မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 10 September 2009

I, Robot



ငါ့ကို စက်ရုပ်တစ်ရုပ်နဲ့ ခိုင်းနှိုင်းရင် မင်းပိုမှန်လိမ့်မယ်....။ ငါဟာ မင်းပြောသလို ကျောက်ရုပ် တစ်ရုပ်မဟုတ်ပါဘူး...။ ကျောက်ရုပ်ဆိုတာ မာကျောတယ်...။ ဘာမှခံစားမှုမရှိတဲ့ အရာတ္ထုတစ်ခုပါ...။ ငါကတော့ ပန်းရောင်အသည်းနှလုံးကို သံထည်ဝတ်စုံတွေနဲ့ ဖုံးအုပ်ထားတဲ့ စက်ရုပ်တစ်ရုပ်ပါ...။ အဲဒီအသည်းနှလုံးရှိတဲ့အတွက် ငါ....ခံစားတတ်တယ်...ငါ...နာကျင်တတ်တယ်... ငါ....ငိုတတ်တယ်....ပြီးတော့ ငါ...ချစ်တတ်တယ်...။ မင်းကတော့ ဘယ်ယုံပါ့မလဲ...။ သံတည်ဝတ်စုံတွေနဲ့ စက်ရုပ်တစ်ရုပ်မှာ ခံစားတတ်တဲ့ အသည်းမရှိဘူးလို့ မင်းတွက်ချက်ထားတာ မမှားပါဘူး...။

ငါ့ငယ်စဉ်ဘ၀ဟာ အပြင်ပန်းကကြည့်ရင် သာမန်ကလေးတွေ အတိုင်းလို့ထင်ရပေမယ့်...။ ငါက သူများတွေထက် အဆပေါင်များစွာပိုခံစားတတ်တဲ့ အသည်းနှလုံးပါလာတာကိုတော့ ဘယ်သူမှ မြင်နိုင်လိမ့်မယ် ငါမထင်ဘူး...။ အသက် ရှစ်နှစ်အရွယ်ကတည်းက ငါ....အဖေနဲ့ ရှင်ကွဲ ကွဲခဲ့ရတယ်... ဆယ်နှစ်ကျော်အရွယ်မှာ အဖေနဲ့ထပ်ပြီး သေကွဲကွဲခဲ့ရတယ်...။ နုနယ်တဲ့ ငါ့အသည်းတွေ အများထက် ပိုခံစားကြေကွဲတတ်တဲ့ငါ့မှာ ဘယ်လိုခံနိုင်ရည်မျိုးနဲ့ ရင်ဆိုင်ခဲ့ရမလဲ မင်းတွေးကြည့်ပေးနိုင်မှာ မဟုတ်ပါဘူး...။ ပြီးတော့ ငါ...ငါ့အမေ ငါ့မောင်နှမတွေနဲ့ထပ်ပြီး ဝေးကွာခဲ့ရပြန်တယ်...။ အကြာာာ............ကြီးပဲ....။ ငါ့ပါးပြင်တွေ မျက်ရည်ပင်လယ်စီးခဲ့ရတယ်.... ။ ဒါတွေကို နင်မသိပါဘူး...။

