မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 4 September 2010

ဘ၀ထဲက...လူတွေ




ဒီချိုင့်တွေခွက်တွေထဲက ညစ်ပတ်ပေရေနေတဲ့ မဲညစ်ညစ်ရွှံ့တွေက ကိုယ့်အတွက်တော့ရိုးနေပါပြီလေ...။ စနေနေ့တိုင်း ဘော့စ်က သူ့အိမ်အတွက် တစ်ပတ်စာဟင်းစားတွေဝယ်ပေးဖို့ ကိုယ့်ကိုတာဝန်ပေးထားတာမို့... ဒီဈေးထဲက ဈေးသည်တွေနဲ့လဲကိုယ်က ရင်းနီးနေပါပြီ..။ အသားရုံထဲမှာ ကြက် ၀က် ဆိတ် ဘဲ ငါး ပုဇွန် စတဲ့ အသားတွေကို ပိဿာလိုက်ဝယ်ပေးရတယ်...တချို့ဆို ကိုယ့်ကို ဟိုတယ်က အ၀ယ်တော်လို့ထင်သေး...။ ပြီးရင် ဈေးအပြင်ဘက်က ဟင်းရွက်သည် မသန်းဌေးဆိုင်မှာထိုင်တယ်...။ လိုအပ်တဲ့ အသီးအရွက်မျိုးစုံကိုသာ ရွတ်လိုက် သူက ဘောက်ချာဖွင့်ပြီး အားလုံးထုပ်ပိုးပြင်ဆင်ပေးပြီးသား...။ ကိုယ်ကတော့ သူ့ဆိုင်မှာခုံပုလေးနဲ့ သူမှာပေးတဲ့ အစုံသုပ်ကိုစားနေရုံပဲ...။ အသုပ်စားရင်းမသန်းဌေးဆိုင်ဘေးက မုန်ညင်းရောင်းတဲ့ အုပ်စိုးဆိုတဲ့ ကောင်မလေးက “အစ်မ ဘယ်လိုဖြစ်တာလဲ ဒီနေ့မျက်လုံးတွေလဲ မို့အစ်လို့ပါလား”တဲ့..။ “ဟုတ်တယ် ညီမရေ... ညက ကိုးရီးယားကားကြည့်ပြီး နဲနဲ ဇာတ်ထဲမျောသွားတယ်ကွယ်”လို့ ရယ်သွမ်းသွေးလိုက်မိတယ်...။ တပြိုင်တည်းလဲ အလိုက်မသိတဲ့ မျက်ရည်က ၀ဲတက်လာသေး...။ ကိုယ်ဟာ...သူ့အတွက် “အမှား”တစ်ခုဖြစ်နေတယ်တဲ့...။ အဲဒီအတွက် ညကတွေးရင်းနဲ့ စိတ်မကောင်းဖြစ်သွားလို့ တော်တော်နဲ့ အိပ်မပျော်ဖြစ်ဘူး..။ အိပ်မက်ထဲလဲ ကိုးရီးယား drama ကားတွေဘာတွေရိုက်ဖြစ်သွားတာပေါ့...။ အဲဒါကြောင့်မျက်လုံးတွေနဲနဲယောင်သွားတယ်...။


