မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 28 August 2010

ကျမချစ်သောမိသားစု....


မိသားစု” ဆိုတဲ့ စကားလုံးလေးက ကျမဘ၀အတွက် အဓိပ္ပါယ်အရှိဆုံး အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ....။ broken family ဘ၀ကို ငယ်ရွယ်စဉ်ကလေးဘ၀ကတည်းက ဖြတ်သန်းလာခဲ့ရဖူးတော့...ကျမ အသက်ကြီးလာရင်... ကျမကြုံတွေ့ခံစားရသလိုမျိုး ကျမရဲ့ သားသမီးတွေ ဘယ်တော့မှ မကြုံစေရဘူုးလို့ သဓိဌာန်ပြုထားရင်း.... ကျမဘ၀ကို အဲဒီ မိသားစုဆိုတဲ့ နွေးထွေးလိှုက်လှဲတဲ့ အိမ်ကလေးတစ်လုံးပိုင်ဆိုင်ရရှိဖို့ ဘာမဆိုကျမစတေးရဲခဲ့တယ်....။ အထူးသဖြင့် ကျမနှလုံးသားကိုလဲစတေးရဲပါတယ်....ဘယ်လိုအခက်ခဲမျိုးကိုပဲ ကြုံတွေ့ရပါစေတော့ပေါ့...။ ငယ်ငယ်ကတည်းက မေမေနဲ့နေရတဲ့အချိန်ကခဏကလေး ပြီးတော့ ကျောင်းတက်ဖို့အဒေါ်နဲ့လာနေရတယ်...။ ကျမတက္ကသိုလ် ဒုတိယနှစ်မှာ သူနဲ့စတွေ့တယ်...။ သိပ်ကိုချစ်စရာကောင်းတဲ့ မိသားစုကလေးကို ကျမစရခဲ့တယ်...။ ကျမသက်တမ်းမှာ သူ့မိသားစုရဲ့ နွေးထွေးမှုကိုရတဲ့ အချိန်က ပိုများခဲ့တယ်...။ ကျမကိုယ်တိုင်ကလဲ မက်မက်မောမောခိုနားချင်သူကိုး...။ ကျမထက်နှစ်နှစ်ငယ်တဲ့ သူ့ကို ကျမချစ်သူလိုရော တစ်ခါတစ်ခါ ကိုယ့်မောင်လေးတစ်ယောက်လိုရော ချစ်တယ်...သံယောဇဉ်ရှိတယ်။ ချစ်တယ်ဆိုတဲ့ စကားလုံးထက် သံယောဇဉ်ပိုရှိတယ်...။ တခါတခါ...အဲဒီအမျှင်တန်းတွေက ကျမတို့နှစ်ယောက်ကို တသွေးတသားထဲဖြစ်အောင် ဖန်တီးပေးတတ်တယ်...။

သူနဲ့ကျမစတွေ့ပုံကိုပြောရာမှာ သူ့အကြောင်းကိုနည်းနည်းတော့ ပြောရလိမ့်မယ်....။ ကျောင်းမှာ တခြားကျောင်းသားတွေနဲ့ မတူ သူ့ပုံစံကထူးခြားတယ် ...။ 1995-96 ခုနှစ်ဆိုတော့ ခုခေတ်လိုအကျီင်္ပွပွ ဘောင်းဘီဂွကျတွေဝတ်တဲ့ Hip Hop ခေတ်မထသေးပေမယ့်...သူကတော့ အဲဒီစတိုလ်မျိုးဝတ်လေ့ရှိတယ်...။ လူငယ်ပီပီ တက်တက်ကြွကြွရှိတဲ့ သူ့ပုံစံလေးကို ကျမချစ်မိသွားတယ်.....။ Visit Myanmar Year ဒါဒါတို့ မြရွှေဝါတို့ ပပ၀င်းတို့ မော်ဒယ်လ် အေဂျင်စီစထောင်တဲ့ခေတ်... အဲဒီတုန်းက Event တစ်ခုလုပ်ရင် သူတို့ dancer အဖွဲ့ကသွားသွားကပေးရတယ်...။ မြန်မာပြည်မှာ dancer ဆိုတာ မရှိသလောက် နည်းပါးတဲ့ ခေတ်ပေါ့..။ ခုတော့ Uranian တို့ မင်းမင်းထွန်းတို့ အဖွဲ့တွေဆို သိပ်ကိုတြော်ကပါတယ်...။ ခုခေတ်ကပိုလည်း ခေတ်မီတယ် လေ့လာရတာ သင်ယူရတာလဲ လွယ်ကူတယ်...။ သူတို့ခေတ်ကတော့ သူ့အစ်ကို နိုင်ငံခြားကပြန်လာတော့ သင်ပေးတယ်...ကိုယ့်ဘာသာကို ခွေငှားကြည့်ပြီးကျင့်တယ်...။ MTV ကြည့်တယ်... အဲဒါနဲ့ ကတတ်လာကြတာ..။ သူတို့အခေါ် ဘုရားသခင်ကပေးသနားသော gifted ပါရမီပါလာလို့လဲ ဖြစ်သွားတာပေါ့...။ အဲဒီတုန်းက ဘရိတ်ဒန့်စ်တို့ဘာတို့ခေတ်စားတယ်...။


