မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 14 March 2010

အိပ်မက်မိုင်...အဝေး





အမြဲတစေ ၀မ်းနည်းတတ်တဲ့ ကျမအတွက် မွေးကတည်းကနေ....ခုချိန်ထိ သူများတွေထက် မျက်ရည်ပိုကျခဲ့ဖူးသူ ဖြစ်နေသလား????


*************************

အနက်ရောင်ဂျက်ကက် ၀တ်ထားတဲ့ မောင့်ရဲ့ ကျောပြင်ကို ပြည့်အိုင်နေတဲ့ မျက်ရည်များအောက်က ၀ိုးတ၀ါး ငေးကြည့်ရင်း မောင့်နောက်ကျောကို ပါးအပ်ပြီး တင်းကျပ်စွာ ဖက်ထားချင်ပေမယ့် တကယ်လက်တွေ့မှာတော့ ကျမခြေလှမ်းတွေက ခဲဆွဲခံထားရသလို လေးလံထုံထိုင်းနေကြတယ်..။ မောင် ကျမကို တချက်ငဲ့ကြည့်တဲ့ အစိမ်းရောင် မျက်လုံးတွေကို ကျမဖြင့်ကြောက်လိုက်တာ...။ ဟင့်အင်း....အဲဒီလိုကြီး ကျမကို မကြည့်ပါနဲ့ ကျမခံနိုင်ရည်တကယ် မရှိလို့ပါ..။ နေရာမှာတင် ကျမအရည်ပျော်ကျသွားလိမ့်မယ်...။ ကျမရဲ့ တိုးလျှိုးတောင်းပန်သံကို မောင်ကြားရပါ့မလား? ကျမအကျယ်ကြီး ဟစ်အော်ပြောလိုက်ရမလား..။ စိတ်ထဲက ဖြစ်ချင်တဲ့ဆန္ဒကို မျက်ရည်တွေက ဆွဲငင်ထားခံရလို့လား နှုတ်ကစကားလုံးထွက်လာဖို့မပြောနဲ့ လှုပ်ရွဖို့တောင် အားအင်တွေရုတ်လျော့နေခဲ့တယ်..။ ဘုရား...ဘုရား ...ကျမကို မလှုပ်ရှားနိုင်တဲ့ ကျောက်ရုပ်တစ်ရုပ်အဖြစ်တော့ မောင် ကျိန်စာမတိုက်လောက်ပါဘူးနော်...။ ဘာကြောင့် ကျမကို အဲဒီလောက် စိမ်းကားရက်စက်တဲ့ သတ္တိမျိုးရှိနေသလဲ...။ ဘယ်လို အင်အားနဲ့များ ရှင်သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ ကျမကို အဲဒီလို မျက်လုံးမျိုးနဲ့ ကြည့်နေနိုင်သလဲ...။

