Thursday, 22 March 2012

နတ်သမီးပေးတဲ့ မွေးနေ့လက်ဆောင်.....



Coral ဆိုတဲ့..သူမကို ကျမ စတွေ့ခဲ့တဲ့နေ့က
မိုးတွေသည်းသည်းမဲမဲရွာနေခဲ့တယ်
အပြင်မှ တစ်ခါမှ မြင်ဖူးခြင်းမရှိပါပဲ သူမရဲ့အသွင်သဏ္ဍာန်ကို
ကျမဘာကြောင့်ပုံဖမ်းနိုင်ခဲ့ရတာ
လည်း
သူမက နူးညံ့တယ်..
သူမက ဖော်ရွေတယ်..
သူမရဲ့အပြုံးတွေက နွေးထွေးတယ်..

သူမက...
ကော်ဖီခါးခါးတစ်ခွက်နဲ့
ရိုမန့်တစ်အိန်ဂျယ်ကို အသက်သွင်းခဲ့သူ..
တစ်ခါတစ်လေ နှင်းဆီနီနီတွေကြားမှာ ပြေးလွှားဆော့ကစားတတ်သူ..
တစ်ခါတစ်လေတော့လည်း..
စမ်းချောင်းထဲမှာ စီးဆင်းမျောပါသွားကြတဲ့
သစ်ရွက်ကြွေတွေကိုဂရုဏာသက်စွာ ငေးကြည့်နေတတ်သူ..

သူမရဲ့အနာဂတ်..
သူမရဲ့အိပ်မက်..
သူမရဲ့ဆန္ဒ... အားလုံးကတော့
သူမစွဲလန်းခဲ့ရတဲ့ အိန်ဂျယ်နဲ့အတူရှိနေဖို့ပါပဲ..

ဒီနေ့..၁၇-၀၃-၂၀၁၂
သူမရဲ့မွေးနေ့ဖြစ်တယ်..
သူမအတွက် အမှတ်တရ Note လေးရေးပေးရင်း
မွေးနေ့လေးမှာ အိန်ဂျယ်နဲ့အတူ ပျော်ရွှင်နိုင်ဖို့ ကျမတို့ဆုတောင်းပေးလိုက်ကြရအောင်နော်...
HAPPY BIRTHDAY... Princess Coral


ချစ်ညီမအဖြူရောင်နတ်သမီးဖဘမှာရေးပေးတဲ့ Note လေးပါ...။ နတ်သမီးက နှစ်တိုင်းသူ့အိမ်မှာ အကျွေးအမွေးလုပ်ပေးနေကျ...။ ဒီနှစ်တော့မပူဆာတော့ပါဘူး ညီမလေးပင်ပန်းမှာဆိုးလို့ ကဗျာဆရာတွေဘက် လှည့်ပြီးတော့ပဲ ကဗျာအရေးခိုင်းတော့တယ်....။ လောလောဆယ် နတ်သမီးလေး နေမကောင်းဘူးတဲ့ ဆေးရုံမှာလို့ပြောတယ်.....။ ချစ်ညီမနတ်သမီးလေး အမြန်ဆုံးနေကောင်း ပါစေလို့ ဒီကဗျာလေးကိုလာဖတ်သွားတဲ့ စာဖတ်သူအားလုံးကူပြီးဆုတောင်းပေးပါနော်...။


Wednesday, 21 March 2012

တပေါင်းဦးရဲ့ ပန်းတစ်ပွင့်.....


နေ့မှာ

နှင်းစဲ နွေဦး
လေရူးနဲ့ရွက်ဝါ
ရွှေပိတောက်မျှော် ငုဝါပေါ်ချိန်
ရာသီပန်းတွေနဲ့ အပြိုင်,
အတူပွင့် ပန်းတပွင့် သန္တာလန်းစဉ်ခါမှာ.....