ကျမဘ၀ကတော့ ပုံမှန်လေးပဲ...အဒေါ့်အိမ်ကနေကျောင်းတက်တယ်...။ ကျောင်းသွားရင် ကျမက ရင်ဖုံးအကျီင်္လက်ပျက်ကလေးတွေကို ရောင်စုံ ကြယ်သီးဆန်းကလေးတွေနဲ့ဝတ်တတ်တော့... သူလဲ ကျမကို သာမန်ကျောင်းသူတွေထဲက ခွဲထွက်သတိထားမိပါတယ်...။ သူ ပထမနှစ်တက်တော့ ကျမက ဒုတိယနှစ်ရောက်နေပြီ...။ ဒုတိယနှစ်ဆိုတော့ကျောင်းမှာ ၀ါနဲနဲရင့်တော့ fresher လေးတွေကို သွားသွားစနောက်ကြ... မိတ်ဆက်ကြ အဲဒါမျိုးတွေလုပ်တယ်...။ ကျမတို့ အတန်းက ကျောင်းအနောက်ဘက်မှာ သူတို့မေဂျာက ကျောင်းဝင်ဝင်ခြင်း ဆင်ဝင်ကျော်ရင် ညာဘက်ခြမ်းအဆောင်မှာ...သူတို့အတန်းရှေ့က စကားဖြူပင်တွေရှိတယ်...။ သူ အတန်းပြီးလို့ စကားဖြူပင်အောက်မှာ ကျောပိုးအိတ်လေးနဲ့ထိုင်နေတယ်...။ ကျောင်းမှာ fun fair လုပ်တော့ မုန့်စားလက်မှတ်တစ်စောင်နဲ့ သူ့ကိုသွားမိတ်ဆက်တယ်....။ အဲဒီနေ့က သူတီရှပ်အဖြူရောင်ကို ဂျင်းပင်လေးနဲ့တွဲဝတ်ထားတယ်... ဖိနပ်က ဒေါက်တာမာတင်နဲ့ ...။ ကျမ ပေးတဲ့လက်မှတ်ကို သူမယူဘူး... ကြာဇံချက်မကြိုက်ဘူးတဲ့...။ ဒါပေမယ့် ကျမတို့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်...။


ကျောင်းမှာ မေဂျာပေါင်းစုံ အားကစားလုပ်တော့ ကိုယ်ကဘယ်မှာမှမပါပါဘူး...။ သူများတွေပြိုင်တာပဲ ကြည့်ဖြစ်တယ်...။ သူကတော့ သူ့မေဂျာမှာဘောလုံးကန်တယ်...။ ကျမတို့ကျောင်းမှာက ဘောလုံးကွင်းမရှိတော့ ရန်ကုန်တက္ကသိုလ်ကွင်းမှာသွားကန်ရတယ်...။ သူတို့မေဂျာနဲ့ ရုက္ခဗေဒ ကန်တော့ ကျမကသူ့ကိုအားပေးဖို့ (ကိုယ့်မေဂျာမဟုတ်ဘဲ)သက်သက် သွားကြည့်တယ်...။ ဆောင်းမနက်ခင်း မြူနှင်းတွေ ဝေတဲ့အချိန်မှာပေါ့...။ သူက ဂိုးသမား...။ နောက်နေ့ ကျောင်းမှာ လက်ရွေးစင် ဘော်လီဘောပုတ်တော့ အရှေ့ဘက်ကန်တင်းရှေ့မှာ... ကျမတို့စားနေကျ ဦးပြောင်ကြီးထမင်းဆိုင်ရှေ့က သစ်ပင်အောက်ခုံတန်းမှာ နေကြာစေ့ကိုက်ရင်း ထိုင်အားပေးကြတယ်... စည်သူ(နန္ဒ)လဲပါသေးတယ်...။ စည်သူက အကသင်ချင်လွန်းလို့ သူ့ကို လာမိတ်ဖွဲ့ထားတာ သိပ်မကြာသေးပါဘူး...။ ကြည့်ရင်း နေကြာစေ့ဝါးရင်းနဲ့ အထုပ်ကြီးကြီးတစ်ထုပ် ကုန်သွားတယ်...။ သူခေါင်းမူးသွားပုံရတယ်...။ ပြန်တော့မယ် ပြန်တော့မယ်နဲ့ သူ့ကြည့်တော့ ချွေးစေးတွေထွက်နေတယ်..။ သွေးပေါင်ကျသွားတာထင်ပါ့...။ ကျမသူ့ကိုကြည့်ပြီး ကားဂိတ်ထိ လိုက်ပို့ပေးလိုက်တယ်..။ သူ မျက်စေ့မျက်နှာပျက်နေပြီ..။ ကျမလဲ အဲလိုဖြစ်တတ်တော့ သူ့ကိုလမ်းမှာ မျက်လုံးတွေပြာပြီး လဲကျမှာစိုးလို့ သူနဲ့အိမ်လိုက်ပြန်လိုက်တယ်...။

သူ့အစ်မက ကျမထက်တစ်နှစ်ပဲကြီးတာ... ဒီတော့ ညီအမလို သူငယ်ချင်းလိုပဲ ခင်မင်ရင်းနှီးကြတယ်...။ သူ့အဖေက ခရီးသွားရတာများတယ် ဓါတ်ငွေ့လိုင်းမှာ လုပ်တော့ တစ်လတစ်ခါမှ အိမ်ပြန်လာတတ်တယ်..။ အမေနဲ့အမကတော့ အိမ်မှာပေါ့... အမေကဟင်းချက်ကောင်းတယ် စိတ်ရှည်တယ်...။ အစ်မက အီးမေဂျာ တက်နေတာ....။ ကျမတို့မိန်းထဲသွားသွားလည်ကြရင် အစ်မတို့ အီးမေဂျာက ဦးချစ်လက်ဘက်ရည်ဆိုင် သွားထိုင်တတ်ကြတယ်....။ သူ့အိမ်ကကျောင်းနဲ့တစ်မတ်တိုင်ပဲဝေးတော့ နေ့လည်စာကို သူ့အိမ်မှာပြန်ပြန်စား ဖြစ်ကြတာများတယ်...။ အမေကသူကြိုက်တတ်တဲ့ အမဲနှပ် ငါးပိရည်တို့စရာအစုံ အချဉ်ဟင်းရည်... အသီးအရွက်ကြော် ဖွယ်ဖွယ်ရာရာချက်ပေးတတ်တယ်...။ သူကတော့ဘိုလို ဇွန်းခရင်းနဲ့စားတတ်တယ် ကျမကတော့ လက်နဲ့နှယ်ဖတ်ပြီး အားရပါးရစားတာကိုပိုကြိုက်တယ်...။ အမေက သူချက်တဲ့ဟင်းတွေကို အားရပါးရစားတာကြည့်ရင်းနဲ့ကို ပီတိဖြစ်နေရော...။