အရင်ချိန်တွေတုန်းက နူးညံ့ခဲ့ဖူးတဲ့ နှုတ်ခမ်းတွေကလဲ ကျောက်သားပြင်တွေလို မာကျောလို့...။ ထားမသွားပါနဲ့မောင်.... ကျမကို...အဲဒီလို မထားခဲ့ပါနဲ့..........။ နေ၀င်ချိန်လေးမို့... မောင့်ပုံရိပ်လေးက... တရွေ့ရွေ့နဲ့ အရိပ်သာသာပဲ မြင်ရတော့တယ်..။ ကျမလက်ထဲမှာ အမွေးပွပွ အပြာရောင် တဘက်စောင်တစ်ထည်ကို ပွေ့ထားသေးတယ်...။ အဝေးပြေးလမ်းမပေါ်မှာ အစက်မဲမဲသေးသေးကလေး... တဖြေးဖြေး ဝေး....ဝေး....ဝေးသွားနေပြီ...။ ကျမခြေလှမ်းတွေ ခုချိန်ထိ နေရာမှာရပ်တန့်နေကြတုန်း...။ ကျမကို အိပ်မက်ဆန်ဆန်ကြီးမထားခဲ့ပါနဲ့...ကျမတောင်းပန်ပါတယ်...။ စိတ်ထဲက အသံတွေကျယ်လောင်သလောက် ခုနေ ကျမအသံကုန်ဟစ်ထွက်လာရင်တောင်...မောင်မကြားနိုင်လောက်တော့ဘူး...။ ပြတ်သားစိမ်းကားတဲ့
မောင့်ခြေလှမ်းတွေက ကျမရှိရာဆီကနေ ဆန့်ကျင်နေကြတယ်....ဟိုးးး အဝေးကို..။ တဘက်စောင်ကလေးကို တင်းတင်းကျပ်ကျပ်ရင်ခွင်မှာအပ်ထားရင်း ကျမတစ်ချက်အသံထွက် ရှိုက်ငင်လိုက်မိတယ်...။ မျက်လုံးတွေပွင့်လာတော့ ပါးပြင်ပေါ်မှာ ပူနွေးနေတယ်...။ 
အို...ဒါ ...ကျမ...ကျမ အိပ်မက်မက်နေတာပဲ...။ ရင်ဘတ်ပေါ်မှာ နီညိုရောင် တဘက်စောင်ကိုဖက်ထားလျက်...။ ဒါဆို အိပ်မက်ထဲက အပြာရောင်တဘက်ဟာ အိပ်မပျော်စဉ်က ကျမရင်ဘတ်ပေါ်တင်ပြီးအိပ်ခဲ့တဲ့ ကျမခြုံနေကျစောင်ကလေးကိုး...။

ကျမဆီကို အိပ်မက်နတ်သမီးက ဒီလိုအိပ်မက်မျိုး သယ်ဆောင်လာပေးပြန်ပြီ...။ အထူးသဖြင့် မောင် အဝေးရောက်နေချိန်မှာ...ကျမမက်နေကျအိပ်မက်မျိုး...။ ကျမအရမ်းချစ်တဲ့ မောင့်ကို စိတ်မချမှုတွေ... စိုးရိမ်ကြောင့်ကျမှုတွေက ကျမအတွက်တော့ အသည်းနှလုံးကို မီးမြှိုက်ခံရသလိုပဲ ပူလောင်လှပါတယ်..။ မောင့် အလုပ်ကို ကြိုးစားလုပ်ကိုင်နေချိန်...ပင်ပန်းနေချိန်မှာ... ကျမရဲ့သံသယတွေနဲ့ မောင့်အချစ်တွေ... သံယောဇဉ်တွေကို မပြစ်မှားသင့်ဘူး...။ ခေါင်းရင်းဘေး စာကြည့်စားပွဲက ဓါတ်ပုံဘောင်ကလေး...ပိတ်ချင်းမြောင်ဂူရှေ့က စမ်းချောင်းထဲမှာ ကျမတို့နှစ်ဦးပြုံးပျော်စွာရိုက်ထားတဲ့ပုံ...။ အ၀ါရောင်ညမီးအိမ်အောက်မှာ မောင့်အပြုံးက ထင်းခနဲပဲ...။ စောစောက အိပ်မက်ထဲကလို မျက်နှာကတင်းမာမနေပါဘူး..။ နူးညံ့သိမ်မွေ့လို့ ချိုရွှင်လို့ပါပဲ...။