ညမှာ

လဝန်းရယ်သာ
မိုးယံ ကြယ်စုံ ညီညာ လင်းလက်ဖြာ
တိမ်ကင်း လေငြိမ် ရာသီချိန်သည်
အစုစုညီညှိ့ ပနံတင့်၏
ပန်းသန္တာ ပွင့်ဖူးခါထူး တပေါင်းဦး
လောကအလှဆင် ပန်းတို့သခင်

အခါထူး ရက်ထူး မွေးနေ့ဦးမှသည်
နောင်နောက် နှစ်တစ်ရာသို့
ကြည်အေးချမ်းမြ ဘဝလမ်းလှ
နာဖျားကင်းစင် စိတ်ထားရွှင်လို့
လိုရာတခါ ပြီးပြည့်စုံစေ.........


မွေးနေ့အမှတ်တရ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)


Monday, 19 March 2012

သူတို့မောင်နှံပေးတဲ့ မွေးနေ့လက်ဆောင်.....



တိမ်ရဲ့ အိန်ဂျယ်....


ဟေမန် သခင်
ဆောင်းနှင်းတွေလဲ
ပြေးထွက်ခဲ့ပြီ
ဂိန်မန် အရှင်
အိန်ဂျယ်လေးလဲ
လေးရူးနဲ့ အတူ
ပိတောက်တွေဖူးမယ့်
ဒီရာသီမှာ
နှင်းလဲမသောက်
မိုးရဲ့ အငွေ့အသက်
မိုးစက်များနှင့်အတူ
ပူလောင်သူကို အေးချမ်းပေး
ဆောင်ယူလာတာ
လေပြေ အေးမို့
တိမ်တို့ သခင် အိန်ဂျယ် သင့်ကို
ပန်းစံပယ်နှင့်အတူ
လမ်းသွယ်တွေပါမကျန်
ဝေဟင်မြင့်ထက်
လွင်ပြင်ကိုကျော်
ပင်လယ်ဆီသို့
ဂုဏ်သတင်းတွေ မွေးပျံ့
အောင်မြင်ခြင်းတွေ
အတောင်တပ်ပြီး
တိမ်တွေကိုစီး
အိန်ဂျယ်တပါးလို
ဒီကမ္ဘာကို
အေးချမ်းမှု့တွေ
ဖြန်းပက်ပေးပါ
မိုးစက်သခင်
မိုးငွေ့ သင့်ရယ်။
(လွင်ပြင်လှိုင်းငယ်)


ပန်းနုရောင်ပိုင်ရှင်အတွက်မွေးနေ့ကဗျာ

ဘ၀တွေ ယောင်ပေပေ မဖြစ်
ပန်းနုရာင်နှလုံးသားနဲ့
ဘ၀ကို တစ်ကိုယ်တည်းရုန်းကန်
အမှန်တော့ ရင်ထဲမှာအချစ်ရှိတယ်
ဒီအမေ ဒီအဖေ မွေးလို့
မြင့်မြတ်တဲ့ မွေးနေ့ရှင်
စိတ်ဝယ်ဘ၀င်အေး
နာမည်ကိုမေးပါရစေဦးလို့
မိုးငွေ့တဲ့လေ
ကြားရသူရင်ထဲ အေး
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်
ဟန်တွေမလုပ်
မာန်တွေလဲမထုတ်
မိုးငွေ့ရင်ထဲ
အမြဲဖြူစင်
မိုးငွေ့ အပြုံး
မြင်သူရင်ထဲ
နှလုံးအေးစေတယ် ။

စာတိုကဗျာတို
ဝါသနာတွေနဲ့
ကဗျာအကြောင်းတွေတွေး
စာတွေရေးတဲ့ မိုးငွေ့လေးရေ
ချစ်ခြင်းတရား
အထားမမှားစေပဲ
ရင်ထဲထည့်ထား
ပုလဲတလုံးရွဲတလုံး
အပြုံးတုဆိုတာဝေးတဲ့
မိုးငွေ့ရေ
ဒီနှစ်ဒီလ
ဒီရက်မှတိုင်
စိတ်နှလုံးရွှင်လန်း
အပြုံးပန်းတွေထာဝရဝေပြီး
စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒမြဲလို့
စာတွေကဗျာတွေ
ရသက်ပန်တည်ဆောင်နိုင်ပါစေလို့
။ ။(Jasmine တောင်ကြီး)