ခင်ခင်မင်မင် ပေါင်းကြသင်းကြနဲ့ ကျောင်းသားဘ၀ အန်မတန်ပျော်စရာကောင်းပါတယ်...။ ဒါပေမယ့်လဲ ကျောင်းက ခဏခဏပိတ်လွန်းလို့ ကျောင်းပြီးဘွဲ့ရသည်ထိကျမတို့ ကျောင်းတက်ချိန်က နည်းနည်းကလေးရယ်..။ ကျောင်းတွေပိတ်သွားတော့ ကျမတို့ အဆက်သွယ် မပျက်ကြပါဘူး...။ သင်တန်းတွေတက်လိုက် အားရင်သူ့အိမ်မှာ ထမင်းသွားစားလိုက်နဲ့...။ ပြောရင် အံ့သြကြဦးမယ် သူနဲ့ ကျမက ဘာရည်းစားစကားမှလဲ မပြောဖြစ်ကြဘူး ဒီလိုပဲ တစ်ယောက်တစ်ယောက်ချစ်တယ်လို့လဲ မပြောကြဘူး အဲလိုနဲ့ ကျမတို့သမီးရည်းစားသာ ဖြစ်သွားကြတယ်... ကြည့်ရင်တော့ မောင်နှမတွေ သူငယ်ချင်းတွေလိုပဲ... ကျမက သိပ်ပြီး ပူးကပ်ကပ်ချွဲနွဲ့တာ မလုပ်တတ်ဘူး...။ မိန်းမဖြစ်ပြီး မူလဂျီ တူလဂျီ မလုပ်တတ်... ခုခေတ်စကားနဲ့ဆို မအီတတ်ဘူးပေါ့...။ အဲလိုကြောင့်များလား... တခြားမြူဆွယ်ရာနောက်ကို သူကောက်ကောက် ပါသွားခဲ့ဖူးတာ...။ ကျမအသုံးမကျလို့ ကိုယ်ချစ်တဲ့သူကိုမဆွဲဆောင်နိုင်လို့တော့ထင်တာပဲ...။ ဒင်းသွားပေ့စေ... သူ့အမေနဲ့ အမကတော့ ဘာမှမပြောဘူး ကြည့်နေလိုက်တယ်... အချိန်တန်သူ့အပြစ်သူ့သိပါစေတဲ့..။ ကျမလဲ ခွင့်လွှတ်သီးခံစွာနဲ့ သူတို့နဲ့အတူ လက်ပိုက်ကြည့်နေလိုက်တယ်...။

ကျမလဲ သူ့အိမ်အလာမပျက် သူကလဲ ကျမကို သူ့အစ်မတစ်ယောက်လို သူ့ငယ်သူငယ်ချင်းတစ်ယောက်လို သူနဲ့ပတ်သက်တဲ့ကောင်မလေးအကြောင်းကို ဖွင့်ပြောတတ်တယ်... ကျမသူ့ကိုသိပ်ချစ်တာသူသိသိလျက်နဲ့လေ။ ကျမကို အဲလိုနားထောင်နိုင်တဲ့ အင်အားအပြည့်ရှိနေတယ်လို့များ သူယုံယြုံကည်ကြည်ရှိနေသလား..။ သူ့ကို ဆိုးတယ်ကောင်းတယ် မဝေဖန်ဘူး ဂျေမ၀င်ဘူး ပုံမှန်အတိုင်း သူစိတ်ချမ်းသာအောင် ကျမနားထောင်ပေးတယ်..။ ကြာလာတော့သူကျမကို အားနာလာပုံရတယ်... သိပ်မပြောတော့ဘူး... ပြီးတော့ သူနဲ့ အဲဒီကောင်မလေးကလဲ နဲနဲ ပြဿနာလေးတွေဖြစ်နေတယ် ညှိမရနှိုင်းမရဖြစ်နေတာပေါ့...။ တစ်ခါ ပိုင်ဇေတို့ ဆီဒိုးနားမှာရှိုးလုပ်တော့ သူသွားကပေးရတယ်...။ အကမတော်လို့ ခါးကျောညှက်သွားတာ .. ဆေးရုံတက်ပြီး ခဲဆွဲလိုက်ရတယ်...။ အဲဒီတုန်းကလဲ သူ့အနား အချိန်ပြည့်ရှိနေတတ်တာလဲ ကျမပဲဖြစ်နေခဲ့တယ်။


“မင်းကို မင်းကောင်မလေးလာမကြည့်ဘူးလား ... နေ” ဆိုတော့

သူ့နာမည်က နေမင်းညို... ကျမသူ့ကို “နေ”လို့ပဲခေါ်တယ်...။


“သူလားလာမှာ ဒီလိုနေရာမျိုးကို ကမ္ဘာတောင်ပျက်သွားဦးမယ်” တဲ့


“မင်းပြောတော့ သူ မင်းကိုသိပ်ချစ်တယ်ဆို”


“အဲဒါတွေထားလိုက်စမ်းပါ ...လာ...ကိုယ်တို့ထမင်းအတူစားရအောင် ဗိုက်ဆာပြီညိုရဲ့...”