အာခေါင်တွေခြောက်ကပ်လာလို့ ရေချိုင့်ထဲက ရေတစ်ဖန်ခွက်ကို သောက်လိုက်တယ်... ။ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့သပ်ရင်း ဆွဲအံထဲက ဓါတ်ပုံစာအုပ်ကိုဆွဲထုတ်ကြည့်လိုက်တယ်..။ ကျမတို့ကမ်းခြေမှာ အတူသွားလည်တုန်းကပုံတွေ..။ ဒီကမ်းခြေကို ကျမတို့နှစ်ယောက် အကြိမ်ကြိမ်ရောက်ခဲ့ဖူးလို့ သောင်ပြင်မှာ ခြေရာတွေထပ်နေပါပြီ..။ အနောက်ဘက်..မိုးကုတ်စက်ဝိုင်းအစပ်ဆီက ၀င်လုဆဲဆဲ နေလုံးကြီးနောက်ခံနဲ့ အတူ ကျမကို မောင်ကိုယ်တိုင်ရိုက်ပေးခဲ့ဖူးတဲ့ပုံလေး..။ မျက်လုံးတွေက အချစ်တွေပြည့်လျှံနေလို့ လင်းလက်တောက်ပ နေကြတယ်...။ ခုနေများ ကျမမှန်တစ်ချပ်ရှေ့မှာ သွားရပ်မိရင်... ကျမမျက်ဝန်းတွေဟာ တောက်ပနေမယ် မထင်ဘူး...။ ၀ိုးတိုးဝါးတားနဲ့ မှိန်ဖျော့နေမှာသေချာတယ်..။ အဲဒီမျက်ဝန်းတစ်စုံနဲ့အတူ ပူပန်နေတဲ့ နှုတ်ခမ်းနဲ့ ဆံနွယ်ခွေတွေပါ... အသပ်မရပ်ပွယောင်းနေကြမယ်...။ တော်ပါပြီ... ဒီလိုအပူရုပ်မျိုးကို ကျမမကြည့်ချင်ဘူး..။

ဖုန်းတစ်ချက်မြည်သံကြောင့် ဓါတ်ပုံစာအုပ်လေး ကျမလက်ကလွှတ်ခနဲလျှောကျသွားခဲ့တယ်...။ ဖုန်းခွက်ကို ကြည့်ရင်း မကိုင်သေးဘဲ ကျမငေးစိုက်နေမိတယ်...။ ဖုန်းသံ အဆက်မပြတ်ထွက်လာနေသေးတယ်..။ တုန်ယင်နေတဲ့ လက်ချောင်းတွေ ဖုန်းလက်ကိုင်ခွက်ပေါ်ရောက်သွားတယ်..။ ကျမပြန်ထူးတဲ့ “ဟဲလို” ဆိုတဲ့ အသံလဲ တုန်ယင်နေမှာမလွဲပဲ...။ တဘက်လိုင်းဆီက ကြည်လင်ဝါညက်တဲ့ အသံတစ်ခု နားစည်ကိုရိုက်ခတ်သွားချိန်မှာ ကျမမျက်လုံးတွေ ကြယ်ပွင့်တွေလို တောက်ပသွားကြတယ်...။ ခြောက်ကပ်တဲ့ နှုတ်ခမ်းတစ်စုံ တွန့်ကွေးသွားကြတယ်..။ အေးစက်တောင့်တင်းနေတဲ့ ခန္ဓာကိုယ်လေး ပျော့ပျောင်းနွေးထွေး သွားတယ်...။ ခေတ္တရပ်ဆိုင်းသွားခဲ့တဲ့ နှလုံးသားလေး ပြန်လည်ခုန်စပြုလာချိန်မှာ... အ၀ါရောင်မီးအောက်က အခန်းကျဉ်းလေး ချက်ချင်းအသက်ဝင်သွားတယ်။

အိပ်မက်နတ်သမီးရယ်... ဒီလိုအိပ်မက်မျိုးကို ကျမဆီကနေ...ဟိုးးး မိုင်အဝေး ကို အပြီးသယ်ဆောင် သွားပါတော့...။ ကျမကို အဲဒါလေးတော့ ကူညီပေးပါနော်..။