မသန်းဌေးကလဲ “ငါ့ညီမတို့မှာလဲ စိတ်ညစ်စရာဆိုတာရှိသေးလား”တဲ့..။ မသန်းဌေးဆိုတာ အပျိုကြီး... သတိလွတ်သူငယ်ပြန်နေတဲ့ အမေအိုကြီးရယ်.... အိမ်ထောင်ကွဲပြီး သားနှစ်ယောက်အဖေဖြစ်တဲ့ အစ်ကိုရှိပါတယ်...။ အစ်ကိုဖြစ်သူကလဲ အစိုးရ၀န်ထမ်းဆိုတော့ လောက်လောက်ငငမရှိဘူုး...။ သားနှစ်ယောက်ကလဲ ကျောင်းပြီးသူပြီးနေကြပေမယ့်... ဘာအလုပ်မှမလုပ်ဘဲ... ဒီအဒေါ်အပျိုကြီး တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်းရှာဖွေတာကို အခန့်သားထိုင်စားကြသတဲ့...။ ဈေးထဲအကူခေါ်တော့လဲ မလာချင်ကြဘူး...။ ရှက်တယ်ပေါ့ဗျာ...။ သနားပါတယ် အစ်မခင်ဗျာ အပျိုကြီးတန်မဲ့ တစ်အိမ်လုံးကိုလုပ်ကျွေးရတယ်...။ ဟော...အုပ်စိုးဆိုတဲ့ကောင်မလေးကရော ဘာထူးသေးလဲ... အသက်ဆယ်ခြောက်နှစ်နဲ့ အိမ်ထောင်ပြု...ခုတော့လဲ... လေးနှစ်သမီးလေးတစ်ယောက်သာ အဖတ်တင်လိုက်တယ်... ယောကျားင်္က ရှာမကျွေးချင်တော့ ကွာလိုက်တယ်...ကောင်းရော...။ တကယ်ရုန်းကန်လှုပ်ရှားပြီး တစ်ဝမ်းတစ်ခါးအတွက်.. ရှာဖွေစားသောက်နေကြသူတွေပါ..။ ကိုယ့်ကိုတော့ ကုမ္ပဏီမှာအလုပ်လုပ်တော့ လစာကောင်းတယ်ဆိုပြီး မပင်ပန်းဘူး အဲလိုမြင်ကြမှာပေါ့...။ တကယ်တော့ ကိုယ်တို့အားလုံးဟာ ဘ၀ထဲကလူတွေခြင်းအတူတူပါပဲ...။ ရုန်းကန်ရတာခြင်းလဲအတူတူပါပဲ...။ ရုန်းကန်ရတဲ့ ပုံစံလေးကွာခြားသွားတာပဲရှိတာပါ...။ “အစ်မရယ်... လူဆိုတာ ဘ၀အတွက် ရုန်းကန်မှုမရှိဘဲ ပေါ့ပေါ့လေးဖြတ်သန်းရမယ်ဆိုရင် လူု့ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘယ်ရှိတော့မလဲ...” လို့ပြောလိုက်တော့... “င့ါညီမလေးပြောပုံကလဲ စာရေးဆရာမကျနေတာပဲတဲ့လေ..။ ကိုယ်ကတော့ဖြင့် ဈေးသည်တွေဈေဗန်းရွက်ပြီး အော်ရောင်းသလို ဟစ်ကြွေးပစ်လိုက်ချင်သေး... “ဟောဒီက...လေဒီ..အသဲကွဲနေသည်”လို့လေ...။ ကိုယ့်ဘာသာကိုယ်တွေးရင်း ပြုံးမိလိုက်သေး...း) အရေးထဲ သူက အသဲကွဲတောင်ကဗျာဆန်ချင်သေးတယ်..။ ငွေစာရင်းကိုင်ပီပီ...တစ်ခါတစ်လေ သူတို့ကိုစပ်စုမေးဖြစ်တယ်...။ တစ်နေ့တစ်နေ့ ဘယ်လောက်ရင်းနှီးရသလဲ... ဘယ်လောက်မြတ်လဲ... ကုန်ကျစရိတ်ဘယ်လောက်ရှိသလဲ စသဖြင့်ပေါ့...။ လူတိုင်းလူတိုင်း ကိုယ့်ဘ၀ရဲ့ Balance Sheet ဆွဲပြီး အရှုံးအမြတ်တွက်နေတဲ့သူတွေချည်းပါပဲ...။ ခုခေတ်ခါမျိုးမှာ သာလို့ဆိုးပါသေး..။

