခံရတတ်တာ ပါပဲ....။ ဒီပုံပြင်လေးထဲကလိုပေါ့..။

မိုးငွေ့

7 comments:

သိင်္ဂါကျော် said...

ပုံပြင်လေးက လွမ်းစရာပါလား..

အဖြူရောင်နတ်သမီး said...

ပုံပြင်လာနားထောင်သွားတယ်..မမိုးရေ..
အဆင်ပြေပါစေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

လွမ်းမောစရာပါလား
ဇာတ်သိမ်းမရှိဘဲ ဆုံဆည်းခွင့်ပေးတဲ့ ကံကြမ္မာတွေကို အပြစ်တင်ချင်တယ်..
လွမ်းစရာ ဆိုတာကို ဘယ်သူ့ကိုမှ မကြုံစေချင်ပါဘူး..
ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းဆိုတဲ့ ပုံပြင်မျိုးတွေကိုသာ ပျော်ရွှင်စွာ နားထောင်ချင်မိတယ်..

လင်းခေတ်ဒီနို said...

မမ ပုံပြင်လေးက ကောင်းတယ် ဒါပေမဲ့ ဖတ်ရတာမူးတယ် အပိုဒ်လေးတွေ ခွဲပေးထားမယ်ဆို ဖတ်ရတာ ပိုအဆင်ပြေလိမ့်မယ်ထင်တယ် နောက်ပို့စ်တွေမှာပေါ့း)))

ခင်မင်စွာဖြင့် ဗညား

ညလင်းအိမ် said...

နာ့အစ်မ ပုံပြောကောင်းတယ် ...
ပုံပြန်ပြောသွားတဲ့သူကို တင်းဒယ် ...

မိုးငွေ့...... said...

တကယ်တော့ အစ်ကို့မှာ အပြစ်မရှိပါဘူး....
သူ့နောက်ကွယ်ကသူကိုပဲမုန်းတယ်...
သေလောက်အောင်မုန်းတယ်.......။

မောင်ဘကြိုင် said...

ပုံပြင်ဖတ်ရင်း ကလေးလေးပြန်ဖြစ်သွားတယ်