ကျမကို မိဂျက်နဲ့သူ့ရဲ့ ချစ်ချစ်ကြီး လွင်ပြင်လှိုင်းငယ်က မွေးနေ့ အမှတ်တရရေးပေးထားတာပါ။
ကျေးဇူးတင်ပါတယ် ချစ်ဇနီးမောင်နှံနှစ်ယောက်စလုံးကို....။ ကဗျာလေးထဲမှာ မီးမီးချစ်တဲ့ အိန်ဂျယ်လဲပါတယ် မိဂျက်နာမည်ရော လွင်ပြင်ရောပါတယ်...။



Sunday, 18 March 2012

မိုးငွေ့....သို့





မိုးငွေ့တစ်စက်ရဲ့ ရာဇ၀င်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။

အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်းအကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။

အဲ့ဒီ အချိန် ...
အိနိဂျယ်လိုပါပဲ
တိမ်တွေထဲ ၀ဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။

အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။


အမှတ်တရဖြင့်
ညလင်းအိမ်



မှတ်ချက်။ ။ မိုးငွေ့ရဲ့ မွေးနေ့တိုင်း အမှတ်တရကဗျာတစ်ပုဒ်နှစ်တိုင်းရေးပေးနေကျ မောင်တူးကို အထူးကျေးဇူးတင်ပါကြောင်း..။


Saturday, 17 March 2012

ဖီလင်...37




တွေးကြည့်ရင် အမေတွေကို သိပ်သနားတယ် အရမ်းလဲ လေးစားမိတယ် အရမ်းလဲ ချစ်ခင်မိတယ် စူးစူးနစ်နစ်ပါပဲ..။


တကယ်တော့ မိန်းမဘ၀ဖြစ်ရတာ သိပ်ကိုမြတ်ပါတယ်.....။ ကျမကတော့ ကိုယ့်ကိုယ်ကိုမိန်းမဖြစ်ရတာကို ဂုဏ်ယူတယ်.....။ မိန်းမတိုင်းဟာ ကမ္ဘာလောကကြီးရဲ့ မျိုးဆက်သစ်အတွက် မိခင်လောင်းတွေပဲ.....။ ဒါကြောင့် မိခင်လောင်းတွေဟာ ကိုယ့်ဝမ်းကလွယ်မွေးတာမဟုတ်ပေမယ့် ကလေးလေးတွေကို အလိုလိုချစ်ခင်ကြင်နာတတ်တဲ့ စိတ်သန္ဓေလေးက မွေးရာပါ ကိန်းအောင်းနေတတ်ကြတာ.......။

ကျမတို့ကလေးဘ၀က ကျမတို့အမေတွေ ဘယ်လိုခက်ခဲပင်ပန်းစွာ အသက်နဲ့ရင်းပြီးမွေးခဲ့တယ်.....။ ကြီးပြင်လာတဲ့ အထိဘယ်လို ပြုစုစောင့်လျှောက်ခဲ့တယ်ဆိုတာ ရုပ်ရှင်အနှေးပြကွက်နဲ့ တစ်ကွက်ခြင်းဆီပြန်ကြည့်ကြည့်ပါ.....။ အမေလို ကိုယ်တိုင်ရော လုပ်နိုင်ပြီလား.....လို့မေးကြည့်ပါ....။ ဟင့်အင်း ကျမတို့ နေ့စဉ်လုပ်ကိုင်နေတာ အမေကို ခုထမမှီနိုင်သေးပါဘူး....။ အမေဆိုတာ သူ့သားသမီးကို မွေးပြီး ပညာသင်ပေးပြီး အသက်ကြီးလာတာနဲ့ လက်လွတ်လိုက်ရတာမဟုတ်ဘူး....။ သူအသက်ရှင်နေသရွေ့ သူ့သားသမီးတွေဟာ အမြဲတမ်းသူ့အတွက် ရင်ခွင်ပိုက်ကလေးလေးလို တယုတယရှိနေတုန်း စိုးရိမ်တတ်နေတုန်းလေ.......။ သူ မြေးတွေမြစ်တွေရတဲ့အထိ သူ့သားသမီးတွေပေါ်ထားတဲ့ မေတ္တာဓါတ်ကပြယ်သွားတယ်ရယ်မရှိဘူး......။ သိပ်ကိုလေးစားမြတ်နိုးစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ.....။