အဲလိုပဲ “အညိုရင့်ရောင်”ဆိုတဲ့ ကျမကိုသူက ဗိုလ်ကျတတ်မြဲ...။ သူထမင်းစားခါနီး သူ့ကုတင်ခြေရင်းက သူ့ခြေထောက်တွေကိုဆွဲထားတဲ့ သဲအိတ်တွေကိုဖြုတ်ပေးပြီး... အမေပို့ပေးတဲ့ ထမင်းချိုင့်တွေနဲ့ ကျမတို့ထမင်းအတူ စားကြတယ်...။ ညနေသူရေချိုးပြီးရင် သူ့ကိုခေါင်းဖြီးပေး... တနေကုန်သဲအိတ်တွေကို ဆွဲထားတာခံရတော့ ခြေသလုံးတွေကညောင်းချိနေပြီ... အဲဒါသူ့ခြေသလုံးတွေကို ကျမကနှိပ်နှယ်ပေးရင် သူက သဘောတော်ကျ ဇိမ်ခံနေတတ်တယ်..။ အဲဒါလူကြီးတွေကို ဒုက္ခပေးလို့ ဘုရားသခင်ဒဏ်ခတ်တာ သိလားလို့ပြောတော့ သူ တဟားဟားရယ်ပြီး သဘောကျတတ်တယ်..။


“ကိုယ်..ညို့ပေါ် ဒီလောက်ဆိုးတာ ညိုစိတ်မနာဘူးလား”


သူ့ခြေသလုံးနှိပ်ပေးနေတဲ့ ကျမလက်ကို သူဆွဲယူပြီး မေးတယ်...။ ကျမသူ့ဘေးမှာ တင်ပါးလွှဲထိုင်လိုက်ရင်း... ဘယ်သူမဆို ကိုယ်ချစ်တဲ့သူအတွက် ဘာမဆိုလုပ်ပေးချင်ကြတာပဲလေ... လို့... ကျမစိတ်ထဲ တီးတိုးရွတ်ဆိုလိုက်မိတယ်....။


“နေ'က ကိုယ့်အတွက် တစ်သက်တာသူငယ်ချင်းပဲလေ... နေ'ဘာပဲဖြစ်နေနေ ကိုယ်အမြဲအနားမှာရှိနေမယ် ဟုတ်ပြီလား”


ကျမအဲလို အားပေးစကားဆိုလိုက်တော့ သူ့မျက်ဝန်းတွေ တခဏခြင်းစိုလက်သွားတယ်...။ ကျမမျက်နှာပေါ် ၀ဲကျနေတဲ့ ဆံနွယ်တွေကို သူသပ်တင်ပေးနေတယ်....။


“နေ' တခြားတစ်ယောက်နဲ့ လက်ထပ်သွားရင်တောင်မှ”

ကျမစကားမဆုံးခင် သူ့လက်ချောင်းတွေနဲ့ ကျမနှုတ်ခမ်းကိုပိတ်လိုက်ပါတယ်....။

give me a hug, baby....”


ကျမတို့နှစ်ယောက် အားငယ်တဲ့အချိန် ၀မ်းနည်းတဲ့အချိန် စိတ်ဓါတ်ကျနေတဲ့ အချိန်မျိုးမှာ အချင်းချင်း အမြဲအားပေးနေကျ သင်္ကေတလေးပါ....။ ကျမကိုသူ တင်းတင်းကျပ်ကျပ်ဖက်ထားတယ်...။ သူ့ကျောပြင်ကို ပွတ်သပ်ရင်း ကျမအားပေးလိုက်တယ်...။ သူကလဲ ကျမဆံပင်တွေကို ပွတ်သပ်ပေးနေတယ်...။


“ညို့ ဆံပင်တွေတောင် အရမ်းရှည်နေပြီနော်...ရှည်နေပြီဆိုပြီးသွားမညှပ်ပစ်နဲ့ဦး ကိုယ်ကအဲဒီဆံနွယ်ခွေခွေပျော့ပျော့လေးတွေကိုချစ်တာ”


အမှတ်ရမိပါသေးတယ်....။ မိုးတွေသည်းကြီးမဲကြီးရွာတဲ့ ဇူလိုင်လတစ်ခုမှာ.... မိုးရေစိုရွှဲပြီး လွယ်အိတ်တစ်လုံးနဲ့ ကျမသူ့ဆီရောက်သွားခဲ့ဖူးတယ်....။ သူနဲ့ သူ့ညီတွေ မိုးရေထဲဘောလုံးကန်နေကြတုန်း....ကျမကိုမြင်တော့ သူအပြေးအလွှားရောက်လာတယ်...။

“ဘာဖြစ်လာတာလဲ ညိုရယ်...မိုးရေတွေလဲ ရွှဲလို့....လာ...လာ အိမ်ထဲမှာ အ၀တ်သွားလဲရအောင် ...အအေးမိပြီးဖျားတော့မှာပဲ ”

သူကသာ...ကျမကိုစိုးရိမ်တကြီးနဲ့ပြောနေတာ သူလဲတစ်ကိုယ်လုံးစိုနေပြီ....။ ပြီးတော့ ရင်ကျပ်လဲရှိသေးတယ်...။ နမိုးနီးယားဝင်သွားမှဖြစ်...။ သူကျမလက်ကိုဆွဲခေါ်တော့ ကျမနေရာကမရွေ့သေး...။ ဒီတော့ကျမမျက်နှာကို သူသေချာစိုက်ကြည့်နေတယ်...။


“ ညို.... ငိုနေတာလား....ဟုတ်လား...မျက်လုံးတွေလဲနီလို့...”