သြော်...ပြောပြရဦးမယ် ဒီဈေးထဲမှာ စိတ်မနှံ့တဲ့ အရူးတစ်ယောက်ရှိတယ်...။ တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး ဈေးဝယ်သူတွေကို ပိုက်ဆံလိုက်တောင်းလိုတောင်းပါးစပ်ကလဲ ရွတ်ချင်တာရွတ်နေတတ်တာ...။ တစ်ခါက ဟင်းရွက်ထိုင်ရွေးနေတဲ့အဒေါ်ကြီးရဲ့ အနောက်ကနေ ဘရာဇီယာကြိုးထောက်ခနဲ စောင့်ဆွဲလိုက်တာ... အဒေါ်ကြီးခင်ဗျာ လန့်ပြီးလိုက်ရိုက်ပါရောလား...။ ခုလဲ...မသန်းဌေးဆိုင်ရှေ့မှာ ခြေထောက်ကိုဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ ပစ်တိုင်းထောင်ကျနေတာပဲ...။ ဈေးဝယ်လာတဲ့ တရုတ်မတစ်ယောက်ကွက်ကြည့်ကွက်ကြည့်နဲ့ သူ့ကိုပတ်ရှောင်နေတာကြည့်ပြီး ကိုယ်တော်တော်ရီချင် သွားတယ်...။ အုပ်စိုးက “အစ်မကလဲ အဲလိုလေးရယ်ဦးမှပေါ့ အစ်မကြည့်ရတာ ဒီနေ့မလန်းလိုက်တာ”...။ ဟုတ်လား ကိုယ်တော်တော် ရုပ်ပျက်စင်းပျက် ဖြစ်နေပြီလား..။ ဒါနဲ့ ဟင်းစားတွေကို ဘော့စ်အိမ်ကားမောင်းပို့... အိမ်ပြန်ပြီး ရေမိုးချိုးလိုက်တယ်..။ မှန်ရှေ့မှာ ကိုယ့်ရုပ်ကို တယ်ပြီးမကြည့်ချင်ပေမယ့်လဲ ကြည့်လိုက်ပါတယ်...(ဒီလောက်ချစ်စရာကောင်းတဲ့ရုပ်ကို...နော်)း)...။ နဂိုထဲကမှ မျက်ရစ်ကြီးပါတယ်ဆို ခုလို့ယောင်ပြီးမို့နေတော့ သိသိသာသာကြီးဖြစ်နေတာပေါ့..။ ဒါနဲ့ ခရမ်းရင့်ရင့် မျက်လုံးခြယ်တဲ့ဟာနဲ့ ခြယ်လိုက်တယ်(မမခင်ဦးမေပြောတဲ့ ကာချယ်နဲ့ပေါ့) ..။ မက်စ်ကာရာနဲ့ မျက်တောင်ကော့လိုက်တယ်...ပါးပြင်ပေါ် Blush နဲနဲတို့ပြီး ပန်းဖျော့ရောင်နှုတ်ခမ်းဆိုးဆေးလေးတင်လိုက်တော့ စောစောကအပူရုပ်ကပျောက်ပြီး လန်းသွားပြီပေါ့...။ စနေဆိုတော့ ရုံးမှာ အလန်းတွေဝတ်လို့ရတယ်...။ ပန်းဆီရောင် ကော်လံထောင်တရုတ်မအကျီင်္နဲ့ နက်ပြာရောင် ဒရီးကွာတား လီနင်ချည်ဘောင်းဘီကို ဘရာဇီးစလစ်ပါလေးနဲ့ တွဲဖက်လိုက်တော့...ဟုတ်သွားပြီ။ ကြောင်လျှောက်လျှောက်လို့ရသွားပြီ... အဲလေ Cat Walk ကိုပြောပါတယ်..။ ရုံးရောက်တော့ ရုံးကလုပ်ဖော်ကိုက်ဖက် ဦးလေးကြီးက “ညည်းကို ငါကြည့်ကြည့်နေတာ ခုတလော ဘယ်သူနဲ့တူနေသလဲလို့ MRTV 4ကလွှင့်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသမီးနဲ့ တူနေတာကိုး”တဲ့...။ အဟဲ...ဆံပင်ကို နောက်ဘက်မှာ ခပ်တွဲတွဲလျော့လျော့လေး ထုံးထားပြီးအရှေ့ဘေးခွဲထားတဲ့ ဆံပင်ကို နဲနဲ ကပိုကရိုလေး ချထားတာနဲ့ အဲဒီမင်းသမီးလေးနဲ့ သွားတူတာနေမယ်လို့ ကိုယ့်ကိုယ်ကို ခပ်မြောက်မြောက်ဖြစ်သွားသေးတယ်..။ နောက်တော့မှ သူ့နောက်ဆက်စကားက “ဟုတ်တယ်ဟ.. အဲဒီမင်းသမီးမျက်လုံးတွေကိုကြည့်ကြည့်အမြဲ မျက်ရည်တွေလဲ့ပြီး ဆွေးရိပ်သန်းနေတာ ညည်းလဲ အဲလိုဖြစ်နေတယ်... မှန်မှန်ပြောစမ်း ဒီကောင်မလေး ရည်းစားပူမိနေသလား” တဲ့...။ အဲဗျာ...ကိုယ့်အရွယ်နဲ့ ရည်းစားပူမိစရာလားနော်... ရှက်စရာကောင်းပါသေး...။ မမခင်ဦးမေရဲ့ ကာချယ်ကလဲ မကယ်နိုင်တော့ပါဘူး...။ Accounting term တစ်ခုရှိတယ် Window Dressing တဲ့... သိပ်လှတဲ့စကားလုံးလေး..။ ကိုယ်ဆွဲပြီးတဲ့ စာရင်းကို လူကြီးတွေကြည့်ရအဆင်ပြေအောင် လွယ်ကူအောင် ပြင်ဆင်ပေးရတာကိုဆိုလိုတာပါ...။ ကိုယ်လဲအဲလိုပဲပေါ့...ကြည့်ကောင်းအောင်လို့ ကိုယ်ကိုယ်ကို Window Dressing လုပ်လာခဲ့တာ...။ တကယ်တမ်းတော့ ဒါတွေဟာ... အတွင်းစိတ်က အပူတွေကို တခဏတာ ဖုံးလွှမ်းပေးတဲ့ အပေါ်ယံအရာဝတ္ထုတွေပါ...။ ဘ၀ထဲက လူတွေပီသတယ်ဆိုရင်... ဘယ်အလွှာ... ဘယ်အတန်းထဲက လူဖြစ်ဖြစ် လူ့ရဲ့ ဒုက္ခဆင်းရဲကိုတော့ မလွဲရှောင်နိုင်ကြပါဘူးလေ.....။