ဒီလိုနဲ့ ဘ၀တွေကို ဖြတ်သန်းလာခဲ့တာ....မုန်တိုင်းထန်တဲ့ အခါတလှည့်...လေပြေတိုက်ခတ်တဲ့အခါ တလှည့်နဲ့ပေါ့..။ အိုးးး...ငါထပ်ပြောပြရဦးမယ်...။ သံချပ်ကာဝတ်ရုံအောက်က ငါ့ရဲ့ ပန်းရောင်အသည်း ဘယ်တော့မှ မထိခိုက်နိုင်ဘူးလို့ မင်းထင်နေဦးမှာပေါ့...။ ဟင့်အင်း... အဲဒီ စူးရှတဲ့ မျက်ဝန်းနက်နက်နဲ့ တစ္ဆေတစ်ကောင်ပေါ့...ငါ့အသည်းကို ငါမသိအောင်...ခိုးယူသွားခဲ့ဖူးတယ်လေ...။ ငါ့ ကိုလဲ အခါခါငိုအောင်သူလုပ်ဖူးတယ်...။ ခုထိပါပဲ....။ ငါသူ့အကြောင်းတွေးတိုင်း ခံစားကြေကွဲနေရတုန်းပဲ...။ ဒီလောက်သံဝတ်ရုံအောက်က ငါ့အသည်းကို အနာတရဖြစ်စေအောင် စွမ်းတဲ့သူ ဒီဘဒ္ဒကမ္ဘာမှာ တစ်ယောက်တည်းသော ငါချစ်ရတဲ့သူတဲ့...ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ....။ သူ့ဆီမှာ ငါလို စက်ရုပ်တစ်ရုပ်ကို ဖမ်းစားပစ်နိုင်တဲ့ မာယာတွေအပြည့်တဲ့...။ ငါ့ရဲ့ ပန်းရောင်အသည်းတွေ နဂိုအတိုင်းရှိသေးရဲ့ အရောင်တောက်ပစွာနဲ့ ဖျတ်ဖျတ်လူး ခုန်နေသေးရဲ့ လို့ မင်းမထင်လေနဲ့ဦး...။ ဒဏ်ရာတွေပရပွနဲ့ နွေးထွေးတဲ့ ချစ်သူကို အမှတ်သည်းခြေမရှိစွာ ချစ်တတ်နေဆဲ အသည်းနှလုံး အဟောင်းကြီးကတော့ ယဲ့ယဲ့ကလေး ခုန်နေဆဲပေါ့...။

ငါဟာ ခံစားမှုတိုင်းကို စာလုံးလေးတွေနဲ့ ခြယ်စီသိမ်းဆည်းထားတတ်ခဲ့ တာကြာပါပြီ......။ ငါ့ရဲ့ နှလုံးသားမြေပြင်ထက်မှာ စကားလုံးပျိုးစေ့တွေ ကျဲပက်လို့...ခုဆိုရင် ငါ့ရဲ့ဥယျာဉ်မှာ ပန်းရောင်စုံတွေ ပွင့်ဖူးဝေဆာလို့ပေါ့...။ ငါ, စက်ရုပ်ပျိုးတဲ့ ဒီဥယျာဉ်မှာ မင်းကိုငါ နားခိုရာစခန်းအဖြစ်ဖိတ်ပါတယ်....။ ငါ့နာကျင်မှုတွေကို ငါတိတ်တဆိတ် ပန်းပွင့်လေးတွေနဲ့ကုစားနေသလား...??? အကြိမ်ကြိမ် မုသားသုံးခဲ့ဖူးတဲ့ ငါ့နှုတ်ခမ်းတွေ ခုတော့ မင်းကိုငါ အမှန်ဝန်ခံပါတယ်...။ ငါပျော်တယ်...ငါကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရတဲ့ ငါ့နေရာမှာ ငါပျော်နေပါတယ်...။

တကယ်တော့ မင်းပြောသလို ငါဟာ ကျောက်ရုပ်တစ်ရုပ်မဟုတ်ပါဘူး....။

ငါဟာ... စက်ရုပ် ဥယျာဉ်မှူး တစ်ယောက်ပါလေ......။



1 comment:

myat said...

မာကျောခြင်းနဲ့ နူးညံခြင်းကို အလှပဆုံးစကားလုံးလေးတွေနဲ့
ယှဉ်တွဲပြနိုင်သွားတယ်..
စကားလုံးလေးတွေက အရမ်းနူးညံ့လွန်းလို့..အခုဖတ်နေတာတောင်
ဖြည်းဖြည်းလေးဖတ်နေရတယ် အမရဲ့..
အားပေးပါတယ်..
ငိုနဲ့နော်..ဘယ်တော့မှ :)