မိုးရေတွေနဲ့ မျက်ရည်တွေရောထွေးသွားပေမယ့် မျက်လုံးတွေနီနေတာကိုတော့ သူမြင်သွားတယ်....။ မိုးရေတွေနဲ့ ပါးပြင်မှာရွှဲနေပေမယ့် သူက သူ့လက်ချောင်းတွေနဲ့လာသုတ်ပေးနေသေးတယ်...။


give me a hug, baby.....”


ကျမအသံတွေခပ်သိမ်သိမ် ထွက်သွားပေမယ့် ကျမနှုတ်ခမ်းလှုပ်သွားတာကိုကြည့်တာနဲ့ သူသဘောပေါက် လိုက်ပြီ...။ ကျမကို သူ့ရင်ခွင်ထဲပျောက်ကွယ်လုမတတ် တင်းကျပ်စွာဖက်ထားလိုက်တယ်...။အားအင်တစ်ခု ကျမခန္ဓာထဲ တခဏခြင်း စီးဝင်သွားတယ်... ။

သူ့အိမ်မှာ သူ့အစ်မအ၀တ်တွေထုတ်ပေးတယ်....။ အစ်မနဲ့အမေက အစ်မအမျိုးသားအတွက် ပစ္စည်းတွေသွားဝယ်နေကြတယ်....။ အစ်မဒါရဲ့အမျိုးသားက သဘောင်္ထွက်နေတော့ လူကြုံရှိရင် သူကြိုက်တတ်တာလေးတွေ သွားဝယ်ပေးတတ်ကြတယ်...။


“ရေချိုးခေါင်းလျှော်ပစ်လိုက်နော်....ကိုယ်ကော်ဖီပူပူလေးဖျော်ထားမယ်...”

သူက တဘက်တစ်ထည်ပေးရင်းပြောတယ်...။

“ နေအရင်ချိုးလေ... အအေးပတ်နေဦးမယ် အ၀တ်စိုတွေနဲ့”

“ညည်းပဲ အရင်သွားချိုးပါ ကိုယ်က ရေစိုအကျီင်္ခဏချွတ်ထားလိုက်မယ်...သွား...သွား”


ကျမရေမိုးချိုးပြီးထွက်လာတော့ သူက အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်နဲ့ ထမင်းစားခန်းမှာ စောင့်နေပြီ...။

“ရော့ ကော်ဖီသောက်လိုက် ကိုယ်ရေချိုးပြီးရင် ပေါင်မုန့်ထောပတ်သုတ်ထပ်လုပ်ပေးမယ် ပြီးရင်ဆေးသောက်ထားလိုက်...တော်ကြာဖျားသွားလိမ့်မယ်”

“ဟုတ်...”

“တော်တော် လိမ္မာနေတယ်...”


ကျမဆံပင်ကိုဖွရင်း သူပြုံးလိုက်တယ်....။


“ညို့ ဆံပင်တွေပြီးရင် ကိုယ်အခြောက်မှုတ်စက်နဲ့ မှုတ်ပေးမယ်နော်”



သူရေချိုးနေတုန်း ကျမကော်ဖီပူပူကိုသောက်နေလိုက်တယ်....။ သူရေမိုးချိုးအ၀တ်အစားလဲပြီး ပြန်ထွက်လာတော့ ပေါင်မုန့်ကိုထော်ပတ်သုတ်ပြီး ကင်စက်ထဲထည့်လိုက်တယ်...။ ကျမ သူကင်ပေးတဲ့ပေါင်မုန့်ကို စားပြီးတော့ သူကျမဆံပင်ကို စက်နဲ့လာမှုတ်ပေးပါတယ်...။


“ညို့ ဆံပင်တွေက natural curl လေးတွေ ချစ်စရာလေး....
ဒါနဲ့ပြောပါဦး ခုနကဘာဖြစ်လာတာလဲ ဟိုညီမတွေနဲ့ ပြဿနာဖြစ်ခဲ့တာလား”


“ဒါပဲပေါ့ နေ...ရာ....ဘာများဖြစ်စရာရှိသေးလဲ”


အမယ်...သူက ကျမရဲ့ ဆံပင်ကို စတိုင်လ်လစ်တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်နဲ့ကိုပုံသွင်းပေးနေတတ်တာ အံ့သြစရာပဲ...။ ကျမမှန်ကြည့်ကြည့်တော့ ပုံကျကျလေးဖြစ်နေတယ်..။


“ နေပါဦး ကိုယ်တို့မတွေ့ဖြစ်တဲ့ကြားမှာ မင်း ဆံပင်ညှပ်သင်တန်းသွားတက်ထားတာလား”

“ဟာ...ပေါက်ကရ ကိုယ့်ကိုများမာမီ အောက်မေ့နေလား...”
“သိဘူးလေ...လက်ရာက ၀ါရင့် hair stylist တစ်ယောက်လိုဖြစ်နေလို့”

“အော်...ဒါက ဒီလိုပါ ကိုယ့်ညီတစ်ဝမ်းကွဲတစ်ယောက်ရှိတယ်လေ ညိုသိပါတယ် သူအိမ်မှာ အစ်မတို့ကို ဆံပင်လာလာညှပ်ပေးရင် ကြည့်ထားဖူးတော့ သိနေတာပေါ့ ဆံပင်ကို ဘယ်လိုပုံသွင်းလဲဆိုပြီး ဒါလောက်တော့ ရပါတယ် နေ'..ပဲလေ...”