မိုးငွေ့

9 comments:

အဖြူရောင်နတ်သမီး said...

မမိုး...
အဆင်ပြေပါစေ...

blackroze said...

မကြီးမိုးငွေ့..အစစအဆင်ပြေပါစေနော်..

~ဏီလင်းညို~ said...

မမိုးရေ့.......

ဒီလိုပါပဲဗျာနော့်.........။
ဖြတ်သန်းပုံခြင်းတာကွာကြမှာလေ......။
ဏီဏီတို့ကို ဆိုရင်လည်း.......တချို့က အံမာလေး....နိုင်ငံခြားက လူတွေက ညည်းနေကြတယ်တဲ့......။
ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါပဲဗျာ.......။
(အစစ ပျော်ရွှင်ပါစေမမိုးကြီး.......)

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မြတ်မွန် said...

မမိုးရေ..
ဇာတ်လမ်းမှာ နှစ်မြောတက်တာ..တူတယ်။
ဘာကားကြည့်ကြည့် မျက်ရည်ကျတက်တာ အသည်းနှလုံးနုတယ်လို့ ဆိုမလားပဲနော်..။

ချစ်ကြည်အေး said...

မျက်လုံးမှာ လိုင်နာ အနက်ရောင် အပြားကြီးကြီး ဆွဲကြည့်ပါလား...၊ အကောင်းဆုံးကတော့ စူပါဂလူး ကောင်းကောင်းသာဝယ်ထား...ဘာကွဲကွဲ အကုန် ဆက်လို့ရသတဲ့...:P

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတိုင်းမှာ အနည်းနဲ့ အများတော့ ပူပန်စရာတွေ ရှိတတ်ကြသားနော်
စင်းလုံးချောပြည့်စုံနေသူရယ်လို့ မရှိကြဘူး
ဘာဘဲဖြစ်ဖြစ် အမြန်ဆုံး အဆင်ပြေ ပျော်ရွှင်ပါစေ မမိုးငွေ့ရေ

ညလင်းအိမ် said...

နာ့အစ်မ ငိုပါနဲ့ဗျာ ...
တကယ်တော့ ငိုတယ်ဆိုတာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုကိုယ် နှိပ်စက်တာ ...
မျက်ဝန်းက ကျလာတဲ့ မျက်ရည်တွေကို တခါတလေ နှမြောမိတယ် ...
မျက်ရည်ဆိုတာ စိတ်ခံစားမှုရဲ့ အဖြည့်ခံဖြစ်နေတယ်လေ ..
မျက်ရည်သာ အသက်ရှိရင် ပြောကြလိမ့်မယ် ...
မင်းတို့တွေ ပျော်လို့ ကျတဲ့ မျက်ရည်သာ ဖြစ်ချင်တယ် ...
ဝမ်းနည်းလို့ ကျတဲ့ မျက်ရည် မဖြစ်ချင်ဘူးလို့ ...

စာရေးသူရေးထားတာနဲ့ ဘာမှမဆိုင်တာ မန့်သွားတယ် ...

နာ့အစ်မ ဖိုက်တင်း .. ဖိုက်တင်း .. အားဂျား . အားဂျား ... :)

မိုးငွေ့...... said...

ငိုတယ်ဆိုတာ ဘာမှမသိတဲ့ အစ်ကို့အတွက်ပါ...သူနောက်ကွယ်ကသူ ကစားတာကိုခံနေရတာ...မုန်းတယ် သေလောက်အောင်မုန်းတယ်.....။

မောင်ဘကြိုင် said...

ဟောဗျာာာ အသည်းကွဲနေတာလား
တိန်
ဘဝတူတွေဘလော့ဂါမောင်နှမတွေကြားများလှချည်လား