ကျမ အခုအမေလိုလုပ်နိုင်ပြီလားလို့ ကိုယ့်ကိုယ်ထပ်မေးကြည့်တယ်.......။
နိုးးး.... ကျမ မလုပ်နိုင်သေးဘူး.....။ ကျမ အမေ့ကိုလိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး.....။ ဒါပေမယ့် ကမ္ဘာလောကကြီးအတွက် ကျမဟာ ဘာမှမသုံးမ၀င် တန်ဖိုးမရှိတဲ့ သူတစ်ယောက်ဘယ်တော့မှအဖြစ်မခံနိုင်ဘူး....အဲဒီတစ်ခုတော့ ကျမ ကတိပေးပါတယ် အမေ....။ အမေ့ကို ကျေးဇူးတင်တယ်.... ကျမကို အမေ့အရိပ်မှာ နားခိုစေခဲ့တာ ၃၇နှစ်ရှိခဲ့ပြီ...။


စိတ်ချပါအမေ....................။

ဟောဒီ....နှလုံးသားနဲ့ ကျမကမ္ဘာကြီးကို ပျော်ရွှင်အောင်လုပ်မယ်.......။
ဟောဒီ.....နှုတ်ခမ်းနဲ့အမြဲတမ်းကမ္ဘာကြီးကို ချိုသာစွာနှုတ်ဆက်မယ်.......။
ဟောဒီ.....လက်နဲ့ကလေးသူငယ် သက်ကြီးရွယ်အိုတွေကို အခွင့်ရတိုင်းစောင့်ရှောက်မယ်.....။
ဟောဒီ....ခြေအစုံနဲ့ ခရီးအဝေးကြီးကိုမဆုံးတမ်းလျှောက်ဦးမယ်......။

ဒီနေ့.....၁၇ရက်နေ့....။
ကျမကို လူ့လောကထဲ ကောင်းမွန်ကြည်စင်တဲ့ စိတ်ဓါတ်ကလေးနဲ့ ရပ်တည်နေခွင့်ပြုပေးတဲ့ အမေ့ကို ကျမဒီပို့စ်လေးနဲ့ ကန်တော့ပါတယ်...။


ပြီးတော့ မွေးနေ့မွေးလတူ ကျမချစ်ရသော မောင်နှမတွေဖြစ်တဲ့ ကိုကြီးငယ်
Augustine Ngeညီမလေးခေါင်ခေါင်ညီမလေးတင်ထက်ထက်ဗို နဲ့ ညီမလေးပေါက်စီ တို့ကိုလည်း ဒီပို့စ်လေးနဲ့မွေးနေ့လက်ဆောင်ပေးလိုက်ပါတယ်....။


အမေနဲ့တကွ အမေများအားလုံးကို လေးစားချစ်ခင်တဲ့

မိုးငွေ့

Wednesday, 14 March 2012

နူးညံ့ခြင်း၏ဆန့်ကျင်ဘက်.....

မိုက်မဲခြင်း




လေလွင့်



မာယာ



အသဲကွဲရစ်သမ်


ရှုပ်ထွေးကွန်ယက်


မျှော်နေဆဲပါ


အရောင်များနဲ့လွှမ်းခြုံမယ်


အိန်ဂျယ်ချစ်သော စကားပန်း


မခွဲအတူ

ကန့်သတ်ချက်


အသဲကွဲရစ်သမ်အထိက ဒေါက်တာစိုင်းမျိုးမြင့်ထွန်းလက်ရာတွေပါ....။
ရှုပ်ထွေးကွန်ယက်ကစလို့ ကျန်ပန်းချီလေးများကတော့ မတတ်တခေါက်မိုးငွေ့လက်ရာများဖြစ်ပါ၏...။
နူးညံ့တဲ့အရောင်ခြယ်သမှုများနဲ့ ဆန့်ကျင်ထားတဲ့ စိုင်းမျိုးမြင့်ထွန်းပန်းချီများနဲ့ တွဲဖက်လို့ ခေါင်းစဉ်လေးကို “နူးညံ့ခြင်း၏ဆန့်ကျင်ဘက်”လို့ပေးလိုက်ခြင်းပါ...။