ဆေးသောက်ထားတဲ့အရှိန်နဲ့ ကျမသူဂီတာတီးပြတာကို နားထောင်ရင်းဧည့်ခန်းဆိုဖာပေါ်မှာ အိပ်ပျော်သွားလိုက်တာ... အမေနဲ့အမပြန်လာတာတောင်မသိလိုက်ဘူး...။

အဲဒီနေ့က ကျမညီမ၀မ်းကွဲနဲ့ စကားများခဲ့တာပါ....။ အဒေါ့်သမီး သူကမောက်မာတယ်... အဒေါ်နဲ့ကပ်နေတဲ့ ကျမတို့ကိုနှိမ်တယ်...။ ကျမတို့ဆိုတာ ညီမလေးနဲ့ကျမကိုပြောတာပါ... ညီမလေးက ကျမထက်ဆယ်နှစ်ငယ်တယ်...။ ငါစွဲနဲ့ တခါတခါ ကျမတို့ကို အိမ်ပေါ်ကနှင်ချချင်သေးတယ် သူ့အမေကိုကြောက်ရပေလို့..။ ကျမရင်ထဲ ဖွင့်ပြောရမယ့်သူဆိုလို့ ဒိုင်ယာရီစာအုပ်နဲ့ သူငယ်ချင်းတချို့ပဲရှိတယ်...။ မိဘအစုံအလင်နဲ့ မနေခဲ့ရတဲ့ ကျမတို့ဘ၀က အနှိမ်ခံဘ၀မှာ ခေါင်းငုံခံရရုံပဲရှိတော့တယ်...။ မိဘတွေကို အပြစ်မတင်ပါဘူး... ကျမဒီလိုဖြစ်ရမယ့်ကံပါလာလို့လဲပါပါတယ်...။ ဒါကြောင့် ကျမအပေါ်သိပ်ကောင်းတဲ့ သူ့မိသားစုကို ကျမခင်မင်တွယ်တာသွားမိတာမဆန်းပါဘူး...။ နေ'တို့မိသားစုကသိပ်ကိုနွေးထွေးကြင်နာတယ်...။ နေ'အပြစ်လုပ်လာမိတဲ့အခါဆိုလည်း ဘယ်တော့မှ ဆူပူကြိမ်းမောင်းခြင်းမလုပ်ဘူး အကျိုးအကြောင်းသေချာနားလည်အောင်မေးပြီးမှ ဒီလိုလုပ်ရင်မကောင်းဘူး ဘာအကျိုးဆက်ဖြစ်ပေါ်နိုင်သလဲ စသဖြင့် အေးဆေးပဲဆုံးမတယ်..။ ကျမဖြင့် အားကျလိုက်တာ...။ နေ့မေမေဆို ကျမလာရင် သမီးဘာစားချင်လဲ ဒီနေ့သမီးကြိုက်တတ်တဲ့ဟင်းချက်ထားတယ်... အဲဒီလိုလေးဂရုစိုက်တာ ...ချစ်ဖို့ကောင်းတယ်..။

အစ်မ ပထမကိုယ်ဝန်ဆောင်ထားတုန်းက နေတို့အိမ်ကို ကျမ မကြာမကြာရောက်ဖြစ်သေးတယ်...။ အစ်မဒါလေးက မွေးလာတဲ့ကလေးလေး လှအောင်လို့တဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးပုံတွေဝယ်ပြီး အိမ်ဧည့်ခန်းမှာကပ်ထားလိုက်တာ...။ တစ်နေ့တစ်နေ့ အဲဒီပုံလေးတွေပိုကြည့်ရင်း ကြည်နူးနေရတာပေါ့...။ သူနဲ့ ကျမလဲ မွေးလာမယ့်ကလေးအတွက် ကြိုတင်တွေးပြီး ၀မ်းသာနေကြတယ်လေ...။ အဲဒီတုန်းက မင်းပြောခဲ့သေးတယ်လေ မင်းမှတ်မိသေးလား...။ “ညို ကိုယ့်ကို ဘေဘီလေး မွေးပေးမလား” တဲ့...။ ကျမတို့သာ ဘေဘီလေးတစ်ယောက်ရှိခဲ့ရင် သိပ်ကိုချစ်စရာကောင်းမှာပဲနော်...။ အစ်မ အမွှာယောကျာ်လေး ကလေးတွေဆုံးသွားတော့ ကလေးဆေးရုံမှာ မသဂြိုဟ်ခင် ဓမ္မဆရာ ဆုလာတောင်းပေးတဲ့နေ့က ကလေးလေးတွေကိုကြည့်ပြီး သူမျက်ရည်ကျတာကိုတွေ့တော့ သူ့ကို ကျမအရမ်းသနားသွားခဲ့တယ်...။ အံ့အားသင့်စရာကောင်းတာက အဲဒီကလေးလေးတွေက သူနဲ့တစ်ပုံစံတည်း သူ့မှာသာ သားရှိခဲ့ရင် သူ့ရဲ့သားလေးတွေပါလို့ပြောလို့ရတယ်...။ တူလေးတွေဆိုပေမယ့် မမွေးခင်ကတည်းက ဒီကလေးလေးတွေကို သူက အရမ်းမျှော်လင့်ထားခဲ့တာလေ...။ သူ့ဘေးမှာ ရပ်နေရင်း သူ့မျက်ရည်တွေကို ကျမသုတ်ပေးချင်လိုက်တာ...။