စာကြွင်း ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလေးအတွင်းမှ အစ်မ မနော်ဟရီရဲ့“နွေကိုဖွဲ့တဲ့တိမ်”၀တ္ထုတိုကို print ထုတ်ပြီး အိမ်မှာဖတ်တော့ ငါလဲ ဒီလို အိပ်မက်ဆန်ဆန်စာမျိုး ရေးတတ်ချင်လိုက်တာလို့ မချင့်မရဲတွေးမိခဲ့တယ်...။ အစ်မ မနော်ရဲ့ရိုးစင်းလှတဲ့ အရေးအသားနဲ့ လှပတဲ့နာမ၀ိသေသနတွေကိုလဲ လေးစားအားကျမိပါတယ်....။ တကယ်တမ်းတော့ စာရေးချင်တဲ့ ပိုးပါလာပြီးသား ကျမတို့ဟာ စာတစ်ပုဒ်ရေးချဖို့ ခံစားမှုကောင်းကောင်း တစ်ခုသာ လိုအပ်တယ်ဆိုတာ ဒီမနက် အိပ်မက်ကလန့်နိုးလာတော့မှ ကျမပီပီပြင်ပြင် သဘောပေါက်လာတယ်..။ ငါဒီလိုလေးရေးရင် ကောင်းမှာပဲလို့စိတ်ကူးမိတာထက် ခံစားမှုလေးရှိနေတုန်း လောလောလတ်လတ်အချိန်လောက် ရေးသားမှုတွေ ဈာန်ဝင်တာမရှိပါဘူး...။ အဲဒီဈာန်ရဲ့ဆွဲဆောင်ရာနောက် အလိုက်သင့်ကလေး ကလောင်တွေလိုက်ပါ စီးမျောတတ်ဖို့ပဲလိုပါတယ်..။ ဒါဆိုရင်တော့ ကောင်းမွန်သပ်ရပ်တဲ့ စာအစစ်အမှန်မျိုး ဖတ်ရမှာပါ...။ ဒါကြောင့် အိပ်မက်တစ်ခုရဲ့ခံစားမှုကို ကျမ လက်မလွတ်ခင် အငွေ့ပျံပျောက်ကွယ် မသွားခင်လေးမှာ မိမိရရလေး မျက်နှာမသစ်နိုင်သေးဘဲ အိပ်ယာထဲမှာ ချက်ချင်း ပုံဖော်ရေးချခဲ့ပါတယ်....။ အစ်မ မနော်နဲ့ကျမ အိပ်မက်ကို အခြေခံပြီးရေးသားကြတာချင်း တူပေမယ့် အစ်မကအိပ်မက်ဆန်ဆန် ဇာတ်လမ်းလေးကိုရေးတာဖြစ်ပြီး ကျမကတော့ အိပ်မက်ကို ပြန်လည်ပုံဖော်ခြင်း သာဖြစ်ပါတယ်....။ အစ်မ မနော်ကိုလဲ ကျေှးဇူးတင်ပါတယ်...။


သက်ရှိသတ္တ၀ါတွေဟာ အောက်ဆီဂျင်မရှိရင် အသက်ဆုံးရှုံးသွားရသလို.... ခံစားမှုမပါတဲ့ စာတွေဟာလဲ သေဆုံးသွားကြရမှာမလွဲမသွေပါပဲ...။


မိုးငွေ့

2 comments:

~ဏီလင်းညို~ said...

မမိုးရေ......
အဲ့သလို အိပ်မက်တွေနဲ့ ဝေးရာမှာ မမိုးတွယ်တာတဲ့ အကိုကြီးနဲ့ အတူပျော်ရွှင်စွာ နေနိုင်ဖို့ ဏီဏီဆုတောင်းပေးတယ်.......။
ဝတ္တုတိုလေး ဖတ်လို့ကောင်းတယ်.......
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ကောင်းလိုက်တဲ့ ၀တ္ထုတိုလေးပါ ...
အစ်မမိုးက လျှို့ဝှက်ချက်တွေကို တဖြည်ဖြည်းနဲ့ ဖော်ထုတ်နေတာလား...
အဲလို အိပ်မက်တွေ ထပ်မမက်နဲ့တော့ ...
ကိုဏီးလိုပဲ ဆုတောင်းပေးပါတယ် ...
အစ်မတို့ ပျော်ရွှင်စွာလက်တွဲနိုင်ပါစေ...

ခင်တဲ့မောင်လေး
ညရဲ့ကောင်းကင်