မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 18 January 2010

အရောင်များနှင့် ပညတ်ခြင်း



မရိုးသားတဲ့ အနီချင်းချင်း
နင့် မျက်လုံးတွေ ငါကြောက်တယ်
ပန်းနုရောင်နှုတ်ခမ်းတစ်စုံက
ထွက်ကျလာမယ့်
အပြာရောင်စကားလုံးတွေကို
အစိမ်းရောင်လွင်ပြင်တစ်ခုဖြစ်အောင်
နင့်ရဲ့ ခပ်ပုပ်အဲ့အဲ့...
အနက်ရောင်ညစ်နွမ်းနွမ်းနှလုံးသားက
အရောင်ဆိုးလိုက်တယ်...

နင့်ရဲ့ မဲညစ်တဲ့ ရင်ဘတ်ထဲက
ထွက်လာမယ့် ခရမ်းရင့်ရောင်
ခံစားမှုတွေကို......
ဖြူစင်တဲ့ စကားပွင့်တွေလို
ဝင်းမွတ်အပြစ်ကင်းသွားအောင်
စွမ်းဆောင်နိုင်သလား

အ၀ါရောင်အိပ်မက်ထဲမှာ
ရူးမိုက်စွာ အိပ်စက်
ကြယ်ရောင် လရောင် နေရောင်ဟာ
ဘာအရောင်လဲလို့
ခွဲခြားမပြတတ်လောက်အောင်
မီးခိုးငွေ့တွေနဲ့ မှိုင်းတိုက်
နင့် ဦးနှောက်တွေက
ပြာနှမ်းသွားခဲ့ကြပြီ....

တောက်ပတဲ့ ရွှေရောင်နေ့ရက်တွေကို
နင်ကိုယ်တိုင် သံချေးရောင်နဲ့
ပက်ခဲ့ပေါ့...
နှလုံးသားတံတိုင်းမှာ
ရေနံချေးရောင်တွေစွန်းပေ
လိမ္မော်ရောင်မီးတောက်တွေ..
လေနှင်ရာပင့်လို့ ပြာကျခဲ့တယ်..။

ရောင်စုံသုတ်လိမ်းခဲ့တဲ့
နင့် ၀ိညာဉ်တွေ
ခုတော့....
မီးခိုးရောင် ပြာမှုန့်တွေအဖြစ်သာ
ကျန်ရစ်ခဲ့တော့တယ်
ရူးနှမ်းပါပေ့.....။

“မိုးငွေ့ရေးသားသည်” လို့ထည့်ရတဲ့ အကြောင်းအရင်းကတော့ ကျမဟာ ကဗျာတစ်ပုဒ်ကို ဖြောင့်ဖြောင့်တန်းတန်း ရေးတတ်သူ တစ်ယောက်မဟုတ်ဘူးဆိုတာ မကြာခဏ ၀န်ခံဖူးပါတယ် ..။ ဒါပေမယ့် ကျမ စုဆောင်းထားတတ်တဲ့ ကဗျာတချို့တွေဟာ ဘယ်သူရေးမှန်းမသိလို့ ကျမအမြဲတစေ အမည်မသိကဗျာဆရာလို့ ရေးတတ်တာကို တချို့သူတွေက စတိုင်ထွင်တယ်လို့ ထင်တတ်ကြလွန်းလို့ ခုတစ်ပုဒ်ကတော့ မိုးငွေ့ကိုယ်တိုင်ရေးထားတာမို့ “မိုးငွေ့ရေးသားသည်”လို့ ကျမနာမည်ကို ၀န့်ဝန့်ရဲရဲ တပ်ထားခြင်းဖြစ်ပါတယ်...။ စာလာဖတ်သူ သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

5 comments:

အနှိုင်းမဲ့ said...

ကဗျာလေးက အရောင်တွေကိုစုံလို့နော်...
ဒီကဗျာလေးကို လက်ဆောင်အဖြစ်ပေးပါလားးးး :)
အရမ်းနှစ်သက်မိလို့ပါ...။

ညရဲ့ကောင်းကင် said...

အရမ်းကောင်းတယ် အစ်မ...
အရောင်တွေစုံအောင် ရေးဖွဲ့ထားတဲ့ ကဗျာလေးက စိတ်ကူးယဉ်ဖို့ကောင်းလိုက်တာ.. အဟီး...

အစ်မတက်ဂ်ထားတာ မမေ့ပါဘူး အစ်မ...
အနော် ရေးပေးပါမယ် ..
မအားသေးလို့နော်..

ဗညားရှိန် said...

တကယ်ကောင်းတဲ့ လက်ရာလေးပဲ မမရေ ရောင်စုံ ကဗျာ

အ၀ါရောင်အိပ်မက်ထဲမှာ
ရူးမိုက်စွာ အိပ်စက်
ကြယ်ရောင် လရောင် နေရောင်ဟာ
ဘာအရောင်လဲလို့
ခွဲခြားမပြတတ်လောက်အောင်
မီးခိုးငွေ့တွေနဲ့ မှိုင်းတိုက်
နင့် ဦးနှောက်တွေက
ပြာနှမ်းသွားခဲ့ကြပြီ....


ဟုတ်တယ် သူ့ဦးဏှောက် တကယ်ပြာနှမ်းနေခဲ့တယ် မမရယ် ။ ။

~ဏီလင်းညို~ said...

မမိုးရေ...
ကဗျာလေးဖတ်ရင်း... စိတ်ထဲမှာ အရောင်စုံမြင်လိုက်ရသလိုပဲဗျာ...။
တစ်ကယ်...
(စကားမစပ်...ဝေါ့ဗယ်ရီဖီကေးရှင်းကြီးကို ဆက်တင်ထဲမှာသွားဖြုတ်လိုက်ပါလားဗျာနော်...း))
ခင်မင်တဲ့
ဏီလင်းညို

psy said...

အရောင်တွေနဲ့ ကစားရတာကိုသိပ်ပြီးတော့များ နှစ်သက်သလား..ညို
ညိုကို...အဲဒီလို ကစားတတ်တဲ့ လူတစ်ယောက်မဖြစ်စေချင်ဘူး..။