စကားချပ်။ ။(အဲဒီနေ့ကို ကျမကောင်းကောင်းကြီးအမှတ်ရနေသေးတယ်...။ ရွှေတိဂုံစေတီတော်ကြီးကို ထီးပြန်တင်တဲ့နေ့... တပေါင်းလပြည့်နေ့မှာပဲ အစ်မက အမွှာကလေးလေး နှစ်ယောက်ကို မွေးဖွားခဲ့တယ်...။ ညဘက်နွေခေါင်ခေါင်ကြီးမှာ မိုးတွေသည်းကြီးမဲကြီးရွာပြီး မိုးကြိုးတွေအရမ်းပစ်တဲ့ အချိန်ကြီးမှာပေါ့..။ ကလေးလေးနှစ်ယောက်စလုံး အသက်မရှင်ရှာပါဘူး...။ ရှစ်လနဲ့ လမစေ့ဘဲမွေးလိုက်လို့ ပထမကလေးလေးက မွေးပြီးသိပ်မကြာဘူး ဆုံးသွားတယ် နောက်တစ်ယောက်က သုံးရက်မြောက်မှာဆုံးသွားပါတယ်)
အစ်မကို ကလေးတွေဆုံးတာ သွေးသားနုချိန်မို့ အသိမပေးခဲ့ကြဘူး...။ သူကလဲ စိတ်မကောင်းဖြစ်ပြီး အစားမစားဘာမစားနဲ့တောင်ဖြစ်သွားသေးတယ်...။ အဲဒီရက်ပိုင်းတွေမှာ ကျမသူနဲ့အတူ ထမင်းလာလာ စားဖြစ်တယ်...။ တော်ကြာ ထမင်းမစားဘဲနေနေမှာစိုးလို့ အမေကသူ့သားကို နှစ်သိမ့်ပေးဖို့ တိုးတိုးတိတ်တိတ် စစ်ကူတောင်းထားခဲ့သေးတယ်...။ ကျမသက်သတ်လွတ်စားတဲ့နေ့ဆို အမေက ကန်ဇွန်းရွက်ကြော်ပေး တတ်ပါတယ်...။


နောက်နှစ်နှစ်အကြာမှာ အစ်မ ကလေးလေးနောက်တစ်ယောက် ထပ်မွေးပါတယ်...။ ကလေးလေးက မိန်းကလေးပါ...။ နာမည်လေးကနိုးနိုးတဲ့...။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေး........။ ချောကလက်ရေ... ကြည့်ပါဦး ရှင့်တူမလေးက ကျမငယ်ငယ်ကရုပ်နဲ့တစ်ပုံစံတည်း...။ ကြည့်ရတာ အစ်မကိုယ်ဝန်ဆောင်ထားတဲ့ ကာလတစ်လျှောက်လုံး ကျမကိုပဲ ကြည့်ပါမြင်ပါများလို့ထင်ပါ့နော်...။ အစ်မဒါလေး မျက်လုံးက ဗာဒံစေ့ပုံအလျားရှည်ရှည် မျက်လုံးနဲ့ နှစ်ခမ်းထူထူ မျက်နှာသွယ်လျလျနဲ့ အကိုထွန်းကျတော့လဲ အသားဖြူဖြူ မျက်နှာဝိုင်းတယ်....။ ထူးဆန်းတာက ကလေးလေးက သူတို့နှစ်ယောက်လုံးနဲ့မတူဘဲ ကျမငယ်ငယ်ကရုပ်နဲ့ လာတူနေတယ်...။ ကျမငယ်ငယ်က အဒေါ်အမွှာတွေကျောင်းဝင်းထဲက မြက်ခင်းပြင်မှာပေးထိုင်ပြီး ရိုက်ထားတဲ့ ပုံလေးနဲ့များ တစ်ထပ်ထဲပဲ...။ အဲဒီပုံလေးယူလာပြီး အမေ့ကိုပြကြည့်တော့ အမေတောင်မှ အံ့အားသင့်သွားခဲ့ရသေးတယ်..။ ဘယ်သူမှသတိမထားမိတဲ့ အချက်က အစ်မဒါလေးမွေးခဲ့တဲ့ ယောက်ကျားလေးကလေးတွေက သူနဲ့တူပြီး သမီးလေးက ကျမနဲ့လာတူနေတယ်...။ အဲဒါတွေဟာ မျိုးရိုးဗီဇကနေတွေဖယ်ပြီး မမြင်နိုင်တဲ့ အာရုံဆီကဖြစ်တတ်တဲ့ ကျမတို့ဥာဏ်မမီနိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်မှာပါ...။


ကျမ တစ်ဝမ်းကွဲညီမတွေနဲ့ မန်းမှာ ဖက်ရှင်ဆိုင်သွားဖွင့်တော့ သူတို့အိမ်နဲ့ တော်တော်လေး အဆက်ပြတ်သွားသေးတယ်...။ အစ်မကတော့ အီးမေဂျာမာစတာရပြီး SAVE THE CHILDREN မှာအလုပ်လုပ်နေပြီ....။ မန်းဆိုင်မှာကျမရှယ်ယာခွဲလိုက်ပြီး ရန်ကုန်ကကုမဏီတစ်ခုမှာ အလုပ်ဝင်တယ်...။ ဒီလိုနဲ့ ကျမတို့နှစ်ယောက်တူမလေးနဲ့အတူ အချိန်တွေကို ဖြတ်သန်းလာခဲ့တာ သူ နိုင်ငံခြားမထွက်ခင်အထိပဲ ဆိုပါတော့...။ သူ ကွန်ပျူတာ သင်တန်းမရှိတဲ့နေ့ ကျမသူနဲ့အတူနေ့လည်စာ လာစားတဲ့နေ့ဆိုရင် အစ်မကအလုပ်သွားတော့ တူမလေးကို အမေနဲ့အတူကူပြီး ထမင်းကျွေးပေးပြီးတော့ သူကိုယ်တိုင် ဆိုပြတဲ့သီချင်းတွေ နားထောင်ကြရင်းပေါ့...။ တစ်နေ့ အမေက သူနိုင်ငံခြားထွက်ခါနီး ဓမ္မာကျမ်းဆရာမလေးနှစ်ယောက် ခေါ်ပြီး အိမ်မှာဘုရားရှိခိုးကြတယ်...။ အမေနဲ့ဆရာမလေးနှစ်ယောက်က ဧည့်ခန်းမှာ ဆုတောင်းနေတုန်း ကျမနဲ့သူ အတူထမင်းစားနေကြတယ်....။ ဆရာမလေးဆုတောင်းတော့ ကျမနာမည်ပါထည့်ပြီး ဆုတောင်းပါတယ်... သူကထမင်းစားနေရင်း ကျမကို တစ်ချက်လှမ်းကြည့်ပြီး မျက်ခုံးပင့်ပြတယ်... ကျမလဲ ပခုံးပြန်တွန့်ပြလိုက်တယ်...။

