မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 28 February 2009

ချစ်သူ


ချစ်သူဆိုတာ ငါ့အဘိဓာန်ထဲမှာ
အရာအားလုံးနဲ့ကင်းလွတ်တဲ့ ဝေါဟာရပါ...။

ပုံပြင်ထဲက မင်းသားလိုလဲ တင့်တယ်အပြစ်ကင်းတယ်
သံစဉ်ဖေါ့ဖေါ့လေးတွေနဲ့ငါ့ရဲ့နေ့သစ်တွေကို
အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်....။

မှောင်မိုက်အတိပြီးတဲ့ ညတွေကို အခန်းဆက်စကားလုံးတွေနဲ့
လင်းချင်းစေနိုင်သူလည်းဖြစ်တယ်...။

ငါ့အပေါ်နူးနူးညံ့ညံ့ဖြာကျနေမယ့်
အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်...

ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ...။ ။ မနော်ဟရီ


စာကြွင်း။ ။ ဆရာမ မနော်ဟရီရဲ့သိပ်လှတဲ့ ကဗျာတစ်ပုဒ်ပါ။ သူငယ်ချင်းအားလုံးကိုဝေမျှပေးလိုက်ပါတယ်

မြူငွေ့နှင့်အတူ ပြန်ရောက်လာတဲ့



သူငယ်ချင်းတို့ကို ဘလောက်လေး စဖွင့်တုန်းက မိတ်ဆက်စာလေးရယ် ကဗျာလေးတပုဒ်၊ ဆောင်းပါးလေး တပုဒ်နဲ့ပဲ စပြီးဧည့်ခံခဲ့ရတယ်...။ အကြောင်းကြောင်းကြောင့် ကျမ ဒီဘလောက်ကို ဘယ်တော့မှ ဆက်မရေးတော့ဘူး ဆုံးဖြတ်ထားပေမယ့်လဲ စာရေးချင်တဲ့ပိုးလေးကမနေဘူးလေ။ ဒါကြောင့်ကျမတောင်ကြီးက သူငယ်ချင်းနှစ်ယောက်ရဲ့ ကဗျာကို တင်ဦးမယ်ဆိုပြီး တင်ဖြစ်သွားတာပါ..။ သူငယ်ချင်းအားလုံးကိုလဲ တခြားစာတွေကို ပေးဖတ်ချင်ပါသေးတယ်..။ ကျမ ကြိုးစားပြီးဆက်ရေးသွားမှာပါ...။ ကျမစာ ကိုအားပေးဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ မနိုင်းနိုင်းစနေကိုတော့ သိပ်အားကျတာပဲ သူ့လိုပဲ ကျမလဲ ပုံတွေနဲ့ တင်နိုင်ဖို့ကြိုးစားပါဦးမယ်...။ ခုတော့စာအများကြီးရေးနိုင်ဖို့ကျမစာများများဖတ်ရဦးမယ်...။
ကျမအရေးအသားတွေ လိုအပ်တာရှိရင်လဲ ကွန်မန့်လေးပေးသွားနိုင်ပါတယ်..။


အစရဲ့အဆုံး



ငါသွားမယ်. အဝေးဆုံးခရီး

ငါ့နောက်ကြောမှာပဲ
ဆုံးနေလေရဲ့...။

ငါသိချင်တဲ့ အနက်အဓိပ္ပါယ်
ငါ့ခန္ဓာကိုယ်ထဲမှာပဲ
ဆုံးလေရဲ့....။

ငါလိုချင်တဲ့ ချမ်းသာကြွယ်ဝမှု
ငါ့နှလုံးသားထဲမှာပဲ
ဆုံးလေရ့....။

အသွားခင်ကတဲက
အဝေးဆုံးကိုရောက်နှင့်နေခဲ့
ဘာမှမသိခင်ကတဲက
အားလုံးကိုသိနှင့်နေခဲ့
ဆင်းရဲမွဲတေစွာနဲ့ချမ်းသာကြွယ်ဝနေခဲ့ပါပေါ့...။ ။ သာဂဒိုး (တောင်ကြီး)

Empty


ငါ့နှလုံးသားက
မြစ်ဖျားခံလာတဲ့
အဖြူရောင်ရေစီးကြောင်းထဲ
ဗလာသက်သက်ချစ်ခြင်းတွေ
ပျော်ဝင်နေလေရဲ့.....။

ကောင်းလေး.....ရေ
ငါ့မှာပိုင်ဆိုင်သမျှ
အေးစက်စက်ခံစားမှုတွေကြောင့်
ငါတို့ ဝေးသွားခဲ့ရင်တောင်
လွတ်လပ်နေတဲ့
မိုးတိမ်တိုက်တစ်ခုလို
ငါဟာ..မင်းကိုချစ်မိသွားခဲ့ပြီ...။

ငါ့ဘ၀ရဲ့ပြည့်စုံမှုက
မိုးပြာရောင်ကောင်းကင်အောက်
မင်းနဲ့အတူရှိနေခွင့်ရရုံလေးပါ။ ။ HNS (TG)