မိုးငွေ့



Monday, 12 March 2012

ပြန်လာခဲ့ပါ....အိန်ဂျယ်



အပြင်မှာ နှင်းတွေကျနေလိုက်တာ.....။ နှင်းဖတ်ဖြူဖြူတွေက မိုးရွာသလိုကိုကျနေတာ......။ အိမ်တံခါးအားလုံးကိုအလုံပိတ်ထားရတယ်.....။ ဧည့်ခန်းက မီးလင်းဖိုကို မွေးထားရတယ်....ဒီတော့မှ အနွေးဓါတ်လေးရလာတယ်....။ စောစောတုန်းက အပြင်ဖက် မင်းအလာကိုမျှော်နေတုန်းက အေးစိမ့်နေလိုက်တာ ပါးစပ်ထဲက အငွေ့တွေတောင်ထွက်တယ်.......။ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးစောင့်နေပါဆိုလို့ မင်းစကားကို ကိုယ်နားထောင်လိုက်တယ်...။


မင်းပုံပြောပြန်ပြီလား အိန်ဂျယ်......။ ကိုယ်စောင့်နေခဲ့ပါတယ် ညနေခင်းကတည်းက... ညကတဖြေးဖြေးရင့်ရင့်လာပြီ.....ခုထိလဲ ဘာမှမစားရသေးဘူး....မင်းရောက်လာမယ်ဆိုတာ တကယ်လား..... မင်းလာမလာဆိုတာမသေချာပေမယ့် ကိုယ်ဘာဆက်လုပ်ရမလဲ....။ မင်း ကိုယ်တိုင်ဖျော်ပေးမယ့် ကော်ဖီတစ်ခွက်အတွက် ကိုယ်ညနေစာကိုတောင်မစားဘဲစောင့်နေခဲ့တာပါ......။ ညရဲ့တိတ်ဆိတ်မှုထဲမှာ အထီးကျန်စွာကိုယ်ထိုင်စောင့်နေတုန်းပဲ.....။ မင်းရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်နေတုန်းပဲ.....။ ကိုယ်သိပါတယ် မင်းကိုယ့်ကို ရက်စက်မှာမဟုတ်ပါဘူးလို့....။ မင်းတံခါးလာခေါက်တာကို မကြားမှာစိုးလို့ ကိုယ်တိတ်တိတ်ကလေးပဲထိုင်စောင့်နေတာ...ဘာသီချင်းသံမှဖွင့်မထားရဲဘူး....။

ဟော....တံခါးခေါက်သံကြားရပြီ.....။ မျှော်လင့်ခြင်းမျက်ဝန်းတွေက မီးလင်းဖိုက မီးတောက်တွေနဲ့အတူ တောက်ပလင်းလက်သွားတယ်.....။ ညတော်တော်တောင်နက်နေပြီ.....။ တံခါးဖွင့်လိုက်တော့ ..... အဖြူရောင်အလင်းတန်းတစ်ခု အမှောင်ကိုခွင်းပြီးဝင်လာတယ်...။ အပြုံးကြည်ကြည်တို့တွဲလျက်ပါလာတယ်...။

မင်းက ကိုယ့်ကိုဧည့်ခန်းမှာထိုင်ခိုင်းထားပြီး ကိုယ်တို့အတူစားဖို့ လွယ်ကူတဲ့ ညစာတစ်ခုကိုသွားချက်နေတယ်...။ နာရီဝက်နေတော့ ထမင်းစားခန်းဆီကိုယ်ဝင်သွားတော့......