သူက ကျမထက်ငယ်ပေမယ့် ခုဆိုကျမထက်တောင် ရင့်ကျက်ပြီး လူကြီးဆန်နေသေးတယ်...။ ကျမလို မိသားစုကျိုးကလာတဲ့ သူမဟုတ်ပေမယ့် မိသားစုဘ၀နွေးထွေးမှုကို သိပ်ခုံမင်တဲ့သူတစ်ယောက်ပါ.....။
သူနိုင်ငံခြားထွက်တော့ ကျမနေမကောင်းလို့ လေယာဉ်ကွင်းကို လိုက်ပို့ခွင့်မရလိုက်ဘူး....း( ။ ဟိုမှာ သူနှစ်နှစ်လောက်အလုပ်လုပ်ပြီးပြန်လာတော့မှ...ကျမတို့လက်ထပ်ကြတယ်...။ ဘုရားကျောင်းမှာပဲ Church Wedding လုပ်လိုက်တယ်....။ IT လက်မှတ်ရထားတာရယ်... အင်္ဂလိပ်စကားကောင်းကောင်း ပြောနိုင်တာရယ်နဲ့ သူဟိုသွားတုန်းက တက်ခဲ့တဲ့ ဒီပလိုမာတွေကြောင့်...
NGO တစ်ခုမှာ အလုပ်အင်တာဗျူးလေး အောင်သွားတယ်...။ သူ့အလုပ်လဲ အခြေကျပြီးတစ်နှစ်နေမှ ကျမတို့ကလေးစယူတယ်..။ ခုဆိုကျမတို့မှာ သိပ်ကိုချစ်စရာကောင်းတဲ့ သားကလေးတစ်ယောက်ရနေပြီ...။ ကျမသားလေးကို ကျမလို ဘယ်တော့မှ broken family ဘ၀မရောက်စေရဘူး....။ ကျမတို့နှစ်ယောက်မေတ္တာရေတွေကို အ၀တိုက်ကျွေးထားမယ့် သားလေးဟာ.... ကျမတို့မိသားစု အနာဂတ်အတွက် လင်းလက်တောက်ပလာမယ့် ကြယ်တစ်ပွင့်ပါပဲ...။

မျက်လုံးမျက်ခုံးတွေကသူနဲ့တူပြီး နှာတံလုံးလုံလေးနဲ့ နှုတ်ခမ်းတွေကျတော့ ကျမနဲ့လာတူနေတဲ့.... သားလေးဟာ ကျမတို့နှစ်ယောက်အချစ်တွေ စုထားတဲ့ နေရာလေး လူသားကလေးတစ်ယောက်ပါပဲ...။ ခုဆိုသူစကားတော်တော်တတ်နေပြီ...။ နှစ်နှစ်အရွယ်နဲ့ ကလေးလေးက အသက်နဲ့မလိုက်အောင် အသိဥာဏ်ကသိပ်ထက်တာ.... အဲဒါကတော့ သူနဲ့တူတာ... ကျမကတော့ အဲလောက်မလည်ဝယ်ဘူး... နည်းနည်းဝေးတယ်...။ သူစကားစပြောတော့... ကျမကို “မေမေ” ဆိုပြီးစခေါ်တာ...အဲဒီနေ့က ကျမဖြင့် ပီတိဖြစ်ရလွန်းလို့ မျက်ရည်တောင်ဝဲမိတယ်...။ အစ်မသမီး နိုးနိုးလေးက ရှစ်နှစ်ဆိုတော့ သားထက်ခြောက်နှစ်ကြီးတယ်... မီကီလေးကသူ့အတွက် အဖော်အရုပ်ကလေးဖြစ်နေတာပေါ့...။ ခုဆို ကျမသိပ်ချစ်တဲ့သူတွေနဲ့ နွေးထွေးသိုက်ဝန်းတဲ့ မိသားစုလေးနဲ့ ဘ၀မှာ ပြီးပြည့်စုံနေပါပြီ....။


မိုးငွေ့


ကျမသိပ်ကိုမျှော်လင့်ထားခဲ့ဖူးသော မိသားစုဘ၀လေးကို စိတ်ကူးပြီးရေးသားထားခြင်းသာဖြစ်ပါသည်။

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုး
စာရေးကောင်းလိုက်တာ
တကယ့်ရိုမန်တစ်အချစ်ဇာတ်လမ်းလေးပါဘဲ
ကိုယ်ရဲ့ အကြောင်းကို ရေးဖွဲ့ထားတာဘဲ မဟုတ်လားဟင်...
ပျော်ရွှင်စရာ မိသားစုလေးဘ၀ကို ထာဝရပိုင်ဆိုင်ပါစေ မမိုးရေ....

blackroze said...

မကြီးမိုးငွေ့
ဖတ်ရတာစိတ်ချမ်းသာလိုက်တာအမရာ
အေးချမ်းမှု့နွေးထွေးမှု့တွေကဖတ်နေတဲ့
သူစီကိုပါကူးစက်လာသလိုဘဲ..

khin oo may said...

ဘဝတစ်သက်တာချမ်းမြေ့ပါစေ။

မိုးငွေ့...... said...

ပေးတဲ့ဆုမပြည့်နိုင်တော့ပါဘူး မမKOM ရယ်....။
ညီမလေးဖြစ်ချင်တာလေးသာ စိတ်ကူးယဉ်ပြီးရေးလိုက်တာပါ...။