ထမင်းစားပွဲမှာ Candle Light လေးပဲထွန်းထားတယ်...။ ကိုယ်ကြိုက်တတ်တဲ့ စပါ့ဂတီကိုနှစ်ပွဲချထားတယ်....ပြီးတော့ ဂါးလစ်ဘရက်တစ်ပွဲ.....။ ကျေးဇူးတင်ပါတယ် .... ကိုယ့်အကြိုက်တွေကိုလုပ်ပေးတတ်တဲ့အတွက်လေ......။

ကိုယ်တို့စားသောက်ပြီးတော့ မင်းက ကိုယ့်အကြိုက် ကော်ဖီမွှေးမွှေးလေးထပ်ဖျော်ပေးပါတယ်....။
မီးလင်းဖိုရှေ့မှာ.......ကိုယ်တို့အတူထိုင်ဖြစ်တော့ ...မင်းရင်ခွင်ထဲမှာ ဂီတာတစ်လက်ကရောက်နေပြီ......။ ကိုယ့်ကို မင်း သီချင်းတွေအများကြီးဆိုပြမယ်တဲ့......။ ဒီညကိုဖြည့်စီးပေးတဲ့အတွက် ကျေးဇူးပါအိန်ဂျယ်.......။ ကော်ဖီခွက်ကိုကိုင်ထားရင်း မင်းသီချင်းဆိုပြတာကို မမှိတ်မတုန်စိုက်ကြည့်မိတယ်....။ ကိုယ့်ကိုဒီတစ်ည ညနေစာချက်ကျွေးတယ် ကော်ဖီတွေဖျော်တိုက်တယ် သီချင်းတွေအများကြီးဆိုပြတယ်.....ပြီးရင် မင်းနောက်ထပ်အကြာကြီးပျောက်သွားဦးမှာလား အိန်ဂျယ်.......။ အရင်နေ့တွေလို မင်းကို ကိုယ်အကြာကြီးစောင့်မျှော်နေရဦးမှာလား.......။ စောင့်ဆိုင်းရခြင်းကို ကိုယ်မုန်းလာပြီ......။

မင်းရဲ့ အတောင်ပံတစ်စုံနဲ့ ကိုယ်တစ်သက်လုံးနွေးထွေးပါရစေ...။ ဘယ်မှထွက်မသွားနဲ့တော့နော်.....။ ကိုယ့်ဆီကို အပြီးပြန်လာခဲ့ပါ အိန်ဂျယ်.......။


မိုးငွေ့



Friday, 9 March 2012

လျှပ်ပန်း.....



ထုံးစံအတိုင်း မင်း..ခဏကလေးရောက်လာတယ်............။


ကောင်းကင်က လျှပ်စီးလျှပ်လိုက်သလိုမျိုးပါပဲ.......။ ဖြတ်ခနဲ လင်းခနဲ တစ်ချက်တည်းပဲ.....။
ပြီးတော့ မိုးညိုတွေက ထစ်ချုန်းရွာချလိုက်တယ်.......။ မိုးသည်းတွေတိတ်သွားတော့ နှင်းတွေအဆက်မပြတ်ပြိုဆင်းကျလာပြန်တယ်..........။ ဘာတွေလဲ.........။ ဘာတွေလဲ...ကွယ်...။ အတားအဆီးတွေက များလှချေလား.......။

လျှပ်ပန်းလေးတစ်ခက်နဲ့ ကိုယ့်ကိုလာပြီးနှုတ်ဆက်တယ်.........။ ပြီးတော့ ပြန်ထွက်ခွာသွားတယ်........။
အချစ်စစ်ဘယ်မှာရှာတွေ့နိုင်မလဲတဲ့.......။ တခါတလေကျ အနီးဆုံးအရာတွေဟာ အဝေးဆုံးကိုရောက်နေတတ်တယ်ဆိုတာ တကယ်မှန်တယ်......။ အမှန်တကယ်တော့ မင်းရဲ့ဘယ်ဘက်အိပ်ကပ်လေးထဲမှာ.... အချစ်စစ်စစ်တွေ ပုန်းအောင်းနေတာကြာပေါ့ကွယ်......။
တစ်နေ့နေ့ကျရင်တော့ မင်းခံစားသိရှိလာနိုင်မှာပါ........။



အလွမ်းတွေကိုတောင် လွမ်းတယ်လို့ပြောရမှာ အားနာလာပြီ.......အိန်ဂျယ်....။


မိုးငွေ့